မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားဘူမိဥယျာဉ် (Myanmar National Geopark)

Type
1

 

ကျော်နိုင်ဦး (ပတ်ဝန်းကျင်)

ဘူမိဥယျာဉ်(Geopark)ဆိုတာ ကမ္ဘာပေါ်မှာ တစ်မူထူးခြားထင်ရှားတဲ့ ဘူမိဆိုင်ရာ သွင်ပြင်လက္ခဏာတွေ၊ ဇီဝမျိုးစုံမျိုးကွဲတွေ၊ ယဉ်ကျေးမှုရိုးရာဓလေ့နဲ့ ရှေးဟောင်းအမွေအနှစ်တွေ စုစည်းတည်ရှိတဲ့ နေရာဒေသတစ်ခု ဖြစ်ပါတယ်။ ဘူမိဥယျာဉ်ထဲမှာဆိုရင် သဘာဝအခြေခံခရီးသွားလုပ်ငန်းနဲ့ ဘူမိဆိုင်ရာ ခရီးသွားလုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ အသိပညာပေးအစီအစဉ်တွေနဲ့ သုတေသနလုပ်ငန်းတွေ စတာတွေပါဝင်မှာဖြစ်ပြီး အဲဒီဒေသရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ခြုံငုံထည့်သွင်းစဉ်းစားကာ စီမံအုပ်ချုပ်ထားတဲ့ နယ်မြေတစ်ခုဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့အကြောင်းနဲ့ အင်မတန်ကျယ်ပြန့်လှတဲ့ သိပ္ပံနဲ့ဝိဇ္ဇာပညာရပ်ဆိုင်ရာ အခြေခံအကြောင်းအရာတွေ ပေါင်းစုထားရာ နေရာဒေသတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark)အဖြစ် သတ်မှတ်ခံနိုင်ဖို့ ထူးခြားတဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့  မြန်မာနိုင်ငံအလယ်ပိုင်းက ပုပ္ပားတောင်ဒေသကို ယူနက်စကိုသို့မတင်ပြမီ မြန်မာ့ပထမဆုံး အမျိုးသားအဆင့် ဘူမိဥယျာဉ် (Myanmar National Geopark)အဖြစ် သတ်မှတ်ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ဘူမိဥယျာဉ် ဖွဲ့စည်းတည်ထောင်ခြင်း၏ 
ရည်ရွယ်ချက်
ဘူမိဥယျာဉ်(Geopark)ဖွဲ့စည်းတည်ထောင် ရခြင်းရဲ့    ရည်ရွယ်ချက်တွေ    များစွာရှိတဲ့အနက်  အဓိက    ရည်ရွယ်ချက်တွေကတော့    နံပါတ်(၁) အနေနဲ့  ထူးခြားတဲ့  ဘူမိအမွေအနှစ်တွေ၊  ဘူမိ သွင်ပြင်အနေအထားတွေ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဇီဝမျိုးစုံမျိုးကွဲတွေ၊ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင် စတာတွေကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ နံပါတ်(၂)အနေနဲ့ကတော့ ပတ်ဝန်းကျင်လေ့လာရေးနဲ့     သုတေသနပြုရေး လုပ်ငန်းတွေကနေတစ်ဆင့်  မျိုးဆက်သစ်လူငယ် တွေဟာ   လူသားတွေကြောင့်  ဖြစ်ပေါ်လာရတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို  ပိုမိုသိရှိလာပြီး  သဘာဝပတ်ဝန်းကျင်ကို  ထိန်းသိမ်းစောင့်ရှောက် လိုစိတ်တွေဖြစ်ပေါ်လာစေဖို့၊  နံပါတ်(၃)  အနေနဲ့ ကတော့     ဒေသခံလူမှုအဖွဲ့အစည်းတွေအကြား ပူးပေါင်းညှိနှိုင်း  ဆောင်ရွက်တတ်တဲ့  အလေ့အထ ကောင်းတွေရရှိလာပြီး  ခရီးသွားလုပ်ငန်း  ပိုမို တိုးတက်လာတာနဲ့အမျှ ဒေသခံပြည်သူတွေအနေနဲ့ လည်း စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေ ပိုမို ရရှိနိုင်စေဖို့၊ နံပါတ်(၄) အနေနဲ့ကတော့ နိုင်ငံတကာ မှာရှိတဲ့  ဘူမိဥယျာဉ်တွေနဲ့  ချိတ်ဆက်ပူးပေါင်း လာနိုင်ပြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးအတွက်  အထောက်အကူပြုဖို့  စတာတွေပဲ ဖြစ်ပါတယ်။
ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ဘူမိဥယျာဉ်များ
ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ဘူမိဥယျာဉ် ဖြစ်ဖို့ဆိုရင်  အပြည်ပြည်ဆိုင်ရာ  အရေးကြီးတဲ့ ဘူမိဗေဒသုတေသန လုပ်နိုင်တဲ့အဆင့်ထိအောင် ရှိတဲ့   ကျောက်ဆောင်   ကျောက်သားနဲ့   မြေပြင် အနေအထားတွေ၊ ထူးထူးခြားခြား သုတေသန လုပ်နိုင်တဲ့  ရှေးဟောင်းအမွေအနှစ်တွေ၊  ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဘူမိခရီးသွားလုပ်ငန်း တွေ၊    သဘာဝအခြေခံ   ခရီးသွားလုပ်ငန်းတွေ  ရှိရမှာဖြစ်ပြီး    အဲဒါတွေကို   ထိန်းသိမ်းရင်းနဲ့  တိုးတက်မှုရှိအောင်လုပ်ဆောင် သွားရမှာပဲ ဖြစ်ပါ တယ်။   ၂၀၂၃  ခုနှစ် မေလအထိ  ကမ္ဘာပေါ်က နိုင်ငံပေါင်း  ၄၆  နိုင်ငံမှာ  ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ဘူမိဥယျာဉ်ပေါင်း  ၁၇၇ ခုရှိပြီး အာဆီယံ နိုင်ငံတွေဖြစ်တဲ့   မလေးရှား၊    အင်ဒိုနီးရှားနဲ့  ထိုင်းနိုင်ငံတွေမှာလည်း  ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ဘူမိဥယျာဉ်တွေ   တည်ရှိပါတယ်။  ဘူမိ ဥယျာဉ်တွေ  စတင်တည်ထောင်ခဲ့တဲ့ နိုင်ငံကတော့  တရုတ်နိုင်ငံဖြစ်ပြီး  ၂၀၂၂  ခုနှစ် စာရင်းများအရ   တရုတ်နိုင်ငံမှာ   ယူနက်စကို  အသိအမှတ်ပြု  ကမ္ဘာ့ဘူမိဥယျာဉ် ၄၁ ခုအထိ ရှိလာပြီး အရေ အတွက်အများဆုံးရှိတဲ့       နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့    မြန်မာနိုင်ငံမှာလည်း    ကမ္ဘာ့ ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ဖို့ ထူးခြားဆန်းပြားတဲ့ သဘာဝပြကွက်တွေ၊      အလှအပတန်ဖိုးတွေနဲ့ ပြည့်နှက်နေတဲ့  နေရာဒေသ များစွာတည်ရှိနေပါ တယ်။  ဒါတွေကို ဖော်ထုတ်ပြီး အမျိုးသားအဆင့်မှ  ကမ္ဘာ့အဆင့်အထိရောက်အောင်  နိုင်ငံတော်အစိုးရ၊  ဒေသခံများ၊ ပရဟိတအဖွဲ့များ၊ လူမှုအသင်းအဖွဲ့ များ၊ စီးပွားရေးလုပ်ငန်းရှင်များက စိတ်ပါဝင်စားမှု အပြည့်အဝနဲ့ ပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။
ပထမဆုံး အမျိုးသားအဆင့် ဘူမိဥယျာဉ်ဖြစ်လာမယ့် ပုပ္ပားတောင်ဒေသ
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းရဲ့ လေ့လာတွေ့ရှိ ချက်တွေအရ  ကျွန်တော်တို့နိုင်ငံမှာ  ဘူမိဥယျာဉ် အဖြစ်    သတ်မှတ်ဖွဲ့စည်း    တည်ထောင်လို့ရတဲ့ နေရာဒေသတွေ များစွာရှိတဲ့အနက် ထင်ရှားတဲ့ ၁၀ နေရာကတော့ ခါကာဘိုရာဇီတောင်၊ ပူတာအိုဒေသ၊ အင်းတော်ကြီးကန်၊ အင်းလေးကန်၊ တွင်းတောင်၊ ပုပ္ပား၊ ပင်းတယဂူ၊ မာန်အောင်ကျွန်း၊ ဘီလူးကျွန်းနဲ့  ဇွဲကပင်တောင်  စတာတွေဖြစ်ပြီး  အဲဒီအထဲမှာ ပုပ္ပားတောင်ဒေသဟာ  ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) ဖြစ်လာဖို့ အလားအလာအရှိဆုံး နေရာ တစ်ခုဖြစ်ပါတယ်။ ပုပ္ပားတောင်ဒေသဟာ လမ်းပန်း ဆက်သွယ်ရေးအလွန်ကောင်းမွန်ပြီး    ခရီးသွား လုပ်ငန်းတွေ   ထွန်းကားတဲ့    ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေနဲ့လည်း ခရီးမိုင်နီးကပ်ပြီး လမ်းသင့်ပါတယ်။ ကျောက်ပန်းတောင်းမြို့ရဲ့ အရှေ့  မြောက်ဘက် ၁၀ မိုင်ခန့်သာ ခရီးကွာဝေးပါတယ်။ ဒါ့အပြင် ရာသီဥတု အင်မတန်သာယာပြီး ဇီဝမျိုးစုံ  မျိုးကွဲလို့ခေါ်တဲ့ သဘာဝတောရိုင်းအပင်နဲ့ တိရစ္ဆာန် တွေ၊ ပရဆေးဖက်ဝင်အပင်တွေ၊ အမျိုးမျိုးသော  သစ်ခွပင်တွေ၊   မြန်မာနိုင်ငံရဲ့   ဒေသရင်းမျိုးစိတ် မျောက်မြီးရှည်တွေနဲ့ ရှားပါးမျိုးစိတ်တွေ စုံလင်စွာ တည်ရှိလို့   နေပါတယ်။    သဘာဝအလျောက် တည်ရှိနေတဲ့ စိမ့်စမ်းရေထွက်နေရာပေါင်း ၁၀၀ ဝန်းကျင်ခန့်ရှိပြီး  ဒေသနေ  ပြည်သူလူထုအား ရာသီမရွေးသောက်သုံးရေ ထောက်ပံ့ပေးလျက်ရှိ ပါတယ်။ ပုပ္ပားတောင်ဟာ မြန်မာနိုင်ငံမှာ အလွန် ထင်ရှားလှတဲ့ မိရိုးဖလာ နတ်ကိုးကွယ်မှုတွေရှိနေပြီး နတ်တို့ပျော်စံရာ အထင်ကရဌာနကြီး ဖြစ်တဲ့အပြင်  ထူးခြားတဲ့စေတီပုထိုး၊  နတ်ကွန်းနတ်နန်းတွေနဲ့  ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေ၊ ယဉ်ကျေးမှု အမွေ အနှစ်တွေ   ထုံမွှမ်းရာဒေသလည်း  ဖြစ်ပါတယ်။ ပုပ္ပားနဲ့ပတ်သက်ပြီး  ခေတ်အဆက်ဆက် စာပေ ပညာရှင်တွေ  ရေးဖွဲ့သီကုံးထားတဲ့  ကဗျာတွေ၊ စာပေတွေနဲ့ ပြည်တွင်း ပြည်ပ သုတေသနပြုလုပ် ထားတဲ့ စာကောင်းပေမွန်တွေ လေ့လာမဆုံးနိုင် အောင်လည်းရှိပါတယ်။  ဒါတင်မက  ပုပ္ပားတောင် ဥယျာဉ်ဟာ  မြန်မာနိုင်ငံမှာ  အစိုးရတရားဝင် အသိအမှတ်ပြု သဘာဝထိန်းသိမ်းရေးနယ်မြေ ၄၃ ခု  ရှိတဲ့အထဲက  တစ်ခုအပါအဝင်ဖြစ်ပြီး  ၁၉၈၉ ခုနှစ်ကတည်းက ပုပ္ပားတောင်အမျိုးသားဥယျာဉ် (Popa  Mountain  National  Park)  အဖြစ် သတ်မှတ်ထားခဲ့တဲ့ ထင်ရှားတဲ့နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်က ပုပ္ပားဒေသရှိ  မီးတောင်ဟောင်းဟာ အပြည်ပြည်ဆိုင်ရာအဆင့်အထိအရေးပါတဲ့    ဘူမိဆိုင်ရာအချက်အလက် အထောက်အထားတွေ များစွာတည်ရှိနေတဲ့ ရေခံ မြေခံကောင်းတဲ့    နေရာဒေသတစ်ခု   ဖြစ်လို့နေ ပါတယ်။ 
ပုပ္ပားတောင်ဒေသရှိ ဘူမိရှုထောင့်နယ်မြေနေရာ(Geosite)များ 
ပုပ္ပားတောင်ဒေသကို အမျိုးသားအဆင့် ဘူမိ ဥယျာဉ်အဖြစ် စတင်နိုင်ဖို့ အဲဒီဒေသဝန်းကျင်မှာ လေ့လာစရာ၊ စိတ်ဝင်စားစရာကောင်းတဲ့ Geosite  လို့ခေါ်တဲ့  ဘူမိရှုထောင့်နယ်မြေနေရာလေးတွေ  ရှာဖွေဖော်ထုတ်သတ်မှတ်သွားရမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း အနေနဲ့  သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ပုပ္ပား တောင်ဒေသကို အကြိမ်ပေါင်းများစွာ သွားရောက်  ကွင်းဆင်းပြီး ဘူမိရှုထောင့်နယ်မြေ(Geosite)တွေ ကို ကနဦးကွင်းဆင်း ဖော်ထုတ်ခဲ့ရာမှာ ယနေ့အထိ Geosite နေရာပေါင်း ၁၁၀ ကျော် ရှာဖွေဖော်ထုတ် နိုင်ခဲ့ကြပြီးဖြစ်ပါတယ်။ အဲဒီအထဲမှာမှ သစ်တော ဦးစီးဌာနက စီမံခန့်ခွဲထားတဲ့ နယ်မြေအတွင်းမှာ ကျရောက်တဲ့ Geosite ပေါင်း ၁၅ နေရာနဲ့ ပုပ္ပား တောင် ဒေသကို အမျိုးသားအဆင့်ဘူမိဥယျာဉ်အဖြစ် စတင်သတ်မှတ်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ အဲဒီလို  ရွေးချယ်ထားတဲ့ ဘူမိရှုထောင့်နယ်မြေနေရာလေး တွေမှာ မီးတောင်ကျောက်တွေ၊ ချော်ကျောက်တွေ၊ အင်ကြင်းကျောက်တွေ၊ ကျောရိုးရှိသတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ ရှေးဟောင်းဆင်တွေရဲ့  မေးရိုးနဲ့သွားတွေ၊ သစ်ပင်နဲ့ သတ္တဝါအမျိုးမျိုးတို့ရဲ့  ကျောက်ဖြစ်ရုပ်ကြွင်းမျိုးစုံနဲ့ အရိုးစုတွေ၊ အမျိုးစုံ လှတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို တွေ့ရှိ လေ့လာနိုင်မှာ ဖြစ်တဲ့အပြင် ဒေသခံတွေရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကိုလည်း  လေ့လာတွေ့မြင်နိုင်မှာဖြစ် ပါတယ်။ ဒါတွေဟာ အတိတ်ရဲ့ပထဝီ၊ အတိတ်ရဲ့ သမိုင်းကြောင်းနဲ့   အတိတ်ရဲ့ရာသီဥတုတွေဖြစ်တဲ့  အပြင် အတိတ်ကာလတုန်းကရှိခဲ့တဲ့ ရိုးရာဓလေ့နဲ့  ယဉ်ကျေးမှု အဆင့်အတန်းတွေကိုပါ ဖော်ညွှန်းပြသ ကြမှာဖြစ်ပါတယ်။


ပုပ္ပားတောင် ဘူမိဥယျာဉ် ဖြစ်ပေါ်လာစေဖို့ ဆောင်ရွက်ချက်များ 
ပုပ္ပားတောင်ဒေသကို ကမ္ဘာ့အဆင့် ဘူမိဥယျာဉ် အဖြစ် သတ်မှတ်နိုင်ဖို့ ယူနက်စကိုအဖွဲ့ကို အမည်  စာရင်းသွင်း   အဆိုမပြုခင်မှာ   အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ရှေးဦးစွာ သတ်မှတ်ဖွဲ့စည်းရမှာ  ဖြစ်ပါတယ်။ အဲဒီကိစ္စရပ်တွေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့  မြန်မာနိုင်ငံ         ဘူမိသိပ္ပံအသင်းတို့ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့   ပြည်ထောင်စုဝန်ကြီးက   ဥက္ကဋ္ဌ အဖြစ်  တာဝန်ယူဆောင်ရွက်တဲ့  အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီကို ဖွဲ့စည်းထားပြီး  အဲဒီကော်မတီအနေနဲ့    လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွေကို   ခေါ်ယူကျင်းပဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့     ဒုတိယဝန်ကြီး (ပတ်ဝန်းကျင်နှင့်သစ်တော)နဲ့       ဒုတိယဝန်ကြီး (သတ္တု)တို့က    ဥက္ကဋ္ဌများအဖြစ်နဲ့    တာဝန်ယူ ဆောင်ရွက်နေတဲ့       ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်း ကော်မတီကို   ဖွဲ့စည်းထားရှိပြီး    အဲဒီကော်မတီ အနေနဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွေကိုလည်း ကျင်းပဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။ ဘူမိဥယျာဉ် အဆိုပြုလွှာ  ပြုစုခြင်းဆိုင်ရာ  နည်းပညာလုပ်ငန်း အဖွဲ့ကို   ဖွဲ့စည်းထားရှိပြီး    အဆိုပြုလွှာတွေ အပြီးသတ်    ပြုစုရေးသားထားပြီးဖြစ်ပါတယ်။ မြေပြင်လုပ်ငန်းတွေ     ဆောင်ရွက်တဲ့နေရာမှာ ဘာသာရပ်ပေါင်းစုံ ပါဝင်နေတဲ့အတွက်  သစ်တော ဦးစီးဌာန၊   ရန်ကုန်တက္ကသိုလ်   ဘူမိဗေဒဌာန၊ ဘူမိဗေဒလေ့လာရေးနှင့်    ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန၊  ပုပ္ပားတောင်ချစ်သူများအသင်းတို့ပါ ပူးပေါင်းဆောင်ရွက်ကြပါတယ်။ 
နိဂုံး
ကျွန်တော်တို့နိုင်ငံမှာ အခုလို ဘူမိဥယျာဉ်ကြီး တွေ ဖွဲ့စည်းပေါ်ပေါက်လာနိုင်တဲ့အခါ နိုင်ငံတော်ရဲ့ အဖိုးမဖြတ်နိုင်အောင်  တန်ဖိုးကြီးမားလှတဲ့  ရေ၊ မြေ၊ လေ၊ ရာသီဥတုဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာအကြောင်း  အချက်တွေ၊   တိရစ္ဆာန်နဲ့   အပင်အမျိုးမျိုးတို့ရဲ့ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်တွေ၊ သမိုင်း၊ ယဉ်ကျေးမှု၊  လူမှုရေးနဲ့  ပသာဒအလှအပဆိုင်ရာ အကြောင်းအချက်တွေကို ထိန်းသိမ်းစောင့်ရှောက် ရာရောက်မှာဖြစ်ပြီး ကျွန်တော်တို့လူမျိုး၊ ကျွန်တော် တို့နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့  ရေရှည်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအမွေအနှစ် တွေ    ပျက်သုဉ်းပျောက်ကွယ်သွားခဲ့ရင်တော့ အနာဂတ်     မျိုးဆက်သစ်လူငယ်တွေအတွက် သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အသိပညာဗဟုသုတ တွေဟာ ရင်နင့်ဖွယ်ရာ ပျောက်ဆုံးကုန်မှာ ဖြစ်ပါ တယ်။ ဒါကြောင့် အမိကမ္ဘာစခန်းသာလို့ တင်စား ခေါ်ဝေါ်ကြတဲ့   ပုပ္ပားတောင်ဘူမိဥယျာဉ်   ဖြစ်ပေါ်  လာရေးကို မိမိတို့တတ်နိုင်တဲ့ဘက်က လက်တွဲကူညီ ကြဖို့ တိုက်တွန်းရင်း   မြန်မာနိုင်ငံရဲ့    ပထမဆုံး အမျိုးသားဘူမိဥယျာဉ်   ဖြစ်ပေါ်လာမယ့်အရေး မျှော်တွေးပြီး ကြိုဆိုဂုဏ်ပြုတင်ပြအပ်ပါတယ်။
ကိုးကား-
(၁)    Ministry  of  Natural  Resources  and Environmental  Conservation  -  လူမှု ကွန်ရက်စာမျက်နှာ
(၂)    Wikipedia
(၃)    Mount Popa National Geopark- လူမှု ကွန်ရက်စာမျက်နှာ
(၄)     ဦးသန်းထွန်း(ဥက္ကဋ္ဌ)၊ ဘူမိဥယျာဉ် ဖြစ်မြောက် ရေး ကော်မတီ၏ အင်တာဗျူးများ