မြန်မာနိုင်ငံ ပြည်တွင်းအာဏာရရှိရေးကြိုးပမ်းမှုနှင့် ပထဝီနိုင်ငံရေးအခြေအနေ

Type

 

လေ့လာသူတစ်ဦး

 

မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ရှုပ်ထွေးမှု၊ ပထဝီနိုင်ငံရေးအခြေအနေတို့နှင့် ပတ်သက်၍ Felix Haas ရေးသားသည့် “Myanmar-Internal Power Struggles and Geopolitics” အမည်ရှိ သုတေသန စာတမ်းအား အလွတ်သဘော ဘာသာပြန်ဆိုချက်ကို ဖော်ပြအပ်ပါသည်။                                                                                                                              စာတည်း
 

 

ယမန်နေ့မှအဆက်

 


၂၀၀၈ ခုနှစ်တွင်   စွန့်စားရနိုင်ခြေများစွာရှိသည့် အကြားမှပင်    မြန်မာနိုင်ငံ၌    ကြီးမားကျယ်ပြန့်သည့် အခြေခံဥပဒေဆိုင်ရာ   ပြုပြင်ပြောင်းလဲမှုနှင့်အတူ ဒီမိုကရေစီစနစ်စတင်ရန်   ထိုစဉ်က  မြန်မာအစိုးရက ဆုံးဖြတ်ခဲ့သည်။    မြန်မာနိုင်ငံ၏    ဒီမိုကရေစီအသွင် ကူးပြောင်းမှုက      မည်သို့သော   အကျိုးရလဒ်ကို  သယ်ဆောင်ပေးခဲ့သနည်း။  ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြောင့် ၂၀၁၆ ခုနှစ် ဧပြီလတွင် NLD ပါတီ အာဏာ ရရှိခဲ့သည်။ ရွေးကောက်ပွဲရလဒ်များက NLD ပါတီကို   အုပ်ချုပ်ရေးနှင့်   ဥပဒေပြုရေးအာဏာ များအား  ထိန်းချုပ်ခွင့်  ရရှိစေခဲ့သည်။  NLD  ပါတီ အနေဖြင့်  ၎င်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကို လွတ်လပ်စွာ   ဆောင်ရွက်နိုင်မည့်  အခွင့်အရေးရရှိခဲ့ ခြင်းပင်ဖြစ်သည်။   လူထု၏   ယုံကြည်မှုကိုလည်း အပြည့်အဝ    ရရှိထားသည်ဖြစ်လေရာ   မြန်မာ့ဒီမို ကရေစီနှင့်  စပ်လျဉ်းပြီး  ပါတီ၏  မျှော်မှန်းချက်ကို စိတ်ကူးပုံဖော်နိုင်ခွင့်  ရခဲ့သည်။

 


အပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်လာရန် စောင့်စားခဲ့


ဦးစွာပထမ  အံ့ဩဖွယ်ဖြစ်စေသည်မှာ  NLD ပါတီအနေဖြင့်   ၎င်း၏  အစိုးရသက်တမ်း   ပထမ နှစ်နှစ်အတွင်း  သင့်လျော်သော  ဖွံ့ဖြိုးမှုမူဝါဒ တစ်စုံ တစ်ရာ  ဖန်တီးအကောင်အထည်ဖော်ရန် တွန့်ဆုတ် ခဲ့ဟန်ရှိခြင်းပင်ဖြစ်သည်။  NLD  အစိုးရလက်ထက် တွင်     ယင်း၏မူဝါဒများနှင့်    စပ်လျဉ်းပြီး    အများ ပြည်သူသို့  ထုတ်ပြန်ခဲ့သည်မှာ  အချက်  ၁၂  ချက်ပါ သော  စီးပွားရေးမူဝါဒ  တစ်ခုတည်းသာ  ရှိသည်။ NLD ပါတီနှင့်  ဒေါ်အောင်ဆန်းစုကြည်က မည်သည့် ကိစ္စရပ်များအား   အောင်မြင်မှုရအောင်  ဆောင်ရွက် လိုသနည်းဟူသည်ကို   တိတိပပသိနိုင်ရန်  ခဲယဉ်းခဲ့ သည်။  NLD ပါတီ၏  ဦးစားပေးကိစ္စရပ်များတွင် မလွဲမသွေ   ပါဝင်နိုင်ခဲ့သည်မှာ   ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုနှင့်  ပညာရေးတို့ဖြစ်သည်။  NLD  ပါတီ အနေဖြင့်  ၎င်း၏   ဦးစားပေးကဏ္ဍများကို    မည်သို့ သောမူဝါဒများအား      အသုံးပြုကာ   အကောင် အထည်ဖော်သွားမည်နည်းဟူသည်မှာလည်း    မရေ မရာရှိခဲ့လေသည်။   မြန်မာပြည်သူများသည်    အပြု သဘောဆောင်သော        အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာရန်   စိတ်ရှည်သည်းခံစွာ  စောင့်စားခဲ့ ကြသည်။ 

 


နိုင်ငံရေးပြုပြင်ပြောင်းလဲမှု   အရှိန်အဟုန်သည် ၂၀၁၈  ခုနှစ်နောက်ပိုင်းမှစ၍  ပိုမိုအားကောင်းလာခဲ့ သည်။ NLD ပါတီ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ် များသည် တစ်ကြိမ်တစ်ခါမျှ ခြေချဖူးခြင်းမရှိသည့် နယ်မြေစိမ်းသို့   ချင်းနင်းဝင်ရောက်ခဲ့သည်။   NLD ပါတီသည်  မြန်မာနိုင်ငံ၌ စီးပွားရေးအရ အခွင့်ထူးခံ များ အလွန်အမင်း ကြီးထွားလာသည်ဟူ၍ ရှုမြင်ပြီး ယင်းပြဿနာအား ဖြေရှင်းနိုင်ရန်နှင့် စီးပွားရေးအား ဖြေလျှော့မှုပြုရန် တပ်မတော်၏ဩဇာကို  ထိန်းချုပ် နိုင်မည့် နည်းလမ်းကို ရှာဖွေလျက်ရှိသည်ဟူသည်မှာ ထင်ရှားလာခဲ့သည်။ 

 


မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍသည် ၁၉၉၀ ခုနှစ် အစောပိုင်းကာလများကတည်းက                   နိုင်ငံပိုင် စီးပွားရေး   လုပ်ငန်းများနှင့်သော်လည်းကောင်း၊တပ်မတော်ပိုင်   စီးပွားရေးလုပ်ငန်းစုကြီးနှစ်ခုနှင့် သော်လည်းကောင်း  ပူးပေါင်းဆောင်ရွက်မှုအပေါ် ကြီးမားစွာ အခြေပြုပြီး ထွန်းကားခဲ့ခြင်းဖြစ်သည်။ အစောပိုင်းကာလများ၌မူ  ပုဂ္ဂလိကကဏ္ဍဆိုင်ရာ အခွင့်အလမ်းများသည်   အစိုးရ၏   အကူအညီများ (ဥပမာ-ခွင့်ပြုမိန့်များ၊  ငှားရမ်းခွင့်များ)   အပေါ် လုံးလုံးလျားလျား  အမှီပြုခဲ့သည်။  NLD  အစိုးရ၏ မျှော်မှန်းချက်မှာ   ပွင့်လင်းမြင်သာမှု    ရှိစေခြင်း၊ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ   အရေးယူဆောင်ရွက်မှု များပြုခြင်းနှင့်    ပြည်ပယှဉ်ပြိုင်မှုနှင့်    မိတ်ဆက်ပေး ခြင်းတို့မှတစ်ဆင့်     ပုဂ္ဂလိကကဏ္ဍအား    သန့်စင် ရှင်းလင်းသွားစေရန်ဖြစ်သည်။

 

 ထိုမျှော်မှန်းချက်ကို   ပြည်တွင်းစီးပွားရေး  အသိုက်အဝန်းများက လိုလား မှုရှိခဲ့ဟန် မတူပေ။   ယခင်ကတည်းက   တပ်မတော် နှင့်ပတ်သက်ဆက်နွှယ်မှု    ရှိခဲ့ကြသော    ပြည်တွင်း စီးပွားရေးလုပ်ငန်းစုကြီးများ  ဥပမာ - အမေရိကန်၏ အထူးပိတ်ဆို့အရေးယူမှုခံရသော  လူပုဂ္ဂိုလ်အသိုက် အဝန်းကမူ             အဆိုပါပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များကို ၎င်းတို့၏ စီးပွားရေးအကျိုး စီးပွားများအတွက်  ခြိမ်းခြောက်မှုအဖြစ်   မှတ်ယူခဲ့ ကြပေလိမ့်မည်။

 


ဆန့်ကျင်ကန့်ကွက်မှုများစွာ      ရှိခဲ့သော်လည်း NLD ကမူ  ၎င်း၏  စီးပွားရေးဖြေလျှော့မှု   မူဝါဒအစီ အစဉ်ကို   များမကြာမီမှာပင်    အကောင်အထည်ဖော် ခဲ့သည်။   ထိုအစီအစဉ်သည်  အထူးသဖြင့်  ဘဏ် လုပ်ငန်းမှသည်   အာမခံလုပ်ငန်းအထိ    ဝန်ဆောင်မှု ကဏ္ဍများ၌  နိုင်ငံခြားလုပ်ငန်းများ၏  အကျိုးစီးပွား အား   ရှေ့တန်းတင်  ဦးစားပေးခဲ့သည်ကို  တွေ့ရှိခဲ့ရ သည်။    ထို့အပြင်   ယင်းလုပ်ငန်းကဏ္ဍများ၌ နိုင်ငံတကာမှ ပါဝင်လာစေရန် တင်ဒါများခေါ်ယူခြင်း၊ ဥပဒေနှင့် နည်းဥပဒေများ ပြုပြင်ပြောင်းလဲခြင်းတို့ ကိုပါ  ဆောင်ရွက်ခဲ့သည်။  NLD  ၏  မူဝါဒများကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့  (IMF)၊  ကမ္ဘာ့ ဘဏ်အုပ်စုနှင့်  USAID  အဖွဲ့တို့က  ကြိုးဆွဲပုံဖော်ခဲ့ သည်။  ယင်းအဖွဲ့များသည်  အမေရိကန်၏  သဘော ထားအတိုင်း     လှုပ်ရှားရသော   နိုင်ငံတကာအဖွဲ့ အစည်းများဖြစ်သည်။ မြန်မာနိုင်ငံ၏ ဥပဒေ၊ နည်း ဥပဒေနှင့်  မူဝါဒများကို    မြန်မာအစိုးရက  ရေးဆွဲ ရမည့်အစား    ယင်းအဖွဲ့များက    ဦးဆောင်ရေးဆွဲ ခဲ့ကြသည်။   ပြုပြင်ပြောင်းလဲရေးများကို  အနောက် နိုင်ငံသားအကြံပေးများက    ဦးဆောင်ခဲ့ကြသည် ဖြစ်ရာ  ယင်းတို့သည်   ပြည်တွင်းအကျိုးစီးပွားကို ထိခိုက်စေပြီး    အနောက်နိုင်ငံများအတွက်သာ အကျိုးရှိစေခဲ့သည်။     စီမံကိန်းနှင့်    ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့်     မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများနေရာတွင်   လူစားထိုး   ပြောင်းလဲမှု များဆောင်ရွက်ခဲ့ရာ    ၎င်းတို့နှင့်    ဆက်နွှယ်သော အခြားအစိုးရ   တာဝန်ရှိသူများသည်လည်း ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများမှ     နုတ်ထွက်ခဲ့ကြသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန    ဝန်ကြီးဦးသောင်းထွန်း၊  ဗဟိုဘဏ် ဒုဥက္ကဋ္ဌ  ဦးဘိုဘိုငယ်နှင့်  စီမံကိန်းနှင့်  ဘဏ္ဍာရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးဆက်အောင်တို့သည် အနောက်ဗဟိုပြု  ပြုပြင်ပြောင်းလဲရေးအား လိုလား သူများအဖြစ်  သတ်မှတ်ခံခဲ့ရသည်။  မြန်မာနိုင်ငံ၏ “အနောက်မျှော်”     မူဝါဒကြောင့်    ပေးဆပ်လိုက်ရ သည့်တန်ဖိုးမှာ    ဘဏ္ဍာရေးအရ    ခြိုးခြံချွေတာ လွန်းခြင်း၊  နိုင်ငံ့စီးပွားရေးအား   တမင်ရည်ရွယ်၍ ကျုံ့သွားစေခြင်းနှင့်   အနာဂတ်တွင်   ဘဏ္ဍာရေး အကျပ်အတည်းဖြစ်လာနိုင်ခြင်းတို့ပင်ဖြစ်သည်။ 

 


ဘဏ္ဍာရေးကဏ္ဍအတွက်  ဝန်ထုပ်ဝန်ပိုး


NLD လက်ထက်  စီးပွားရေးပြုပြင်ပြောင်းလဲမှု များ၏   ရလဒ်မှာ    ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်က အမြင့်ဆုံး ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့သော မြန်မာနိုင်ငံ၏ ဂျီဒီပီဖွံ့ဖြိုးမှုနှုန်းသည် NLD အစိုးရလက်ထက်၌မူ   ၆ ဒသမ ၅   ရာခိုင်နှုန်းမျှသာ ကျန်ရှိတော့ခြင်းဖြစ်သည်။    ယင်းပမာဏသည် ကိုဗစ် - ၁၉   ကပ်ရောဂါ    မဖြစ်ပွားခင်ကာလက ပမာဏဖြစ်သည်။  ၂၀၁၉  ခုနှစ်က  မြန်မာကျပ်ငွေ တန်ဖိုး    သိသိသာသာ   ကျဆင်းခဲ့သဖြင့်   သွင်းကုန် အဓိကထားရသော  မြန်မာနိုင်ငံ၏  စားသောက်ကုန် နှင့် လူသုံးကုန်စည်  ဈေးနှုန်းမှာလည်း  တစ်ဟုန်ထိုး မြင့်တက်သွားခဲ့လေသည်။     ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့်     ပြည်တွင်းမှ    အသေးစား စီးပွားရေးလုပ်ငန်းများသည် ပြည်ပမှ ဝင်ရောက်လာ သော  လုပ်ငန်းများနှင့်   ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။ ပြည်တွင်းမှ  အသေးစား  စီးပွားရေးလုပ်ငန်းများစွာ သည်   လုပ်ငန်းလည်ပတ်မှုအတွက်   ချေးငွေကိုသာ အဓိကထားမှီခိုခဲ့ရသည်။ သို့သော်လည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသဖြင့်  ပြည်တွင်းကုန်သွယ်ရေး ဘဏ်များက     ချေးငွေပေးဆပ်မှုသက်တမ်းကို အကြိမ်ကြိမ်   သက်တမ်းတိုးပေးခဲ့ရသည်။    ဤသို့ အချိန်မီ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသော ချေးငွေ များ   စုပုံများပြားလာခြင်းက   NLD    လက်ထက် မြန်မာနိုင်ငံ၏  ဘဏ္ဍာရေးကဏ္ဍအတွက်  ဝန်ထုပ် ဝန်ပိုးတစ်ခု ဖြစ်လာခဲ့သည်။

 


၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ ရသုံး မှန်းခြေငွေစာရင်း  လိုငွေပြမှုသည် ၃  ဒသမ ၉ ထရီ လီယံသာရှိခဲ့သော်လည်း  ၂၀၁၉ - ၂၀၂၀  ဘဏ္ဍာနှစ် တွင်မူ   မြန်မာကျပ်ငွေ    ၇   ထရီလီယံအထိရှိခဲ့ပြီး ယင်းမှာ  ပြီးခဲ့သည့်   ဆယ်နှစ်အတွင်း  အမြင့်ဆုံး ပမာဏဖြစ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန  (DICA)  ၏  ၂၀၂၀  ပြည့်နှစ် စက်တင်ဘာလအထိ     အချက်အလက်များအရ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသော ကုမ္ပဏီအရေ အတွက် ၈၃၀၂၄  ခု  ရှိသည့်အနက် နှစ်စဉ်အစီရင်ခံစာ (annual return)  တင်ပြရန်  နောက်ကျမှုကြောင့် ရပ်ဆိုင်းခံရသော ကုမ္ပဏီ ၁၆၃၁၉ ခု ရှိခဲ့ပြီး ကုမ္ပဏီ မှတ်ပုံတင်ခြင်းအား   ဖျက်သိမ်းရန်   လျှောက်ထား သော  ကုမ္ပဏီ  ၃၆၁  ခု  ရှိခဲ့သည်။ NLD  အစိုးရ သက်တမ်းနောက်ဆုံးကာလ၌  ကိုဗစ် - ၁၉   နှင့် ဆက်စပ်သော      သက်ရောက်မှုကြောင့်    နိုင်ငံ့ စီးပွားရေးနှင့်   စီးပွားရေးလုပ်ငန်းများ၏   အလား အလာတို့တွင်  စိန်ခေါ်မှုများနှင့် ဆိုးရွားစွာ ရင်ဆိုင်ခဲ့ ရသည်။

 


အနောက်နိုင်ငံရေးသမားများသည် မြန်မာနိုင်ငံ အပေါ် အာဏာရှင်နိုင်ငံအဖြစ် သမုတ်ကာ  စီးပွား ရေးအရ  ပိတ်ဆို့အရေးယူမှုများ  နှစ်ပေါင်းများစွာ ချမှတ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲ ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းများ စတင်ထွက်ပေါ်လာသည့်အခါ ၎င်းတို့၏ စီးပွား ရေးအရ တင်းမာသော သဘောထားနှင့် ရပ်တည်မှု က မြန်မာနိုင်ငံ၏ တပ်မတော်ခေါင်းဆောင်များကို ဒူးထောက်စေခဲ့ပြီး ဒီမိုကရေစီအောင်ပွဲကို ဖန်တီး ပေးခဲ့ခြင်းဖြစ်သည်ဟု အနောက်နိုင်ငံရေးသမားများ က ယုံကြည်ခဲ့ကြဟန်တူသည်။ သို့ရာတွင် မြန်မာ နိုင်ငံ၏ တံခါးဖွင့်မှုအား မည်သည့်အရှိန်အဟုန်ဖြင့် ဖွင့်မည်၊  မည်သည့် အတိုင်းအတာအထိ   ဖွင့်မည် ဟူသည်နှင့်   စပ်လျဉ်းပြီး   တပ်မတော်က  အမြဲ ထိန်းချုပ် ထားခဲ့သည်ဟူသည်ကိုမူ   ပြည်ပနိုင်ငံ များနှင့် အဖွဲ့အစည်းများက နားလည်ခဲ့ခြင်းမရှိပေ။ 

 


မြန်မာနိုင်ငံသည်   ဘက်မလိုက်လှုပ်ရှားမှု၏ အစောဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်လေရာ တပ်မတော် အနေဖြင့်   ပြည်တွင်းရေးအခြေအနေ    ဖြစ်ပေါ် ပြောင်းလဲမှုများကြောင့် ပေါ်ပေါက်လာမည့် နိုင်ငံ တကာဆက်ဆံရေးဆိုင်ရာ အကျိုးဆက်များအပေါ် သတိကြီးစွာ အာရုံစိုက်လိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။  အမေရိကန်သမ္မတဟောင်း   ထရမ့်နှင့် တရုတ်အကြား   ထိပ်တိုက်တွေ့ရာမှ  ဖြစ်ပေါ်လာ သည့် ကုန်သွယ်ရေးစစ်ပွဲနှင့် လွတ်လပ်ပွင့်လင်း သော အင်ဒို-ပစိဖိတ် (Free and Open Indo-Pacific) မျှော်မှန်းချက်အား  အကောင်အထည်ဖော် ရေးအတွက် အရှိန်အဟုန်မြှင့်လာသော အမေရိကန် ၏ ထိတွေ့ချဉ်းကပ်မှုတို့က အရှေ့တောင်အာရှနိုင်ငံ များကို  အမေရိကန်နှင့်တရုတ်   နှစ်နိုင်ငံအနက် တစ်နိုင်ငံဘက်မှ ရပ်တည်ရန် ဖိအားပေးခဲ့သည်။

 


ပထဝီနိုင်ငံရေးအားပြိုင်ပွဲများ


အဆိုပါ   ပထဝီနိုင်ငံရေးအားပြိုင်ပွဲများသည် အာရှ၏ လမ်းဆုံလမ်းခွတွင် တည်ရှိနေသော မြန်မာ နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်လာခဲ့သည်။ ထိုသို့သော ခေတ်ကာလအခြေအနေတွင်   ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏   ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် စီးပွားရေးဖြေလျှော့မှုသည်  မည်သို့သော  အကျိုး သက်ရောက်မှုမျိုးကို ဖြစ်စေနိုင်သနည်း။ သုံးနှစ် ကြာ  ရှေ့မတိုးနောက်မဆုတ်ဖြစ်နေခဲ့သော  မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်     ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများမှ မည်သို့သော အန္တရာယ်များ ထွက်ပေါ် လာနိုင်သနည်း။ တပ်မတော်အား အင်စတီကျူးရှင်း အရ အားနည်းစေခြင်းနှင့်  ကိုဗစ်-၁၉ ရိုက်ခတ်မှု ဒဏ်ခံ မြန်မာ့စီးပွားရေးအား တစ်ကျော့ပြန်မွမ်းမံ ခြင်းကြောင့်   ဖြစ်ပေါ်လာနိုင်သည့်   အန္တရာယ်များက မြန်မာနိုင်ငံ၏   တည်ငြိမ်အေးချမ်းမှုကို  အနှောင့် အယှက်ဖြစ်စေမည်လော။ အဆိုးဆုံးဖြစ်နိုင်ခြေအရ နိုင်ငံအစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမှု (balkanization) အထိ ဦးတည်သွားနိုင်ပါသလော။

 


ဒေသတွင်းပထဝီနိုင်ငံရေးအားပြိုင်မှု  ဖြစ်ပွား နေသည့်    လက်ရှိအချိန်တွင်    နိုင်ငံအတွင်းမှ အက်ကြောင်းများ  ဖြစ်ပေါ်လာခြင်းသည်  မြန်မာ နိုင်ငံအား အားနည်းစေလိုသည့် ပြင်ပနိုင်ငံများနှင့် အဖွဲ့အစည်းများအတွက် အမြတ်ထုတ်အသုံးချ စရာဖြစ်လာပေလိမ့်မည်။ ထိုသို့ ဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲရလဒ်များနှင့် မကြုံတွေ့ရစေရန် အမျိုးသားစည်းလုံးညီညွတ်မှုနှင့်  တိုင်းရင်းသား သွေးစည်းညီညွတ်မှုတို့ကို  ခိုင်မာအားကောင်းစေ ရေးနှင့် ပြည်သူလူထုအား ဝန်ဆောင်မှုများ အဆက် မပြတ်ပေးအပ်နိုင်ရန်လည်း  ထိန်းသိမ်းဆောင်ရွက် ခြင်းသည် မြန်မာနိုင်ငံအတွက်  အရေးအကြီးဆုံး ဦးစားပေးလုပ်ငန်းများ ဖြစ်ပေသည်။ 

 


နိုင်ငံတွင်း  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထိန်းကျောင်းခြင်းသည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း   ဒေါ်အောင်ဆန်းစုကြည်အတွက် မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်ဟု စောဒကတက်နိုင် ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမအနေဖြင့် သူမအား  ထောက်ခံသူ ဒေါက်တိုင်ဖြစ်သည့်   ဗမာ အများစု၏  အသံကိုနားထောင်ရန်၊  တိုင်းရင်းသား လူနည်းစုများ (အခြေခံ လူတန်းစား တိုင်းရင်းသား များနှင့် မတူကွဲပြားသော အကျိုးစီးပွားများရှိသည့် အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၂) ဒါဇင်ခန့်)၏အသံကို နားထောင်ရန်၊ တပ်မတော် ၏ အသံကိုနားထောင်ရန်နှင့် နိုင်ငံ၏အရပ်ဘက်နှင့် တပ်မတော်အကြား  ကျိုးပဲ့လွယ်သော   နိုင်ငံရေး ချိန်ခွင်လျှာကို ထိန်းသိမ်းရန် လိုအပ်မှုတို့ကြောင့် ဖြစ်သည်။ “ရိုဟင်ဂျာ”  ဆိုသူများ၏   ကိစ္စနှင့် စပ်လျဉ်း၍  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမ အား ထောက်ခံသူ မဲဆန္ဒရှင်အများစုကို ဆန့်ကျင် သည့် အမြင်ရှိမှုများကို ဆန့်ကျင်သည့် နိုင်ငံရေး ရပ်တည် ချက်ကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီတွင် ချမှတ်ရန် မျှော်မှန်းထားသည်ဟု ဆိုကောင်းဆိုနိုင် သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ သည် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်မှ မြန်မာနိုင်ငံကို ကာကွယ်ရန် “အောင်ဆန်းစုကြည်နှင့်အတူရပ်တည် ကြ” ဟု နိုင်ငံအား တိုက်တွန်းရန် ဆုံးဖြတ်ခဲ့သည်။ 

 


၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများ အစုလိုက်အပြုံ လိုက် ထွက်သွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည် သည် ဗမာနှင့် တိုင်းရင်းသား မဲဆန္ဒရှင်အားလုံးနီးပါး ၏ အကျိုးစီးပွားကို  ဆန့်ကျင်လျက်  နေရပ်စွန့်ခွာ “ရိုဟင်ဂျာ”  ဆိုသူများအတွက်   ပြဿနာများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟူသည့်  လက်တွေ့မကျ သော မျှော်လင့်ချက်ကြောင့် အမေရိကန်နှင့် NLD တို့အကြား ဆက်ဆံရေးသည် ယိုယွင်းလာခဲ့သည်။ လက်ရှိအခြေအနေတွင်   မြန်မာနိုင်ငံရှိ   မည်သည့် ပါတီကို အနောက်အုပ်စုက လိုလားနှစ်သက်ပါမည် နည်း။   မြန်မာ့ဒီမိုကရေစီ    သင်္ကေတဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အနောက်နိုင်ငံများ၏ လိုလား နှစ်သက်မှုစာရင်းမှ ဖယ်ရှားပြီးနောက် ထို စာရင်းတွင် မည်သူကျန်ခဲ့သည်ကို မေးခွန်းထုတ်ရ မည်ဖြစ်သည်။

 


လက်တွေ့မကျသည့် မျှော်လင့်ချက်များ


မြန်မာနိုင်ငံ၏ ဒီမိုကရေစီပုံစံအပေါ်  အနောက် တိုင်းအစိုးရများ၏ စံပုံစံအမြင်များနှင့် လက်တွေ့ မကျသည့် မျှော်လင့်ချက်များသည် NLD ၏ သမိုင်း အစဉ်အလာအရ ဖြစ်တည်လာမှုကို မရည်ရွယ်ဘဲ အဆုံးသတ်စေခဲ့သည်။ ၂၀၀၀ ပြည့်နှစ်များအတွင်း များပြားသော  ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်  နိုင်ငံရေး အရ အထီးကျန်ဆန်စေခြင်းများကြောင့် မြန်မာနိုင်ငံ အနေဖြင့်  ဆယ်စုနှစ်တစ်ခုကြာ   ဖွံ့ဖြိုးတိုးတက်မှု ပျောက်ဆုံးသည့်နည်းတူ ပိတ်ဆို့အရေးယူမှုများ နှင့် နိုင်ငံတကာ၏ စံနှုန်းအခြေပြုဝေဖန်မှုများသည် NLD အတွက်လည်း အထောက်အကူ မဖြစ်ခဲ့ချေ။ 

 


ဒေါ်အောင်ဆန်းစုကြည်အပေါ် အနောက်နိုင်ငံ များ၏ ထောက်ခံမှု ဆုံးရှုံးခြင်းသည် ရှုပ်ထွေးသည့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင်     သူမ၏ ထိန်းကျောင်းညှိနှိုင်းနိုင်စွမ်းကို ပျောက်ဆုံးသွားစေခဲ့ သည်။ မည်သို့ပင်ဆိုစေ “  ရိုဟင်ဂျာ”  ဆိုသူများ ထွက်ပြေးပြီးနောက် အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများနှင့်   စုံစမ်းစစ်ဆေးမှုများသည် တပ်မတော်အပေါ်တွင်လည်း အရိပ်မည်းထိုးလာခဲ့ သည်။ အနောက်နိုင်ငံများအနေဖြင့်  မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများ (stakehol-ders)၊ ယင်းတို့၏ အခက်အခဲများ၊ အကန့်အသတ် အတားအဆီးများ၊ နိုင်ငံရေး အုပ်စု/သဘောထား ကွဲလွဲမှုများ ပိုမိုဆိုးရွားစေနိုင်သည့် အန္တရာယ်များ အပါအဝင် မြန်မာ့ဒီမိုကရေစီပုံစံအား နားမလည်နိုင် ခြင်းသည် နားလည်ရန် ခက်ခဲလျက်ပင်ရှိသည်။ 

 


လက်ရှိအခြေအနေတွင် သက်ဆိုင်သူအားလုံးမှ အဖြေတစ်ခုရှာရန်အတွက်   အရေးကြီးသည်မှာ မြန်မာနိုင်ငံ၏   ပြည်တွင်းဖြစ်ပေါ်  တိုးတက်မှုများ အပေါ် အကျိုးသင့် အကြောင်းသင့် ဆင်ခြင်တုံတရား နှင့် အချက်အလက်အခြေပြုအမြင် ထားရှိရေးဖြစ် သည်။ ဤသို့ အဖြေရှာရာတွင်  ဖြစ်နိုင်ခြေအများ ဆုံးဖြစ်သည့်   အာဆီယံနည်းလမ်း   (သို့)  အခြား နိုင်ငံစုံနည်းလမ်းဖြင့် ချဉ်းကပ်ဆောင်ရွက်မှုများမှ တစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံတကာ မီဒီယာများတွင် မြန်မာနိုင်ငံအား ကျရှုံးနိုင်ငံအဖြစ် လည်းကောင်း၊ ငြိမ်းချမ်းသော ဆန္ဒပြသူများအပေါ် စစ်တပ်မှ     တစ်ဖက်သတ်အကြမ်းဖက်မှုအဖြစ် လည်းကောင်း  မှားယွင်းသည့်ဇာတ်ကြောင်းပြော ပုံဖော်မှုများ   ကြီးစိုးနေခြင်းသည်   စာနယ်ဇင်း ကျင့်ဝတ်နှင့် ကိုက်ညီမှုမရှိချေ။ 

 


ဥပမာအားဖြင့် အမေရိကန်မှ ငွေကြေးထောက်ပံ့ ထားသည့်   နိုင်ငံရေးအကျဉ်းသားများ    ကူညီ စောင့်ရှောက်ရေးအသင်း (AAPPB) သည် အရပ်သား အသေအပျောက်   စွပ်စွဲချက်   ကိန်းဂဏန်းများ အပေါ် လက်ဝါးကြီးအုပ်ထားသည်။  AAPPB ၏ စာရင်းတွင် သေဆုံးကြောင်း အတည်မပြုနိုင်သည့် သူများ၏ အမည်စာရင်းများ ပါဝင်နေပါ၏လော။ ယင်းစာရင်းတွင် နယ်စပ်ဒေသများသို့ ထွက်ပြေးသူ များ၏ အမည်စာရင်းများကို ထည့်သွင်းထားပါ၏ လော။ အမှန်တကယ်မရှိသည့် အမည်များနှင့် ပိုမို ထည့်သွင်းထားသည့်   အမည်များထည့်သွင်းထား ခြင်း ရှိ/မရှိ မည်သူက သိနိုင်ပါမည်နည်း။ 

 


အထက်ပါမေးခွန်းများနှင့် မသက်ဆိုင်ဘဲ လုံခြုံ ရေးတပ်ဖွဲ့များ၊ အစိုးရဝန်ထမ်းများနှင့် အရပ်သား များအပေါ် အစိုးရဆန့်ကျင်သည့် အကြမ်းဖက်များမှ သေကျေပျက်စီးအောင် တိုက်ခိုက်သည့်  ပမာဏ သည် AAPPB မှ စွပ်စွဲသည့် ကိန်းဂဏန်းများထက် ကျော်လွန်နေပြီဖြစ်သည်။   “The 74 media” ၏ သတင်းဖော်ပြချက်တစ်ခုအရ NUG “ကာကွယ်ရေး ဝန်ကြီး”   က   ဇွန်လနှင့်    ဇူလိုင်လများအတွင်း တပ်မတော်သား (သို့) ထောက်ခံသူ ၁၁၀၀ ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်ဟု  အခိုင်အမာဆိုကြောင်း ဖော်ပြထားသည်ကို သိရသည်။ နိုင်ငံရေးအငြင်းပွားမှု သည်   မည်သည့်ဘက်တွင်မှ    အသက်အိုးအိမ် စည်းစိမ်ကို   ထိခိုက်စေခြင်း    မရှိသင့်သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်    အရပ်သားများအား သတ်ဖြတ်မှုအပေါ် ကြွားလုံးထုတ်နေသည့် NUG အပေါ်    နိုင်ငံတကာအသိုင်းအဝိုင်းက     မည်သို့ ထောက်ခံပေးရမည်နည်းဆိုခြင်းမှာ မေးခွန်းထုတ် စရာဖြစ်နေသည်။

 


France 24 ကဲ့သို့သောမီဒီယာများသည် ဆန္ဒပြ သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား  မြားများနှင့် ဓာတ်ဆီပုလင်းဗုံးများဖြင့်  တိုက်ခိုက်မှုဗီဒီယိုအား တင်ဆက်ထားချိန်တွင် အကြမ်းမဖက်သော ဆန္ဒပြ မှုများအဖြစ် သတင်းဖော်ပြခဲ့သည်။ France 24 သည် CIA မှ  David Eubank ၏   မျက်နှာစာအဖွဲ့ အစည်းဖြစ်သော Free Burma Rangers ၏ ဗီဒီယို ဖိုင်ကို    အသုံးပြု၍   ဗြိတိန်နှင့် အမေရိကန်တို့မှ ထောက်ပံ့ထားသော   အစိုးရဆန့်ကျင်သူ   ပြည်ပ ရောက်    တက်ကြွလှုပ်ရှားသူများအား    တွေ့ဆုံ မေးမြန်းခဲ့သည်။ 

 


ဟောင်ကောင်မှ   စတင်သည့်   တရုတ်ဆန့်ကျင် ရေးလှုပ်ရှားမှုဖြစ်သည့် "Milk Tea Alliance" ကဲ့သို့ သော     နိုင်ငံရေးလမ်းကြောင်းများမှတစ်ဆင့် သို့မဟုတ်    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အချိတ်အဆက်ရှိသည့် Global Movement for Myanmar Democracy ကဲ့သို့သော အဖွဲ့အစည်းများ မှတစ်ဆင့် မြန်မာ့ပြည်တွင်းရေးတွင် နိုင်ငံတကာမှ  ဝင်ရောက်စွက်ဖက်မှုများသည် အပြုသဘောဆောင် သောရလဒ်များနှင့်     ပြန်လည်သင့်မြတ်ရေးကို ဦးတည်လိမ့်မည် မဟုတ်ချေ။ 

 


နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ နိုင်ငံ၏    ပိုနေမြဲကျားနေမြဲ   အခြေအနေကို   ယခု မည်သို့ကိုင်တွယ်ဆောင်ရွက်သွားနိုင်ပါမည်နည်း။  မြန်မာ့တပ်မတော်အနေဖြင့်  အနောက်တိုင်းပုံစံ စီးပွားရေးပိတ်ဆို့မှုများကို   အတိုင်းအတာတစ်ခု အထိ ကိုယ်ခံအား ရရှိလာလိမ့်မည်မှာ သေချာသည်။ ပိုမိုပြင်းထန်လာသော    ပြည်တွင်းပဋိပက္ခများနှင့် အတိုက်အခံပြုမှုများ၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းထန်သော ဝေဖန်မှုများနှင့် အမေရိကန်၊ ကနေ ဒါ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့၏ ဒဏ်ခတ်ပိတ်ဆို့မှု များသည် တပ်မတော်မှ ကြိုတင်မျှော်မှန်းထားခဲ့ရ သည့် တုံ့ပြန်မှုများဖြစ်သည်။  

 


အကောင်းဘက်ကကြည့်ရှုပါက ကျယ်ကျယ် ပြန့်ပြန့်အရေးယူမှုများ   ဖြစ်ပေါ်နိုင်ခြေ   နည်းပါး သည်။   ကျယ်ပြန့်သည့်   အရေးယူပိတ်ဆို့မှုများ ချမှတ်မှုသည်    မြန်မာနိုင်ငံအား    လစ်ဘရယ်ဒီမို ကရေစီလားရာသို့ မည်သို့မျှ ပိုမိုရွေ့လျားစေနိုင်မည် မဟုတ်သော်လည်း သာမန်ပြည်သူများကို ထိခိုက် စေလိမ့်မည်ဖြစ်သည်။   အနောက်နိုင်ငံများသည် ဒဏ်ခတ်မှုများဖြင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး လမ်းကြောင်းကို    ပြောင်းပြန်လှန်နိုင်လိမ့်မည် မဟုတ်သော်လည်း    မြန်မာအစိုးရနှင့်   လုံးလုံး လျားလျား    မပတ်သက်သည့်    အနေအထားသို့ ရောက်အောင် ၎င်းတို့ဘာသာ၎င်းတို့ တွန်းပို့နေသည်။ ရက်သတ္တပတ်ချီ၍ ကြာမြင့်လာပြီဖြစ်သည့် နယူး ယောက်ရှိ  ယခင်က  မကြုံစဖူးဖြစ်သည့်  ခန့်အပ် လွှာအငြင်းပွားမှုကြောင့်   ကုလသမဂ္ဂအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တင်းမာမှုများ ကို အမှန်တကယ် လျှော့ချရန်နှင့် မြန်မာပြည်သူများ နှင့်အတူ   ရပ်တည်ရန်   လိုအပ်သည့်    ညှိနှိုင်း ထိန်းကျောင်းနိုင်မှုကို ဆုံးရှုံးခဲ့ရသည်။ 

 


တပ်မတော်ကို ဖြုတ်ချနိုင်မည်မဟုတ်ချေ


NUG   အနေဖြင့်     စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ကြား စေ့ရေး  မဆောင်ရွက်နိုင်သကဲ့သို့   တပ်မတော်ကို လည်း ဖြုတ်ချနိုင်မည်မဟုတ်ချေ။ ထိုသို့ဖြစ်လင့် ကစား အမေရိကန်၊  ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ကို စည်းရုံးရန် ခက်ခဲမည်ပင်ဖြစ်သည်။ ကြိုကြားကြို ကြားဖြစ်သည့် လမ်းပေါ်ရှိ  အကြမ်းဖက်မှုများနှင့် ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်မှုများသည် နိုင်ငံ၏ ဒုက္ခများကို ပိုမိုဆိုးရွားစေလိမ့်မည်သာဖြစ်သည်။ NUG ကိုမည်သည့် နိုင်ငံကမျှ အသိအမှတ် မပြုချေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အိမ်စောင့်အစိုးရနှင့် အပြုသဘော   ထိတွေ့ဆောင်ရွက်မှုသည်   အမှန် တကယ်လိုအပ်  လက်တွေ့ကျပြီး  မြန်မာပြည်သူ များအတွက် ကောင်းမွန်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးသမားများက ကောင်းစွာသိရှိကြသည်။ 

 


အိမ်စောင့်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ သည် ကမ္ဘာ့နိုင်ငံရေးထက်  ဒေသတွင်း  နိုင်ငံရေး များနှင့် လက်တွေ့ကျသော စီးပွားရေးနှင့်နိုင်ငံရေးဆက်ဆံမှုများကို   ပိုမိုအာရုံစိုက်လာဖွယ်ရှိသည်။  မြန်မာနိုင်ငံတွင်း   အခြေအနေနှင့်   မသက်ဆိုင်ဘဲ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အိမ်နီးချင်း အာဆီယံနိုင်ငံ များနှင့် လာမည့်နှစ်များတွင် စီးပွားရေးဆက်သွယ် ဆောင်ရွက်မှုများ  ဆက်လက်တိုးတက်လာလိမ့်မည် ဖြစ်သည်။ စင်စစ်တွင် အာဆီယံ၊ တရုတ် (ဟောင် ကောင်မှတစ်ဆင့်)၊ ဂျပန်၊ ကိုရီးယားနှင့် အရှေ့တိုင်း အင်အားများသည်  မြန်မာနိုင်ငံ၏   အဓိကရင်းနှီး မြှုပ်နှံမှု အရင်းအမြစ်များဖြစ်ကာ ယင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၈ ခုနှစ်က နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများအားလုံး၏ ၈၇ ရာခိုင်နှုန်းရှိသည်။ အရှေ့ တိုင်းစီးပွားရေးအင်အားကြီးနိုင်ငံများ၏  လက်တွေ့ ကျသည့်   ရင်းနှီးမြှုပ်နှံမှုများနှင့်   နှိုင်းစာပါက အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စီးပွားရေးခြေရာ မှာ မြန်မာနိုင်ငံတွင် အနည်းငယ်သာရှိသည်။ 

 


မြန်မာနိုင်ငံအနေဖြင့်     အာဆီယံစီးပွားရေး အသိုက်အဝန်း၊   မဟာမဲခေါင်ဒေသခွဲအောက်ရှိ ပူးပေါင်းဆောင်ရွက်မှု မူဘောင်များ၊  တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်   ပိုးလမ်းမစီမံကိန်းနှင့်  အိန္ဒိယနိုင်ငံ၏ Act East Policy  တို့တွင်  ပါဝင်သည့်   ပေါင်းကူး ဆက်သွယ်ရေးအစီအစဉ်များ၊    တစ်ခုနှင့်တစ်ခု ထပ်နေသည့်   စီးပွားရေးစင်္ကြံများတွင်   ပါဝင်၍ သဘာဝစီးပွားရေး    အချက်အချာဆုံချက်အဖြစ်  ဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိအောင် ဆောင်ရွက်သွားနိုင်လိမ့်မည်ဖြစ်သည်။         ။


https://medium.com/@myanmar_analyst/myanmar-internal-power-struggles-and-geopolitics-babf2cfd4002