မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်းများ ကြည့်ရှုစစ်ဆေးမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

 

သတင်းထုတ်ပြန်ချက် အမှတ်စဉ်( ၃ /၂၀၂၂)

၁။    မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အဓိက လုပ်ငန်းတာဝန် (၂) ရပ်ဖြစ်သော လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို ကော်မရှင်ဥပဒေအခန်း (၅) ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ ဆောင်ရွက်လျက်ရှိပါသည်။

 


၂။    ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင် ဥပဒေ ပုဒ်မ ၄၃ အရ အကျဉ်းကျနေသူများ၊ အချုပ်အနှောင်ခံနေရသူများ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက် ထားခြင်း   ခံရသူများကို   လူ့အခွင့်အရေးနှင့်  သက်ဆိုင်သည့်   အပြည်ပြည်ဆိုင်ရာ   ပြဋ္ဌာန်းချက်များ၊ ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်း စာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်း ရှိ မရှိ စိစစ် နိုင်ရန်အတွက်  အကျဉ်းထောင်၊  အကျဉ်းစခန်းများနှင့်  ရဲစခန်း၊  တရားရုံး၊  ဆေးရုံအချုပ်ခန်းများကို လျာထားချက်ရေးဆွဲ၍ စဉ်ဆက်မပြတ် သွားရောက်ကြည့်ရှုစစ်ဆေးလျက်ရှိပါသည်။

 

 
၃။    ကြည့်ရှုစစ်ဆေးရေးအဖွဲ့တွင်  လိုက်ပါသော ကြည့်ရှုစစ်ဆေးရေးအဖွဲ့ဝင်များသည် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အကျဉ်း ထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းအတွင်း ဝင်ရောက်ကြည့်ရှုစစ်ဆေးပါသည်။

 


၄။    ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း အကျဉ်းထောင် ၈ ခု၊ အချုပ်ထောင် ၂ ခု၊ အကျဉ်းစခန်း  ၇ ခုနှင့် ရဲစခန်းအချုပ်ခန်း ၁၀ ခုကို ကြည့်ရှုစစ်ဆေးနိုင်ခဲ့ပါသည်။ ယင်းတို့မှာ-


    စဉ်    အကျဉ်းထောင်/အချုပ်ထောင်        အကျဉ်းစခန်း                  ရဲစခန်းအချုပ်ခန်း
    (၁)    ကျိုင်းတုံ    ကျောက်ဖြူတောင်    ကျိုင်းတုံမြို့မ
    (၂)    မြိတ်    ဆင်ဖြူရှင်    တာချီလိတ်မြို့မ
    (၃)    နေပြည်တော်အချုပ်ထောင်    ကင်းသာ(၁)    မြိတ်မြို့မ
    (၄)    မအူပင်    ကင်းသာ(၂)    လားရှိုးမြို့မ
    (၅)    ဟင်္သာတ    တောင်လေးလုံး    လားရှိုးနယ်မြေ
    (၆)    လားရှိုး    ထီးခမ်း    မြစ်ကြီးနားမြို့မ
    (၇)    မြစ်ကြီးနား    ဘန်းကန်    ညောင်ဦးမြို့မ
    (၈)    ညောင်ဦး          -    ပုဂံနယ်မြေ
    (၉)    ညောင်ရွှေ          -    တောင်ကြီးမြို့မ
    (၁၀)    တောင်ကြီးအချုပ်ထောင်          -    တောင်ကြီးနယ်မြေ


၅။    ကော်မရှင်သည်  ၂၀၂၂  ခုနှစ်၊  ဇန်နဝါရီလမှ  မေလအထိ  အကျဉ်းထောင် ၈ ခုနှင့် အချုပ်ထောင် ၂ ခုတွင် ထိန်းသိမ်းထားသည့် အကျဉ်းသား ၅၃၄၈ ဦး၊ အချုပ်သား ၂၅၂၃ ဦး၊ အကျဉ်းစခန်း ၇ ခုတွင် ထိန်းသိမ်းထားသည့် အကျဉ်းသား ၁၀၀၇ ဦးနှင့် ရဲစခန်းအချုပ်ခန်း ၁၀ ခုတွင် ထိန်းသိမ်းထားသည့်  အချုပ်သား  ၄၁၉  ဦးတို့ကို  တွေ့ဆုံခဲ့ပြီး  ကြည့်ရှုစစ်ဆေးချိန်တွင်လည်း  အကျဉ်းသား/အချုပ်သား  အိပ်ဆောင်များ၊  အသုံးအဆောင်များ၊  တစ်ဦးချင်းရရှိမည့် အသုံးအဆောင်များ  ရရှိမှုအခြေအနေများ၊  နေထိုင်စားသောက်မှု  အခြေအနေများ၊  ကျန်းမာရေးစောင့်ရှောက်မှုများ၊  သောက်သုံးရေရရှိမှု  အခြေ အနေများကို အကျဉ်းထောင်၊ အကျဉ်းစခန်းများအတွင်းသို့ နေရာလပ်မကျန် လွတ်လပ်စွာ ဝင်ရောက်၍ ကြည့်ရှုစစ်ဆေးနိုင်ခဲ့ပါသည်။

 


၆။    ထို့ပြင်   အကျဉ်းသား/အချုပ်သားများကို  ယင်းတို့၏အိပ်ဆောင်နှင့်  တာဝန်ကျနေရာများတွင် လိုက်လံတွေ့ဆုံကာ စားဝတ်နေရေးအခြေအနေ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ ပြည့်စုံစွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိတို့ကို မေးမြန်း မှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံတင်ပြလိုသော အကျဉ်းသား၊ အချုပ်သားများကို ကြည့်ရှုစစ်ဆေး ရေးအဖွဲ့မှ မေးမြန်းမှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

 

 
၇။    ယင်းသို့ ကြည့်ရှုစစ်ဆေးစဉ်  အကျဉ်းသား ၁၂ ဦး၊ အကျဉ်းသူ ၂ ဦး၊ အချုပ်သား ၁၃ ဦး၊ အချုပ်သူ ၃   ဦး၊  စုစုပေါင်း  ၃၀  ဦးတို့သည်  ကြည့်ရှုစစ်ဆေးရေးအဖွဲ့နှင့်  သီးခြားတွေ့ဆုံခွင့်  တောင်းခံခဲ့သဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်  ဥပဒေပုဒ်မ  ၄၃၊  ၄၄  တို့နှင့်အညီ  သီးခြားစီတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။

 


၈။    ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်းများကို ကြည့်ရှု စစ်ဆေးရာတွင်   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်  ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ “ကုလသမဂ္ဂက ပြဋ္ဌာန်းထားသည့် အကျဉ်းသားများအပေါ် ပြုမူဆက်ဆံမှုနှင့်စပ်လျဉ်းသော အနိမ့်ဆုံး စံနှုန်းများ” နှင့် ညီ/မညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်ပါတွေ့ရှိချက်များကို သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများသို့ ပေးပို့အကြံပြုခဲ့ပါသည်-


    စဉ်           အကြောင်းအရာ         အရေအတွက်


    (၁)    အစားအသောက်ဆိုင်ရာ        ၁    ချက်
    (၂)    အုပ်ချုပ်မှုဆိုင်ရာ      ၄၃    ချက်
    (၃)    ကျန်းမာရေးဆိုင်ရာ      ၄၉    ချက်
    (၄)    အဆောက်အဦဆိုင်ရာ       ၂၃    ချက်
    (၅)    ပညာရေးဆိုင်ရာ        ၁    ချက်
    (၆)    သန့်ရှင်းရေးဆိုင်ရာ        ၅    ချက်
    (၇)    သောက်သုံးရေဆိုင်ရာ        ၂    ချက်
        စုစုပေါင်း    ၁၂၄    ချက်


၉။    ပေးပို့ခဲ့သည့် အကြံပြုချက် ၁၂၄ ချက်တွင် ပြန်ကြားချက် ၉၉ ချက်ရှိပြီး ၂၅ ချက်ကျန်ရှိပါသည်။ ပြန်ကြားလာမှုတွင် ဆောင်ရွက်ပြီးစီးမှု ၆၅ ချက် (၆၅.၆၆ %) နှင့် ဆောင်ရွက်ဆဲ ၃၄ ချက် (၃၄.၃၄ %) ရှိပါသည်။ 

 


၁၀။    အဆိုပါ ပြန်ကြားချက်များအရ ကော်မရှင်၏ အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက် ဆဲ အခြေအနေများကို လေ့လာစောင့်ကြည့်ခြင်း၊ ထပ်မံစစ်ဆေးချိန်တွင် ပြန်လည် ကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်ချက်များရှိပါက ထပ်မံ၍ အကြံပြုတိုက်တွန်းခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါသည်။


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁  ရက်