
နေပြည်တော် မတ် ၂၄
မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)တို့အကြား ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဖက်အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင် သော ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဥရောပအာရှ စီးပွားရေး ကော်မရှင်တို့က ဦးဆောင်၍ နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်းဆောင် ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Cooperation) အား လက်မှတ်ရေးထိုး နိုင်ရေးကို ဆွေးနွေးဆောင်ရွက်နေကြောင်း၊ အဆိုပါ ပူးပေါင်း ဆောင် ရွက်မှုစာချွန်လွှာတွင် နှစ်ဖက်အပြန်အလှန်အကျိုးရှိမည့် စီးပွားရေး နယ်ပယ်ကဏ္ဍများအား ရွေးချယ်၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ EAEU အဖွဲ့ဝင်နိုင်ငံများအနက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့နှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အကာအကွယ်ပေးရေး စာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင်လည်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြား သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ အလွန် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရေး ချမှတ်ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် တိုးတက်ကောင်းမွန် စေရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေး ခဲ့ပြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ဓာတ်မြေ ဩဇာ ထုတ်လုပ်ရေး ကဏ္ဍ၊ စားသုံးဆီထုတ်လုပ်ရေး ကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာ့ ပို့ကုန်များကို ဥရောပအာရှ စီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံမှ လိုအပ်သည့် ဓာတ်မြေဩဇာများ၊ ရေနံထွက်ပစ္စည်းများနှင့် လယ်ယာသုံးစက်ကိရိယာများ တင်သွင်းရေး ကိစ္စများကို ပိုမိုပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ထို့နောက် ဥရောပအာရှစီးပွားရေးကော်မရှင် (Eurasian Economic Commission-EEC)၊ အကြီးစား စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY နှင့် မြန်မာ - ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သော်(ငြိမ်း)တို့က ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် အလားအလာများကို ဆွေးနွေးကြသည်။
အဓိကပူးပေါင်းဆောင်ရွက်လိုသည့်လုပ်ငန်းစီမံကိန်း
ဆက်လက်၍ အဓိကပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများဖြစ်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သတ္တုကဏ္ဍ၊ အခြေခံအဆောက်အအုံ၊ သတင်း အချက်အလက်နှင့် ပို့ဆောင်ဆက်သွယ်ရေးနည်းပညာ၊ စက်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဥရောပအာရှ စီးပွားရေးကော်မရှင် (Eurasian Economic Commission-EEC)၊ အကြီးစား စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက် ရေး အတွင်းရေးမှူးချုပ်ရုံးအကြီးအကဲတို့က ဦးဆောင်၍ နှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဘက်မှ စီးပွားရေးကဏ္ဍ အလိုက် အစိုးရနှင့် ပုဂ္ဂလိကတာဝန်ရှိသူများက ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အခွင့်အလမ်းများ၊ ကဏ္ဍအလိုက် အဓိက ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်း များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ EAEU ဘက်မှ တက်ရောက် လာသည့် လုပ်ငန်းရှင်များကလည်း နှစ်ဖက်အပြန်အလှန် ပူးပေါင်း ဆောင်ရွက်လိုသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင် အသင်းများမှ ကိုယ်စားလှယ်များ၊ EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် စီးပွားရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌ များနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဥရောပအာရှစီးပွားရေးကော်မရှင်ဘက်မှ သက်ဆိုင်ရာ တာဝန်ရှိအကြီး အကဲများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည်။
ညပိုင်းတွင် ဆွေးနွေးပွဲတက်ရောက်လာသည့် ဥရောပအာရှစီးပွား ရေးသမဂ္ဂ (EAEU)နှင့် မြန်မာဘက်မှ ကိုယ်စားလှယ်များကို ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်