မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

 

 

နေပြည်တော် ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ် ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန စုဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပ သည်။

အခမ်းအနားတွင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသိ အမှတ်ပြုလက်မှတ်ရရှိထားသည့် လုပ်သားများ အလုပ် အကိုင်အခွင့်အလမ်းများရရှိစေရေး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နေဆဲကာလအတွင်း ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပပေးရခြင်းဖြစ် ကြောင်း၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ရာတွင်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်များတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျွမ်းကျင်လုပ်သား ၁၁၆၅ ဦး၊ ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ရေးဌာန ၁၁ ခု၊ Assessor ကိုးဦးနှင့်Inspector ၂၂ ဦး တို့ကို Online ဖြင့် ပထမဆုံးအကြိမ် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခြင်းဖြစ်ကြောင်း။

ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်မည်

NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေးဆောင်ရွက်ခဲ့ရာ ယနေ့အထိ အလုပ်အကိုင် အမျိုးပေါင်း ၃၀ အတွက် အောင်မြင်သူ ကျွမ်းကျင်လုပ်သား ၁၆၅၁၉ ဦးရှိကြောင်း၊ ယခုအခါ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်လုပ်သား ၃၀၀၀ စစ်ဆေးအကဲဖြတ်ရန် လျာထားသတ်မှတ်ထားသည့် အတွက် New Normal နှင့်ကိုက်ညီသည့် စစ်ဆေး အကဲဖြတ်မှုများကို ယခု ဇန်နဝါရီမှစတင်ပြီး ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ်အတွင်းရှိ စစ်ဆေးအကဲဖြတ်ရေးဌာနများတွင် တစ်ကြိမ်လျှင် ဖြေဆိုသူ ၂၀ သတ်မှတ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ကမ္ဘာ့အလုပ်အကိုင်လောကတွင် လုပ်ကိုင်ရမှုပုံစံများ လျင်မြန်စွာ ပြောင်းလဲလာပြီး ကာယလုပ်သားလိုအပ်ချက် ထက် ဉာဏလုပ်သားလိုအပ်ချက် များလာနိုင်သောကြောင့် အလုပ်အကိုင်အသစ်များတွင် ကျွမ်းကျင်မှုကူးပြောင်း ဆောင်ရွက်နိုင်ရန်လိုအပ်သည့် ကျွမ်းကျင်မှုအသစ်များ ကြိုတင်ဖြည့်ဆည်းထားနိုင်ရေး အပတ်တကုတ်ကြိုးပမ်း အားထုတ်ရန်လိုကြောင်း၊ လုပ်သားများအနေဖြင့် နိုင်ငံတော်မှ ဘဏ္ဍာငွေအကုန်အကျခံပြီး ဆောင်ရွက်ပေးနေသည့် ကာလတွင် မိမိတို့ ကျွမ်းကျင်မှုကို စစ်ဆေးအကဲဖြတ် အသိအမှတ်ပြုခံနိုင်ရေး အလေးထားဆောင်ရွက်စေလို ကြောင်း၊ အလုပ်ရှင်များအနေဖြင့်လည်း လုပ်သားများကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခံနိုင်ရေး ပူးပေါင်းပါဝင်စေ လိုကြောင်း၊ ယနေ့ဒစ်ဂျစ်တယ်ခေတ်တွင် လေ့လာသင်ယူ မှုများ လက်လှမ်းမီလာပြီး သင်ယူလိုစိတ်ရှိပါက အလွယ် တကူ ဝင်ရောက်လေ့လာနိုင်ရေး အဘက်ဘက်မှစီစဉ်ဖန်တီး ပေးလျက်ရှိကြောင်း၊ NSSA မှ NSSA Web Portal ကို တည်ထောင်ထားပြီး အလုပ်ရှင်များ၊ အလုပ်သမားများ အနေဖြင့် NSSA ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များကို Web Portal မှတစ်ဆင့် အချက်အလက်များ ရယူနိုင်မည် ဖြစ်ကြောင်း။

အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ လာရောက်နေထိုင်လုပ်ကိုင်မှု များပြားရသည့် အကြောင်းရင်း ဆန်းစစ်လေ့လာမှုစစ်တမ်းအစီရင်ခံစာ အရ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များသို့ ရွှေ့ပြောင်း လာသည့် အလုပ်သမားများတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ အများဆုံး ရွှေ့ပြောင်းလာရောက်ကြကြောင်း၊ အမျိုးသမီး ရွှေ့ပြောင်းလုပ်သား၅၀ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ လုပ်သား အများစုသည် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ပြီးမြောက်သူ များကြောင်း၊ အထည်အလိပ်နှင့် အထည်ချုပ် ဆိုင်ရာလုပ်ငန်းများတွင် လုပ်ကိုင်သူများကိုတွေ့ရှိရ သဖြင့် အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ယခု ကိုဗစ်-၁၉ ကာလအတွင်း အထည်ချုပ်စက်ရုံ၊ အလုပ်ရုံအချို့တွင် အလုပ်သမား လျှော့ချမှုများရှိရာ လျှော့ချခံရသော အလုပ်သမားများအတွက် ယခုကာလ အတွင်း အထည်ချုပ်ကျွမ်းကျင်မှုသင်တန်းများ တက်ရောက် နိုင်ရေးစီစဉ်ခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာ စိစစ်အကဲဖြတ် ခံယူ၍ အထည်ချုပ်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ရယူထားခြင်းများဆောင်ရွက် ထားရန်လိုကြောင်း၊ မြန်မာ့စီးပွားရေးကုစားမှုနှင့် ပြန်လည် ထူထောင်ရေး အစီအမံနှင့်အတူ ပေါ်ပေါက်လာမည့် အလုပ် အကိုင်အခွင့်အလမ်းများအတွက် အဆင်သင့်ဖြစ်နေစေရေး ကိုလည်း အလုပ်သမားများ၊ အလုပ်ရှင်များ၊ ဖွံ့ဖြိုးရေး မိတ်ဖက်များ၊ ဆက်စပ်ဝန်ကြီးဌာနများက ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း။

ကြိုတင်သုတေသနပြု

အနာဂတ်အလုပ်အကိုင်သစ်များတွင် Green Economy ကို အထောက်အပံ့ဖြစ်စေသော Green Skills များ၊ New Skills များပါဝင်သော အချိန်နှင့်အမျှ ပြောင်းလဲ တိုးတက်နေသည့် ခေတ်သစ် ဒစ်ဂျစ်တယ်နည်းပညာများနှင့် ယှဉ်တွဲနေသော အလုပ်အကိုင်များ၊ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများမှ ဝင်ရောက်လာသော အလုပ်အကိုင်များ၊ ကျွမ်းကျင်မှုကွာဟချက် ကြိုတင်သုတေသနပြုပြီး သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဖော်ထုတ်သတ်မှတ် နိုင်ရေး လျာထားဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပုံစံသစ်ပြောင်းလဲ ဆောင်ရွက်နေသည့် လက်ရှိကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလများတွင် ကျွမ်းကျင်လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး NSSA က အသိအမှတ်ပြုပေးသည့် အလုပ်အကိုင် အလိုက် အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များကို လုပ်သားများအား ပိုမိုပေးအပ်နိုင်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး (ဝဲပုံ)၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက အသိအမှတ်ပြုလက်မှတ်ရရှိသည့် Assessor များ၊ Assessment Center များမှ ကိုယ်စားလှယ် များ၊ အသိအမှတ်ပြုလက်မှတ်ရရှိသည့် ကျွမ်းကျင် လုပ်သားများ၏ ကိုယ်စားလှယ်များကို အသိအမှတ်ပြု လက်မှတ်များ ပေးအပ်သည်။

ဆက်လက်၍ Inspector အသိအမှတ်ပြုလက်မှတ် ရရှိသူများကိုယ်စား အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က NSSA နှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အလုပ်ရှင်ကိုယ်စားလှယ်နှင့် ဖြေဆိုအောင်မြင်ခဲ့သည့် လုပ်သားများကိုယ်စား လုပ်သားကိုယ်စားလှယ်တို့က ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားသို့ NSSA မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီနှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီမှ တာဝန်ရှိသူများ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများမှ တာဝန်ရှိသူ များ၊ အသိအမှတ်ပြုလက်မှတ်ရယူကြမည့် Inspector များ၊ Assessor များ၊ စစ်ဆေးအကဲဖြတ်ရေးဌာနများနှင့် ကျွမ်းကျင်လုပ်သားများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်