
နေပြည်တော် ဒီဇင်ဘာ ၁၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်း တွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သော “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက် သည်။
အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး သည် လူမှုစီးပွားဘဝ စည်ပင်ဖွံ့ဖြိုးရေးအတွက် အလေးထားဆောင်ရွက်ရမည် ဖြစ်သည့်အပြင် ရေရှည်တည်တံ့ခိုင်မြဲရန် အထူးလိုအပ်ကြောင်း၊ ၂၀၁၉ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်း ပိုင်းတို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ပျံ့နှံ့ဖြစ်ပွား ခဲ့ရာ လုပ်ငန်းများ ပြန်လည်ရှင်သန်လာစေရန် လမ်းပြမြေပုံရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြောင်းလဲလာသည့် အခြေအနေများနှင့်အညီ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများသာမက တက္ကသိုလ်နှင့် ကောလိပ်များမှ ဘာသာရပ်ဆိုင်ရာ အတတ်ပညာရှင်များပါဝင်၍ စီမံကိန်းတစ်ရပ်ကို ယခုကပင် ကြိုတင်မျှော်မှန်း ရေးဆွဲထားကြရန် လိုအပ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရလဒ် ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါ ကြောင်း၊ စီမံကိန်းမူကြမ်းကို ဆန်းစစ်ပြင်ဆင်ပြီး ဒေသအဆင့်မှ အကြံပြုချက်တောင်းခံပေါင်းစပ် ဆောင်ရွက်ပြီးနောက် အမျိုးသားအဆင့် ခရီးသွား လုပ်ငန်း ဗဟိုကော်မတီသို့ တင်ပြ၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူမည်ဖြစ်ကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် အခြေခံမူ၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ လေ့လာဆန်းစစ်ချက်၊ မဟာဗျူဟာ၊ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အချိန်ကာလ၊ ဘတ်ဂျက် စသည်တို့အပြင် ကြီးကြပ်ထိန်းသိမ်းမှုနှင့် အကောင်အထည်ဖော်ဆောင်မှု အဆင့်လိုက်အပေါ် ဆန်းစစ်ဖော်ထုတ်ချက်တို့ ထည့်သွင်းရေးဆွဲကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးခိုင်ဦးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးစီမံချက်ရေးဆွဲနိုင်ရေးအတွက် နိုင်ငံတော်နှင့် ဝန်ကြီးဌာနတို့က ရေးဆွဲထားသည့် စီမံကိန်းများ၏ ရည်မှန်းချက်များ၊ မဟာဗျူဟာများနှင့် ရေတို၊ ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်ချက်များ ကို ဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အကြီးတန်းအကြံပေးအရာရှိ ဒေါ်ကြည် ကြည်အေးက နိုင်ငံတကာအဖွဲ့အစည်းများ၏ စံသတ်မှတ်ချက်များနှင့် လေ့လာချက်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စနစ်တကျစီမံခန့်ခွဲရေး၊ အစိုးရ−ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ Digital စနစ် အပါအဝင် ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး နှင့် နိုင်ငံပုံရိပ်မြှင့်တင်ရေးနှင့် လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်ရေးနှင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင် ရေး စသည့် ခေါင်းစဉ် (၄) ခုဖြင့် အဖွဲ့လိုက် စားပွဲဝိုင်း ဆွေးနွေးကြပြီး အဖွဲ့(၄) ဖွဲ့ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးပွဲများ ပြုလုပ်ကြရာ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲ၏ သဘာပတိ ညွှန်ကြားရေးမှူး၊ ဦးမျိုးမြင့်က အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များအပေါ် အကျဉ်းချုပ် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးကြသူများနှင့် အဖွဲ့လိုက်ကိုယ်စားပြု သူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနတာဝန်ခံများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ခရီးသွားလုပ်ငန်းအသင်းအဖွဲ့ များမှ တာဝန်ရှိသူများ၊ အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်နှင့် မန္တလာတက္ကသိုလ်တို့မှ ဆရာ/ ဆရာမ များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများနှင့် တာဝန်ရှိသူများက Online မှ ပါဝင်တက်ရောက်ကြကြောင်း သိရ သည်။
သတင်းစဉ်