
ရန်ကုန် အောက်တိုဘာ ၁၈
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုမ္ပဏီ ၃၀ ကျော်မှ ဆန်တင်ပို့လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပပို့ကုန် ဆန်အရည်အသွေးကို စစ်ဆေးကြပ်မတ်မှုဖြင့် မြန်မာ့ဆန်အရည်အသွေးကို ထိန်းချုပ်နိုင်မှုကြောင့် ယခုနှစ်ပြည်ပသို့ ဆန်တင်ပို့မှုတွင် စိုက်ပျိုးတောင်သူ၊ စက်ပိုင်၊ ကုန်သည်နှင့် ကုမ္ပဏီများ အဆင်ပြေ သော နှစ်တစ်နှစ်အဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
ပို့ကုန်ကဏ္ဍမြင့်တက်လာ
ယခင်က ကုမ္ပဏီများစုပေါင်း၍ ပြည်ပသို့ ဆန်တင်ပို့ရာ၌ အရည်အသွေးလျော့သော ဆန်များ ရောနှော ပါဝင်တတ်မှုကြောင့် အရည်အသွေး ကောင်းတင်ပို့သောကုမ္ပဏီများ နစ်နာမှုများစွာ ကြုံတွေ့ခဲ့ရပြီး ယခုအခါ သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြပ်မတ်ဆောင်ရွက်မှုဖြင့် တင်ပို့သောဆန်အိတ် အတွင်း ကုမ္ပဏီအမှတ်တံဆိပ်ကို ထည့်သွင်းထား ခြင်း၊ ဆန်အရည်အသွေး အထူးဂရုပြုစစ်ဆေးခြင်းနှင့် ထွက်ရှိသောဆန်များမှာ ကြိတ်ခွဲမှု ကောင်းမွန် သော တန်းမြင့်ဆန်များ ဖြစ်ခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် ပြည်ပပို့ကုန်ဆန်များ အရည်အသွေးကောင်းမွန်သည့်အတွက် ဆန်တင်ပို့ မှုတွင် ပို့ကုန်ကဏ္ဍ မြင့်တက်လာခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့/ အနောက်)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးစပါးများ ထွက်ရှိပြီဖြစ်ရာ သက်ရင့်မျိုးဖြစ်သော ရတနာတိုးနှင့် မနောသုခဆန်များ ပြည်တွင်းဈေးကွက်အတွင်း အဝင် များ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဘုရင့်နောင် ဆန်စပါး ကုန်စည်ဒိုင်သို့ ဆင်းသုခနှင့် ရတနာတိုး တစ်ရက်လျှင် ဆန်အိတ်တစ်သိန်းခန့် ဝင်ရောက် လျက်ရှိသည်။ နယ်စုံမှ ထွက်ပေါ်လာသော မိုးစပါး တို့တွင် အချို့မှာ တစ်ဧကတင်းရာကျော် အထွက်နှုန်း ကောင်းခဲ့ပြီး အချို့မှာမိုးကြောင့် အထွက်နှုန်းလျော့ မှုများရှိခဲ့သော်လည်း ပျမ်းမျှအားဖြင့် တစ်ဧကလျှင် တင်း (၇၀/၈၀) ထက် မလျော့ကြောင်း သိရသည်။ သက်ရင့်စပါးဖြစ်သော မနောသုခနှင့် ရတနာတိုး စပါးကို အောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့ကာ ဥရောပ ဈေးကွက်ဝင် ကရင်မဆန်များ ဘုရင့်နောင်ကုန်စည် ဒိုင်သို့ အောက်တိုဘာလကုန်ပိုင်းတွင် လှိုင်လှိုင် ဝင်ရောက်လာမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့လျက်ရှိ
ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ဆန်စပါးသုံးပုံနှစ်ပုံကို ရန်ကုန်မြို့ ကုန်စည်ဒိုင်များ ထက် ပုသိမ်ကုန်စည်ဒိုင်သို့ တင်ပို့လျက်ရှိရာ ပြည်ပ တင်ပို့ခွင့်ရရှိထားသော ကုမ္ပဏီများအနေဖြင့် ပုသိမ် မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်ပိုင်တစ်နိုင် တိုက်ရိုက် တင်ပို့လျက်ရှိသည်။
ဈေးကွက်ခိုင်မာမှုရရှိ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆန်အဝယ်လိုက်မှုကြောင့် ဝယ်ယူသော ဆန်အမျိုးအစားများ ပြည်တွင်း ဈေးကွက်၌ အရောင်းအဝယ် ကောင်းလျက်ရှိပြီး ဝယ်ယူသွားသောဆန်အတွက် တစ်ပတ်၊ ၁၀ ရက် ငွေစောင့်ဆိုင်းရမှုမရှိဘဲ ငွေလက်ငင်းစနစ်ဖြင့် ဝယ်ယူရောင်းချနိုင်ခြင်း၊ ဆန်စပါး ရောင်းဝယ်မှုတွင် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှု အားကောင်း ခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ ခွင့်ရရှိထားသော ကုမ္ပဏီ ၃၀ ကျော်မှာ ဈေးကွက် ခိုင်မာမှုကို ရရှိလျက်ရှိသည်။
“ဒီနှစ်ဆန်တင်ပို့ရောင်းချရာမှာ ငွေလက်ငင်း ဈေးကွက်ပုံစံနဲ့ ရောင်းချရတာဖြစ်တဲ့အတွက် အားလုံးအဆင်ပြေကြတယ်။ ပြီးတော့စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ပို့ကုန် ဆန်အရည်အသွေးကို ကြပ်မတ်စစ်ဆေးတယ်။ ပို့ကုန်ဆန်အိတ်တွေမှာ ကုမ္ပဏီအမှတ်အသားကို ထည့်ပေးထားတာကြောင့် တင်ပို့တဲ့နိုင်ငံမှာ တစ်ခုခု ဖြစ်ရင် ဘယ်ကုမ္ပဏီဆိုတာသိနိုင်အောင် ဝန်ကြီး ဌာနက ဆောင်ရွက်ထားတဲ့အတွက် အရည်အသွေး ကို ထိန်းချုပ်ပြီးသား ဖြစ်စေပါတယ်။ မိုးစပါး အထွက်နှုန်းကောင်းပြီး ကြိတ်ခွဲလို့ရတဲ့ တန်းမြင့် ဆန်တွေကို ပြည်ပကိုတင်ပို့ခွင့်ရရှိတဲ့အတွက် ဒီနှစ် ဟာတောင်သူကစပြီး ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီတွေ အားလုံး အဆင်အပြေဆုံး နှစ်တစ်နှစ်လို့ဆိုရမှာပါ” ဟု ဘုရင့်နောင်ဆန်စပါး ကုန်စည်ဒိုင်မှ အတွင်း ရေးမှူး ဦးသန်းဦး က ပြောသည်။
ငွေကြေးအခက်အခဲများမရှိ
ပြည်တွင်းစပါးဈေး အစိုတင်း တစ်ရာလျှင် ငွေကျပ် ၁၀ သိန်း၊ အခြောက်တင်း တစ်ရာလျှင် ငွေကျပ် ၁၂ သိန်း ရရှိသောကြောင့် စိုက်ပျိုးတောင်သူ များအဆင်ပြေခဲ့သည်။ ပြည်တွင်း ဆန်စပါးဝယ်ယူ ခြင်းနှင့် ပြည်ပပို့ကုန်တွင်လည်း အကျိုးအမြတ် ရရှိလျက်ရှိကာ ငွေကြေးကဏ္ဍတွင် ပို့ကုန်ပစ္စည်း များ သင်္ဘောတင်ပြီးပါက ထုတ်ယူနိုင်ရန် ဘဏ် များနှင့် ချိတ်ဆက်၍ စီမံဆောင်ရွက်ထားသည်။ ယမန်နှစ်ကဲ့သို့ ငွေကြေးအခက်အခဲများ မရှိသည့် အတွက် Exporter များအနေဖြင့် ဆန်နှင့် ဆန်ကွဲကို တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဥရောပနိုင်ငံ အချို့သို့ တင်ပို့ရာ၌ အဆင်ပြေလျက် ရှိသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး