မြန်မာနိုင်ငံစာရေးဆရာအသင်း၏ (၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ

Type
1

 

မောင်ငြိမ်းသူ(ကြို့ပင်ကောက်)

 

မြန်မာနိုင်ငံစာရေးဆရာအသင်းက စာဆိုတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့သော သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ပထမအပတ်တွင် ကျင်းပရန် စီစဉ်နေကြလေပြီ။

 

နှစ်စဉ်ကျရောက်လေ့ရှိသော နတ်တော်လဆန်း ၁ ရက်နေ့ကို “စာဆိုတော်နေ့” အဖြစ် ၁၃၀၆ ခုနှစ်မှ စတင်သတ်မှတ်၍ စာပွဲသဘင် များ ဆင်ယင်ကျင်းပလာခဲ့ရာ ယခု ၁၃၈၄ ခုနှစ်တွင် (၇၈)ကြိမ်မြောက် ခရီးသို့ ရောက်ခဲ့လေပြီ။ 
ရှေးမြန်မာမင်းများလက်ထက်ကပင် နတ်တော်လရောက်တိုင်း ထူးချွန်ထက်မြက်ကြသော စာဆိုတော်ကြီးများကို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဂုဏ်ပြုအမွှမ်းတင်ခဲ့ကြသည်။ တစ်ခဲနက် နှစ်သက်အားပေးမြှောက်စားခဲ့ကြသည်။
ယနေ့ခေတ်ကာလ ပစ္စက္ခအခါသမယမှာလည်း နှစ်စဉ်နတ်တော် လဆန်း ၁ ရက်နေ့ရောက်တိုင်း စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏  အမြင့်ဆုံးစာပေဆုဖြစ်သော “တစ်သက်တာစာပေဆု” ပေးအပ်ချီးမြှင့်ပွဲအပြင်  “အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု” ကိုပါ ပေးအပ်ချီးမြှင့်နေခဲ့ရာ  စာပေလောကသား အားလုံးအတွက် မင်္ဂလာအခါတော်နေ့ထူးနေ့မြတ် ဖြစ်နေပါသည်။ 

 


စာဆိုတော်နေ့တွင် စာပေဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြ


စာဆိုတော်နေ့ဝန်းကျင်တွင် ပခုက္ကူဦးအုံးဖေစာပေဆု၊ ထွန်း ဖောင်ဒေးရှင်းစာပေဆု၊  ဆရာဝန်တင်ရွှေစာပေဆု၊  သုတစွယ်စုံ စာပေဆု၊ ရွှေအမြုတေစာပေဆုများအပြင် ဓမ္မစာပေဆုများ၊   ပုဂ္ဂလိက အသင်းအဖွဲ့များ၏ အထိမ်းအမှတ်စာပေဆုများ၊ ဂျပန်ရှန်တီကလေးစာပေဆုများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

 


မြန်မာစာပေလောကသားတို့၏  “စာဆိုတော်နေ့” သည် သုတ ရသစာပေရေးရာ အဖြာဖြာရေးသားခဲ့ကြသည့်   စာရေးဆရာကြီး၊ စာရေးဆရာမကြီး၊ စာပေပညာရှင်ကြီးများ အမြတ်တနိုးတန်ဖိုးထား ဂုဏ်ယူနေကြရသည့် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။ 

 


ကမ္ဘာပေါ်ရှိ   နိုင်ငံတိုင်း၏   သမ္မတကြီးများ၊ စစ်ဗိုလ်ချုပ်ကြီးများ၊ သိပ္ပံ၊ ဝိဇ္ဇာပညာရှင်ကြီးများ၊ စွန့်ဦးတီထွင်စွမ်းအားရှင်ကြီးများဖြစ် နိုင်ကြသော်လည်း  စာရေးဆရာစစ်စစ်၊  သတင်းစာဆရာစစ်စစ်၊ အယ်ဒီတာချုပ်နှင့် အယ်ဒီတာစစ်စစ်ဖြစ်နိုင်ခြေကား အလွန်ပင်ရှားပါး ခက်ခဲလှပေရာ စာရေးဆရာကြီးငယ်အပါအဝင်  စာပေလောကသား အားလုံးကို အလေးအမြတ် အသိအမှတ်ထား ဂုဏ်ပြုအမွှမ်းတင်ရာ မော်ကွန်းတင်ရာ “စာဆိုတော်နေ့”  ကိုကားစာပေပညာရှင်စစ်စစ် စာပေလောကသားတိုင်းက ချစ်ခင်နှစ်သက်၊ စွဲမက်အားထား လေးစား ဂုဏ်ပြုနေကြပါသည်။

 


ဤသည်ကို မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးက မမေ့မလျော့ သောအသိ၊ သတိဖြင့် စာပေတာဝန်များကို ကျေပွန်စွာ ထမ်းရွက်ခဲ့ကြ သော “နှလုံးရည်တပ်သားသူရဲကောင်း သက်ကြီးစာပေပညာရှင်ကြီး များ”ကို နှစ်စဉ်ပူဇော်ကန်တော့နေခဲ့ရာ ယခုနှစ်သည် (၃၅)ကြိမ် မြောက် ပူဇော်ကန်တော့ပွဲ ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် (၃၄)ကြိမ် မြောက် ပူဇော်ကန်တော့ပွဲကျင်းပခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် မလွှဲရှောင်သာဘဲ နှစ်နှစ်ရပ်နားနေခဲ့ရပါသည်။

 


ပထမအကြိမ် စတင်ပူဇော်ကန်တော့ခဲ့သည့် အဖွဲ့က “မြန်မာနိုင်ငံ  စာပေလုပ်သားအဖွဲ့ကြီး” ဖြစ်ပါသည်။ မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ကြီး၏ ဦးဆောင်သူ၊ ရှေးဦးပြုစုပျိုးထောင်သူမှာ “ဆရာကြီး မင်းသုဝဏ်”  ဖြစ်ပါသည်။  ဆရာကြီးဦးဝန် (မင်းသုဝဏ်) ဥက္ကဋ္ဌ၊  ဦးထင်ကြီး  (တက္ကသိုလ် ထင်ကြီး)  အတွင်းရေးမှူးအဖြစ်ပါဝင်သော “စာပေလုပ်သားအဖွဲ့ဖြစ်မြောက်ရေးကော်မတီ” သည် ၁-၁၂-၁၉၆၆ ရက်နေ့မှ ၃၁-၅-၁၉၇၆ ရက်အထိ ၁၀ နှစ်ကျော် လှုပ်ရှားကြိုးစားခဲ့ကြ ပါသည်။ ထို့နောက် “စာပေလုပ်သား အဖွဲ့စည်းရုံးရေးကော်မတီ”ကို ၁-၆-၁၉၇၆ ရက်တွင် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် “မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့” ကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလနောက်ပိုင်းတွင် “စာပေလုပ်သားအဖွဲ့” အစား “စာပေနှင့်  စာနယ်ဇင်းအဖွဲ့” ဟူ၍  ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

 


ခေတ်စနစ်နှင့်အညီ  ၂ဝ၁၂ ခုနှစ်တွင် “မြန်မာနိုင်ငံစာရေးဆရာ အသင်း” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
ပြောင်းလဲဖွဲ့စည်းခဲ့ကြရာတွင် စာပေလုပ်သားအဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊   ဘဏ္ဍာရေးစည်းမျဉ်းများကို   အခြေခံကာ ခေတ်စနစ်နှင့်အညီ ပြင်ဆင်ဖြည့်ဆည်းခဲ့ကြပြီးမှ အမည် နာမပြောင်းလဲသတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ တကယ်တော့  မြန်မာ နိုင်ငံစာရေးဆရာအသင်း၏  အစမြစ်ဖျားခံရာသည် “မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီး” ဖြစ်ပါသည်။ တစ်နည်းအားဖြင့် “ဆရာကြီး မင်းသုဝဏ်ပျိုးထောင်ပေးခဲ့သော စာပေလုပ်သားအဖွဲ့ကြီး၏ မျိုးဆက် သစ် မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး”၏သက်တမ်းမှာ (၅၆)နှစ် ခန့် သက်တမ်းရှည်ကြာခဲ့လေပြီ။

 


စိန်ရတုခရီးကို ကျော်လွန်လာခဲ့


ဤနေရာတွင် “မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သက်တမ်း” ကိုခွဲခြမ်းစိတ်ဖြာဆန်းစစ်ကြည့်ပါက လွတ်လပ်ရေးမရသေးမီ နယ်ချဲ့ လက်အောက် ၁၉၄ဝ ပြည့်နှစ်ကတည်းက ဒီးဒုတ်ဦးဘချိုဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော “မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး” (ပထမပိုင်း) ၁၉၄၀ မှ ၁၉၆၂ အထိ ၂၂ နှစ်၊ (ဒုတိယပိုင်း) ၁၉၆၆ မှ ၂၀၂၂ အထိ ၅၆ နှစ်  စုစုပေါင်း ၇၈ နှစ် သက်တမ်း၊ စိန်ရတုခရီးကို ကျော်လွန်လာခဲ့သည်အထိ ရှင်သန်ရပ်တည်ရှည်ကြာလာခဲ့လေပြီ။ သမိုင်းအစဉ်အလာသည်လည်း ကောင်းသည်ထက် ကောင်းမွန်လာခဲ့ လေပြီ။

 


မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီး၏ အစဉ်အလာကောင်းများ ကို  မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးက   ဆက်လက်ထိန်းကျောင်း သည့်အနေဖြင့် “အသက် ၈ဝ နှင့် ၈၀ နှစ်အထက် သက်ကြီးစာပေ ပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲ” ကို နှစ်စဉ်မပျက် ဆက်လက် ကျင်းပနေခဲ့ပါသည်။ မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ကြီးက  ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ကြီးစာပေ ပညာရှင်ကြီးများ ကိုသာ တနိုင်တမပူဇော်ကန်တော့ခဲ့ရာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါ သည်-


ထိုသို့ပူဇော်ကန်တော့နေခဲ့ရာမှ ၁၉၈၈ ခုနှစ် အရေးအခင်းကြောင့်    ရပ်တန့်သွားခဲ့ရပါသည်။ မြန်မာနိုင်ငံ    စာပေလုပ်သားအဖွဲ့ကြီးကိုလည်း ခေတ်စနစ်နှင့်လျော်ညီစွာ “မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီး” အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ရပါသည်။ ထို့ကြောင့် သက်ကြီးစာပေ ပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ခြောက်နှစ်တိတိ မကျင်းပနိုင် ခဲ့တော့ဘဲ စာပေလုပ်သားများကို စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်များ အဖြစ်သို့ ပြန်လည်စုစည်းရေးကိုသာ အလေးထားဆောင်ရွက်ခဲ့ကြ ရပါသည်။

 


သက်ကြီးစာပေပညာရှင်ကြီးများကို ပူဇော်ကန်တော့နိုင်ခဲ့


စာပေနှင့်    စာနယ်ဇင်းအဖွဲ့ကြီးအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းကာစ ၁၉၉၄ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ သက်ကြီးစာပေပညာရှင်ကြီးများကိုသာ ပူဇော်ကန်တော့နိုင်ခဲ့ပါသည်။
၁၉၉၆ ခုနှစ်မှစ၍  တစ်နိုင်ငံလုံးရှိ  အဖွဲ့ဝင် သက်ကြီးစာပေပညာ ရှင်ကြီးများနှင့်   ထင်ရှားကျော်ကြားသော သက်ကြီးစာပေပညာရှင်ကြီး များကို ပူဇော်ကန်တော့ခဲ့ရာ ယနေ့အထိ နှစ်စဉ်မပျက် ဆက်တိုက် ဦးခိုက်လျက်ပင်ရှိပါသည်။

 


ကန်တော့ခံသက်ကြီးစာပေပညာရှင် ၂၅၀ ခန့် ရှိ


သက်ကြီးပူဇော်ပွဲစတင်ကာစက ၁၀ ဦးသာ ရှိခဲ့သော်လည်း  တစ်နှစ် ထက်တစ်နှစ်  တိုးပွားများပြားလာခဲ့ရာ ၁၉၉၉ခုနှစ်တွင် ၁၀၈ ဦးအထိ ရှိလာခဲ့ပါသည်။ နှစ်စဉ် ၂၀ ကျော် တိုးပွားလာခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၃၀ ကျော်အထိ တိုးပွားလာခဲ့ပါသည်။ ၂၀၁၆  ခုနှစ်တွင်  ပူဇော် ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများ ၂၀၀ အထိ ရှိလာပါသည်။ ပူဇော်ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများထဲမှ နှစ်စဉ် ၂၀ ခန့် ကွယ်လွန်သွားကြသော်လည်း အသက် ၈၀ ထဲ ဝင်ရောက်လာကြသူ များက  ၂၀  ကျော်ရှိနေခဲ့ရာ   တစ်နှစ်ထက်တစ်နှစ်အရေအတွက် များလာမှာ သေချာနေပါသည်။ ၂၀၁၆ ခုနှစ်က ၁၈ ဦး ကွယ်လွန်သွားခဲ့ကြ ပြီး ၃၄ ဦး တိုးလာခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ၁၃ ဦး ကွယ်လွန်သွားခဲ့ပြီး ၂၇ ဦး တိုးလာခဲ့ပါသည်။ ၂၀၁၈ခုနှစ်တွင်  ၂၄ ဦး ကွယ်လွန်ခဲ့ကြပြီး ၅၃ ဦး တိုးလာခဲ့ရာ သက်ကြီးကန်တော့ခံ ၂၄၅ ဦးအထိ ရှိလာခဲ့ပါသည်။

 


၂၀၁၉ ခုနှစ်တွင် ၁၃ ဦးကွယ်လွန်သွားခဲ့ကြပြီး ၄၆ ဦး တိုးလာခဲ့ရာ ကန်တော့ခံစာပေပညာရှင်ကြီး ၂၇၆ ဦးအထိ ရှိလာခဲ့ပါသည်။ သို့သော် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် နှစ်နှစ်နှင့်  ၂၀၂၂   ခုနှစ်အတွင်းတွင် ကန်တော့ခံစာပေပညာရှင်ကြီး  ၉၄  ဦး ကွယ်လွန်သွားခဲ့ကြပါသည်။ ယခု၂၀၂၂ ခုနှစ်တွင် ကန်တော့ခံသက်ကြီးစာပေပညာရှင် ၂၅၀ ခန့် ရှိနေပါသည်။

 


စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်း တို့ နှစ်စဉ်မပျက်၊ သက်ကြီးပူဇော်ပွဲကျင်းပခဲ့ကြသည်မှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်-


မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ပူဇော်ကန်တော့ခဲ့ပြီး ၁၃၇၄ခုနှစ် ၂၀၁၂ ခုနှစ်မှစတင်၍ ယခုနှစ်အထိ  မြန်မာနိုင်ငံစာရေးဆရာအသင်းက စဉ်ဆက်မပြတ် ဆက်လက်၍ ပူဇော်ကန်တော့ခဲ့ပါသည်။  စာပေ လုပ်သားအဖွဲ့ကြီးက (၈)ကြိမ်၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးက (၁၈)ကြိမ်၊ စာရေးဆရာအသင်းကြီးက ယခုနှစ်အပါအဝင် (၉)ကြိမ်၊ စုစုပေါင်း (၃၅)ကြိမ်ရှိပေတော့မည်။ စာပေလုပ်သားအဖွဲ့၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ စာရေးဆရာအသင်းဟူ၍ အဖွဲ့အစည်းအမည်များ ကို ခေတ်စနစ်အခြေအနေအရ  ပြောင်းလဲလာခဲ့ရသော်လည်း အသွင်သဏ္ဌာန်နှင့် အနှစ်သာရရော ရည်ရွယ်ချက်နှင့်  လုပ်ငန်းစဉ်များပါ အတူတူပင်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်းကအစ    စာပေလုပ်သားအဖွဲ့၏   အမွေကို လက်ဆင့်ကမ်းသယ်ယူလာခဲ့ခြင်း ဖြစ်သည်။ ဆိုလိုတာက  စာပေလုပ်သားအဖွဲ့၊ စာပေနှင့်စာနယ်ဇင်းအဖွဲ့၊ စာရေးဆရာအသင်းသည်  တစ်ဖွဲ့တစ်သင်းတည်းဖြစ်ကြောင်းပင် တည်း။

 


ယခုနှစ်ကန်တော့ခံကြမည့်  သက်ကြီးစာပေပညာရှင်ကြီးများထဲတွင်   အသက်အကြီးဆုံးကန်တော့   ခံစာပေပညာရှင်ကြီးမှာ တစ်သက်တာစာပေဆုရ စည်သူဦးလေးမြိုင် (လေးမြိုင်) (၉၈) နှစ် ဖြစ်ပါ သည်။ ကန်တော့ခံများထဲမှ အသက်အကြီးဆုံးကန်တော့ခံစာပေ ပညာရှင်ကြီး ဦးအောင်သူ (သံမဏိမောင်မောင်) (၁၀၃)နှစ်နှင့် စည်သူ ဗိုလ်ကလေးတင့်အောင်(၁၀၁)နှစ်တို့ ကွယ်လွန်သွားခဲ့ကြပါသည်။

 


မြန်မာနိုင်ငံစာရေးဆရာအသင်းအနေဖြင့်     သက်ကြီးစာပေ ပညာရှင်ကြီးများကို အစဉ်အလာမပျက်  နှစ်စဉ်ဆက်လက်   ပူဇော် ကန်တော့နေရာ၌ အသင်းကြီးမှာ ရန်ပုံငွေ(တစ်နည်းအားဖြင့်)ဘဏ္ဍာ ငွေတောင့်တင်းနေသောကြောင့် မဟုတ်ပါ။ သက်ကြီးစာပေပညာရှင် ကြီးများသည် နိုင်ငံနှင့် လူမျိုးအကျိုးကို တတ်ကျွမ်းသည့်စာပေဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော နှလုံးရည်တပ်သားကောင်း များဖြစ်ခဲ့ကြသည့်အပြင်၊ ဂုဏ်နှင့်အသက်အရွယ်အားဖြင့် ကြီးမြတ် သူများအဖြစ် ရည်မျှော်ကော်ရော်ကာ ပူဇော်ကန်တော့နေကြခြင်း ဖြစ်သည်။

 


စီးပွားရေးအသင်းအဖွဲ့မဟုတ်သောကြောင့် ဘဏ္ဍာငွေအင်အား နည်းနေသည်ဖြစ်ရာ ပူဇော်ကန်တော့ရန်အတွက် ငွေသားအလှူရှင် များနှင့် ပစ္စည်းအလှူရှင်များထံမှ နှစ်စဉ်မေတ္တာရပ်ခံပြီး ဖြည့်ဆည်း ကန်တော့နေကြရပါသည်။ နိုင်ငံတော်သမ္မတရုံးအဆင့်မှသည်... ဝန်ကြီးဌာနများ၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ ပုဂ္ဂလိကစာပေဆုချီးမြှင့်ရေးကော်မတီများ၊ မြန်မာနိုင်ငံစာကြည့်တိုက်ဖောင် ဒေးရှင်း၊ သတင်းမီဒီယာကောင်စီ၊ ညီနောင်အသင်းအဖွဲ့များ၊ မြို့နယ် စာရေးဆရာအသင်းများ၊ ကုမ္ပဏီများ၊ စာပေတိုက်များ၊ တစ်ဦးချင်း စေတနာရှင်များ၏ လှူဒါန်းငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ပူဇော် ကန်တော့နေခဲ့ရာတွင် စာရေးဆရာအသင်းက လိုအပ်ငွေ လေးပုံတစ်ပုံ ခန့်ကို နှစ်စဉ်စိုက်ထုတ်သုံးစွဲကုန်ကျနေခဲ့ပါသည်။
စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေကိုအခြေခံပြီး စာရေး ဆရာအသင်းက  ဖြည့်ဆည်းနိုင်သည့်ငွေပမာဏကို  တွက်ဆကာ ကန်တော့ခံသက်ကြီးစာပေပညာရှင်ကြီးများကို ထိုက်သင့်အားလျော်စွာ ကန်တော့နိုင်ရန် စီမံခန့်ခွဲကြရပါသည်။ ထို့ကြောင့် အသက် ၈၀ အထက် အသင်းဝင်တိုင်းကို စေတနာထားကာ ပူဇော်ကန်တော့ချင် ပါသော် လည်း ဝန်နှင့်အားကမမျှသောကြောင့် အားမသန်၍ မာန်လျှော့နေခဲ့ ကြရပါသည်။

 


မြန်မာနိုင်ငံစာရေးဆရာအသင်းက သက်ကြီးစာပေပညာရှင်ကြီး များကို နှစ်စဉ်ပူဇော်ကန်တော့နေခဲ့ရာတွင် “သက်ကြီးစာပေပညာရှင် ဟူသောစာပေစံ၊ အခြေခံမူများ” ကို သတ်မှတ်ကာ စာပေအစဉ်အလာ၊ စာပေဝါ၊ သမ္ဘာ၊ စာပေဂုဏ်သိက္ခာရှိကြသူများကို မူဘောင်နှင့်အညီ စိစစ်ရွေးချယ်ပူဇော် ကန်တော့နေခြင်းဖြစ်ပါသည်။

 


ထိုသို့ စိစစ်ရွေးချယ် ပူဇော်ကန်တော့ခဲ့ရာတွင် ပါတီစွဲ၊ ဂိုဏ်းစွဲ၊ အဖွဲ့စွဲများနှင့် နိုင်ငံရေးအယူအဆအမျိုးမျိုးကို ဥပေက္ခာပြု လျစ်လျူရှု ကာ စာပေလောကသားအားလုံး၏  အကျိုးအတွက်  စွမ်းဆောင် နိုင်သမျှအကျိုးပြု ပူဇော်ကန်တော့နေခြင်းဖြစ်ပါသည်။ ဤသည်ကို နှစ်စဉ်ကန်တော့ခံခဲ့ကြရသည့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိ စာအုပ်များက ခိုင်မာစွာသက်သေခံနေကြပါသည်။ မြန်မာနိုင်ငံစာရေး ဆရာအသင်းက မူဘောင်များနှင့်ညီသူများကို မျက်နှာကြီးငယ်မရွေး အသင်းဝင်မဝင် မခွဲခြားဘဲ တစ်ပြေးညီ ပူဇော်ကန်တော့နေခဲ့သော် လည်း  အချို့က ထင်မြင်ယူဆချက်လွဲချော်ကြကာ ကန်တော့ခံလိုခြင်း မရှိကြောင်း သိရသောအခါ စေတနာ-ဝေဒနာဖြစ်ကြရပါသည်။ မြန်မာ နိုင်ငံစာရေးဆရာအသင်းအနေဖြင့် ကန်တော့ခံစာပေပညာရှင်ကြီးများစာရင်းကို  မြို့နယ်အသင်းများသို့    နှစ်စဉ်တောင်းခံပြုစုခဲ့ရာ တွင် “သက်ကြီးစာပေပညာရှင်ဟူသော    စာပေစံအခြေခံမူများ”   နှင့် ကိုက်ညီသူများကိုသာ ပေးပို့ကြရန်နှင့် “အသင်းဝင်သက်ကြီးရွယ်အို များကို ပူဇော်ကန်တော့နေခြင်းမဟုတ်ကြောင်း” အမြဲတမ်းကြိုတင် ရှင်းလင်းနေခဲ့ပါသည်။ သို့သော် သတ်မှတ်စာပေစံအခြေခံမူများနှင့် မကိုက်ညီသဖြင့် ရွေးချယ်ခြင်းမခံရသူ အချို့က တစ်ဖက်သတ် အဆိုး မြင်ပြီး ငြိုငြင်ပြစ်တင်ကြလေ့ရှိပါသည်။ အချို့ကလည်း ကန်တော့ခံ အသစ်များကို စိစစ်ရွေးချယ်ပြီးမှ ဆက်သွယ်လာခဲ့ရာ မလွှဲမရှောင်သာဘဲချန်လှပ်ထားခဲ့ရသည်များလည်း ရှိခဲ့ပါသည်။ “အများအကြိုက်၊ ဆယ်ခါလိုက်လည်း၊ မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ၊ ကြီးစွာရန်သူ၊ စွဲမှတ် ယူ၏”ဟူသော လင်္ကာကဲ့သို့ပင် ကိုယ့်လိုဘမပြည့်ရသူများ၏ အမုန်းဒဏ် ကို နှစ်စဉ်ခံနေခဲ့ကြရပါသည်။

 


“အများအကျိုး၊  ရွက်သယ်ပိုးက၊  ခနိုးခနဲ့၊  ဆိုကဲ့ရဲ့လည်း၊   မနွဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်း ကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့” ဟူသော    “စစ်ကိုင်းရွှေဟင်္သာ     ဆရာတော်ဘုရားကြီး”   ၏  ဩဝါဒကို    ဦးထိပ်ပန်ဆင်ကာ   နှစ်စဉ်မပျက်   ဆက်လက်ပူဇော် ကန်တော့ခဲ့ရာ အောင်မြင်တိုးတက်မှုရှိခဲ့ပြီး (၃၅)ကြိမ်မြောက်ခရီးသို့ ရောက်ခဲ့လေပြီ။

 


ယခု(၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်ကြီးများပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာလ ပထမပတ်ထဲတွင် ရန်ကုန်မြို့တော်ခန်းမ၌ ယခင်နှစ်များသကဲ့သို့ စာပေလောကသားများစုံညီစွာဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ကန်တော့ခံသက်ကြီးစာပေ ပညာရှင် ၂၅၀ ခန့်အတွက် ထက်သန်သော စေတနာမွန်ဖြင့် အလှူငွေ များနှင့် ကန်တော့ဖွယ်ရာပစ္စည်းများကို မြန်မာနိုင်ငံစာရေးဆရာ အသင်းကြီးသို့ ဆက်သွယ်လှူဒါန်းကြပါရန်နှင့် ကန်တော့ပွဲအခမ်း အနားသို့ ဝမ်းပန်းတသာ သဒ္ဓါကြည်ညိုစွာဖြင့် တက်ရောက်ကုသိုလ် ယူကြပါရန် ဆန္ဒမွန်ပြုလိုက်ရပါသည်။     ။