
ရန်ကုန် ဒီဇင်ဘာ ၆
မြန်မာနိုင်ငံ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်နှင့် ကိုရီးယားသမ္မတနိုင်ငံ KMPI Con-sortium Co.,Ltd၊ Insol M&T Co., Ltd တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ROK-ASEAN Joint XR Project: XR Convergence Sports Contents and Experience Center ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်တွင် ကျင်းပသည်။
ဦးစွာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီ က ROK-ASEAN Joint XR Project : XR Convergence Sports Contents and Experience Center in Myanmar Project သည် အာဆီယံနိုင်ငံ များတွင် 2022 Korea-ASEAN Joint XR Projects အသစ် ကိုးခုတွင် ပါဝင်သော ပရောဂျက်များထဲမှ တစ်ခုဖြစ်ပြီး အောင်မြင်မှု ပရောဂျက်များထဲမှ တစ်ခု အနေဖြင့် Extended Reality – XR နည်းပညာဆိုင်ရာ အကြောင်းအရာများနှင့် နည်းပညာနယ်ပယ်တို့တွင် ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံတို့အကြား အပြန်အလှန် တိုးတက်မှုနှင့် ဖလှယ်မှုအတွက် အုတ်မြစ်ချရန် တည်ထောင်ခြင်းဖြစ်ကြောင်း။
ယနေ့ခေတ် မျိုးဆက်သစ် ကျောင်းသားလူငယ် တို့၏ နည်းပညာပိုင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုကို ပံ့ပိုးကူညီရန်နှင့် လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေး နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပညာရေး အသိုက်အဝန်းတွင် နည်းပညာပိုင်းဆိုင်ရာ အသိ ပညာများကို မြှင့်တင်ပေးနိုင်သော ROK-ASEAN XR Experience Center မှ အခွင့်အလမ်းများနှင့် အတွေ့အကြုံများစွာ ရရှိလာမည်ဖြစ်ရာ မြန်မာ-ကိုရီးယား နှစ်နိုင်ငံတို့အကြား အပြန်အလှန်ဖလှယ် မှုမှ တိုးတက်မှုအခွင့်အလမ်းများကို ယူဆောင်ပေး လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ Busan IT Industry Promotion Agency ၏ CEO ဖြစ်သော Mr. Jeong Mun Seob နှင့် KMPI Consortium Co., Ltd ၏ ဥက္ကဋ္ဌဖြစ်သူ Dr. Youn Shik Ha တို့က နှစ်နိုင်ငံ သတင်းအချက်အလက် နည်းပညာပိုင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေး က ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။
ယင်းနောက် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်မို့မို့ ထွန်းက XR Experience Center နှင့်ပတ်သက်၍ လည်းကောင်း၊ KMPI Consortium Co., Ltd ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. John Lee က ROK – ASEAN XR Joint Project နှင့် ပတ်သက်၍ လည်း ကောင်း ရှင်းလင်းပြောကြားပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီး ဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Busan IT Industry Promotion Agency တို့အကြား ICT ပညာရပ် ဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက် မည့် သဘောတူညီမှုကို တာဝန်ရှိသူတို့က လက်မှတ် ရေးထိုးကြသည်။
ဆက်လက်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြပြီး XR Experience Center ပြသထားမှုအား လှည့်လည်ကြည့်ရှုကြသည်။ မြန်မာနိုင်ငံ သတင်း အချက်အလက် နည်းပညာတက္ကသိုလ်တွင် ပထမဆုံး တည်ထောင်သော XR Convergence Sports Con-tents and Experience Center in Myanmar Project အား ကိုရီးယားသမ္မတနိုင်ငံ Busan IT Industrial Promotion Agency(BIPA) က ပံ့ပိုးခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - ကနူး