
နေပြည်တော် ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာ အသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-II)၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများ မှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌနှင့် ကွန်ပျူတာအသင်းများမှ တာဝန်ရှိသူများ၊ အိုင်စီတီ နှင့် ဒစ်ဂျစ်တယ်လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်တို့က အခမ်း အနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ပြခန်းများလှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ခင်းကျင်းပြသထား သည့် ကွန်ပျူတာနည်းပညာပြခန်းများကို ပြခန်း တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက ပြခန်းအလိုက် ရှင်းလင်းတင်ပြကြသည်။
ဖျော်ဖြေတင်ဆက်
ယင်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်း ကို Plenary Hall ၌ ဆက်လက်ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်း အနားကို Digital နည်းပညာအသုံးပြု၍ ဖွင့်လှစ်ပေး သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်နှင့် ကွန်ပျူတာအသင်းများသည် ၁၉၉၆ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေ နှင့်အညီ ၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခု အခါနှစ်ပေါင်း ၂၅ နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း။
ချီးကျူးဂုဏ်ပြု
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ကို ပညာရှင် အသင်း၊ လုပ်ငန်းရှင်အသင်း၊ ဝါသနာရှင်အသင်းတို့ ကို အခြေပြုပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် အဆင့်ဆင့် ဖွဲ့စည်းထားရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ ဖွဲ့စည်းခဲ့သည့် ၁၉၉၈ ခုနှစ်မှ ယနေ့အထိ ၂၅ နှစ်တာကာလအတွင်း နိုင်ငံတော်၏ သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးကို စွမ်းစွမ်းတမံ ပူးပေါင်းကြိုးပမ်းပါဝင်ဆောင် ရွက်ခဲ့ကြသည့်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားကိုလည်း “ဒစ်ဂျစ်တယ် မြန်မာသို့ (Towards Digital Myan-mar)”ဟူသည့်ဆောင်ပုဒ်နှင့်ကျင်းပခြင်းဖြစ်သဖြင့် နိုင်ငံတော်၏ လက်ရှိဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များနှင့် လိုက်လျော ညီထွေရှိပြီး လုပ်ငန်းစဉ်များကို များစွာအထောက် အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ဒစ်ဂျစ်တယ်စီးပွားရေးဘဝများထူထောင်
ယနေ့ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာနှင့် လွှမ်းခြုံလည်ပတ်လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ သိပ္ပံ နှင့်နည်းပညာ တိုးတက်မြင့်မားလာသည်နှင့်အမျှ နယ်ပယ်ကဏ္ဍအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာ ကို အသုံးချပြီး အခွင့်အလမ်းများရယူလျက်ရှိနေကြ ပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် မျက်နှာစာအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်အောင် အသုံးချနိုင်သည့် နိုင်ငံများတိုးတက် အောင်မြင်နေကြသည်ကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ မျက်မှောက်ကာလတွင် ဒစ်ဂျစ်တယ် နည်းပညာဖြင့် အရာရာကို ဖန်တီးနေနိုင်ပြီဆိုသည်ကို သတိပြုမိကြရန်နှင့် မိမိတို့နိုင်ငံအနေဖြင့်လည်း ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန်၊ နောက်ကျမကျန်ရစ် စေရန်၊ ဒစ်ဂျစ်တယ်လူမှုဘဝ၊ ဒစ်ဂျစ်တယ်စီးပွားရေး ဘဝများကို ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေး အတွက် “e-Government ဦးဆောင်ကော်မတီ” ကို ဖွဲ့စည်းထားပြီး ဦးဆောင်ကော်မတီကချမှတ်ထား သည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင် ရေးအတွက် “ e-ID စနစ်လုပ်ငန်းကော်မတီ” ၊ “e- Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ” တို့ကို ပြင်ဆင်ဖွဲ့စည်းဆောင် ရွက်လျက်ရှိပါကြောင်း။
ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု
နိုင်ငံတော်အတွက် အခြေခံကျပြီး အရေးကြီးဆုံး လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီကို ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုပြီး Unique ID ( UID ) တစ်ခုစီနှင့် မှတ်ပုံတင်ထားရှိရေး e-ID စနစ်ကို ကူးပြောင်းနိုင်ရေးအတွက် National Database စနစ် တည်ဆောက်ရေး ဦးဆောင် ကော်မတီကို ဖွဲ့စည်းခဲ့ပြီး လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင်လည်း Computer-Assisted Personal Interviewing(CAPI)စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပါကြောင်း။
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများ ဆောင်ရွက်နေ
နိုင်ငံတော်အနေဖြင့်လည်း တီထွင်ဖန်တီးမှု စွမ်းရည်ကို မြှင့်တင်ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများ ဆောင်ရွက်နေ ပြီဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ဖွံ့ဖြိုးတိုးတက်စေပြီး ပြည်သူတို့၏လူမှုစီးပွားဘဝကို တိုးတက်အောင် ဆောင်ရွက်ရန်ဆိုသည့် မျှော်မှန်း ချက်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee - DEDC)ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါကြောင်း။
ဒစ်ဂျစ်တယ်နည်းပညာကို နိုင်ငံအတွင်း ကျေးလက်ဒေသများပါမကျန် နေရာဒေသမရွေး အသုံးပြုနိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် ဆက်သွယ် ရေးကွန်ရက်များ ဖြန့်ကြက်ထားရှိပြီး ဖြစ်ပါကြောင်း၊ဆက်သွယ်ရေးကွန်ရက်များ ပိုမိုဖြန့်ကြက်လာနိုင် သည်နှင့်အမျှ တိုးတက်လာသည့် သတင်းအချက် အလက်နည်းပညာများနှင့်အတူ Facebook ၊ Youtube ၊ Telegram စသည့် ဆိုရှယ်မီဒီယာ အသုံး ပြုမှုများလည်း များပြားလာသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆိုရှယ်မီဒီယာများကို အသုံး ပြုကြသည့်နေရာတွင် စနစ်တကျ အကျိုးရှိရှိ အသုံးချနိုင်ရန်အရေးကြီးပါကြောင်း၊ မိမိတို့၏ အသုံးပြုမှု သည် အခြားသူကိုထိခိုက်နစ်နာမှုများ မဖြစ်စေရေး၊ အထူးသဖြင့် နိုင်ငံတော်၏ အမျိုးသားစရိုက်လက္ခဏာ၊ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်၏ အကျိုးစီးပွား ကို ထိခိုက်မှုမဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း။
ဆက်လက်ပူးပေါင်းဆောင်ရွက်
ဒစ်ဂျစ်တယ်ရေစီးကြောင်းသည် ယနေ့ကာလ တွင် တန်ဖိုးရှိသည့် သတင်းအချက်အလက်များ သိုမှီးရာနေရာဖြစ်သကဲ့သို့ အလိမ်အညာများ၊ မသေချာ မရေရာမှုများနှင့် ပြည့်နှက်နေသည့် သတင်းအချက်အလက်များ စွန့်ပစ်ရာနေရာဖြစ်နေ သည်ကိုလည်း သတိပြုကြရမည်ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာများကို အန္တရာယ်ကင်းစွာ စနစ်တကျ အသုံးပြုနိုင်ရန်အတွက် သုံးစွဲသူ တစ်ဦး ချင်းတွင် လုံလောက်သည့် အသိပညာဗဟုသုတ ရှိရန်လိုအပ်သကဲ့သို့ စောင့်ထိန်းရမည့် ကျင့်ဝတ် စည်းကမ်းများကိုလည်း လိုက်နာကြရန်နှင့် ဥပဒေ ပိုင်းအရလည်း လိုအပ်သည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ ပြဋ္ဌာန်းပေးရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ပြည်သူများ၏ သတင်းနည်းပညာ လုံခြုံစိတ်ချရမှုကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ထိန်းသိမ်းနိုင်ရန် အတွက် အဆင့်ဆင့်ဖွဲ့စည်းထားသည့် အဖွဲ့အစည်း များမှတစ်ဆင့် အများပြည်သူကို အသိပညာများ ပေးခြင်းနှင့် လိုအပ်သည့်ဥပဒေများ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ထုတ်ပြန်ခြင်း လုပ်ငန်းစဉ်များတွင် လည်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးသွားကြရန်ကို လည်း တိုက်တွန်းမှာကြားလိုပါကြောင်း။
နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်စေရေး
ယနေ့ကမ္ဘာတွင် ဒီဂျစ်တယ်နည်းပညာသည် တစ်ဟုန်ထိုး တိုးတက်နေခြင်းဖြစ်သဖြင့် မိမိတို့နိုင်ငံ ကျန်နေခဲ့ရန် မဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနား ၏ ဆောင်ပုဒ်ဖြစ်သည့် “ဒစ်ဂျစ်တယ်မြန်မာသို့ (Towards Digital Myanmar)” ဆောင်ပုဒ်နှင့်အညီ ဒစ်ဂျစ်တယ်မြန်မာဖြစ်ပေါ်လာစေရေး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအားလုံးတွင် ဒစ်ဂျစ်တယ်နည်းပညာကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် မြှင့်တင်နိုင် ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိအောင်ဆောင်ရွက်နိုင်စေရန် အရှိန်အဟုန် မြှင့်တင်ကြိုးစားကြရန် လိုအပ်သည်ဟု တိုက်တွန်း မှာကြားလိုပါကြောင်း။
ယနေ့လက်ရှိ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချနိုင်ရန်အတွက် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်မနေ လိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အဆိုပါ လိုအပ်ချက်ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက် ပေးနေခြင်းရှိသကဲ့သို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာအသင်းများကလည်း ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါ ကြောင်း၊ ထိုသို့ နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍတို့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှသာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်နိုင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး ဖြစ်လာ နိုင်မည်ဖြစ်ပါကြောင်း။
ယနေ့ကျင်းပသည့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာအသင်းများအနေဖြင့် ငွေရတုနှစ်ပတ်လည်ကာလမှ အနာဂတ်ကာလ တစ်လျှောက်လုံးတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို မိမိတို့ကျွမ်းကျင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ပြီး အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမှာစကား ပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က လက်ရှိ ICT ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကျွန်ပျူတာအသင်းများ၏ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ “၂၅ နှစ် ခရီးမှတ်တမ်း” ဗီဒီယိုကို ကြည့်ရှုကြသည်။
ဆုများပေးအပ်ချီးမြှင့်
ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်းပြည်ပ ICT ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်