မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီးအဖြစ် မစ္စတာပီတာဗောင်းစ် အား ခန့်အပ်ရန်သဘောတူ

 

နေပြည်တော်  ဇူလိုင်  ၂၆


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ   အထူးအာဏာ ကုန်လွှဲအပ်ခြင်းခံရသော    ဗြိတိန်နိုင်ငံသံအမတ်ကြီး   မစ္စတာ ဒယ်နီယယ် ပထရစ် ဘရန်ဒန် ချဂ် ၏နေရာတွင် မစ္စတာ ပီတာ ဗောင်းစ် အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက သဘောတူညီပြီး ဖြစ်သည်။ 

 


မစ္စတာ ပီတာ ဗောင်းစ် ကို  ၁၉၇၄ ခုနှစ်၊  ဇန်နဝါရီလတွင် မွေးဖွားခဲ့သည်။    ၎င်းသည်    ၁၉၉၆ ခုနှစ်တွင်   အက်ဒင်ဘရာ တက္ကသိုလ်မှ  မဟာဝိဇ္ဇာဘွဲ့ကိုလည်းကောင်း၊ ၂၀၀၂ ခုနှစ်တွင် ဘာမင်ဂမ်တက္ကသိုလ်မှ   ကျန်းမာရေးစောင့်ရှောက်မှု   စီမံခန့်ခွဲမှု ဘာသာရပ်ဖြင့်  မဟာဘွဲ့ကိုလည်းကောင်း အသီးသီးရရှိခဲ့သည်။

 

၁၉၉၆ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးနယ်ပယ်မှ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဗြိတိန်နိုင်ငံ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုဌာန၊ ကမ္ဘာ့ဘဏ်နှင့် ပုဂ္ဂလိက ကဏ္ဍတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၀၃ ခုနှစ်မှ စတင်၍ ဗြိတိန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ကဘူးလ်မြို့၊ ကင်ရှာဆာမြို့နှင့် နိုင်ရိုဘီမြို့များရှိ ဗြိတိန်သံရုံးများ၊ ဒါကာမြို့နှင့် နယူးဒေလီမြို့များရှိ ဗြိတိန်မဟာမင်းကြီးရုံးများတွင် ရာထူးအဆင့်ဆင့်ဖြင့်   တာဝန်ထမ်းဆောင်ခဲ့သည်။  လက်ရှိတွင် ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၏ အာရှ၊ ကာရီဘီယံနှင့် ပင်လယ်ရပ်ခြားနယ်မြေများဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
မစ္စတာ ပီတာ ဗောင်းစ်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီး (၂) ဦးရှိသည်။               

 

သတင်းစဉ်