မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၂၆

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေ ညီလာခံကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်‌ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် Video ဖြင့် အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အားထား လုပ်ဆောင်ရသော နိုင်ငံဖြစ်ပြီး ဆန်စပါးသည် တောင်သူလယ်သမား များအတွက် လည်းကောင်း၊ ပြည်သူ များ ဖူလုံစွာ စားသုံးရန်အတွက် လည်းကောင်း၊ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရန်အတွက် လည်း ကောင်း အရေးပါအဓိကကျသော လယ်ယာထွက်ကုန် သီးနှံတစ်မျိုး ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်‌ရေးကာလ တွင် ရင်ဆိုင်‌နေရသည့် စိန်ခေါ်မှု များကို ကျော်လွှားနိုင်ရေးတို့အတွက် ‌ပေါ်ထွက်လာနိုင်မည့် အခွင့်အလမ်း ကောင်းများကို အမိအရဆုပ်ကိုင်၍ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရန် လိုအပ်ပါကြောင်း၊ သီးနှံများ အထွက် နှုန်းနှင့် ထုတ်လုပ်မှုနှုန်း တိုးတက်ရေး၊ ထုတ်လုပ်မှု ကုန်ကျစရိတ်လျော့နည်း စေရေး၊ ဝယ်ယူ၊ ကြိတ်ခွဲ၊ သိုလှောင် ဖြန့်ဖြူးရောင်းချသည့် ထောက်ပံ့ ပို့ဆောင်ရေးစနစ်တိုးတက်ကောင်းမွန် စေရေး၊ ထုတ်လုပ်မှု အရည်အသွေး တိုးတက်စေရေး၊ ကုန်ကြမ်းမှ ကုန်ချော အဖြစ် ထုတ်လုပ်ရောင်းချ စားသုံးနိုင် ရေးတို့သည် အလွန်အရေးကြီးပါ ကြောင်း၊ သို့မှသာ ပြည်တွင်းထုတ်လုပ် မှု အရည်အသွေးတိုးတက်လာခြင်း၊ သန့်ရှင်းလတ်ဆတ် ဈေး သက်သာစွာ စားသုံးနိုင်ခြင်းတို့အပြင် အရည် အသွေးအရ၊ ဈေးနှုန်းအရ ကမ္ဘာ့ ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင် မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ပြည်ပ နိုင်ငံများမှ နည်းပညာအကူအညီများ ရရှိရန်နှင့် ကုန်သွယ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာစေရေးအတွက် အလေးထား ဆောင်ရွက်နေပါကြောင်း။

ဈေးကွက်တိုးချဲ့ရှာဖွေ

ထို့ပြင် နိုင်ငံတကာ ကုန်စည် ပြပွဲများသို့ သွားရောက်ပြသခြင်း၊ ခေတ်မီအိုင်တီနည်းစနစ်ကို အသုံးပြု ၍ ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲ များကို အွန်လိုင်းစနစ်ဖြင့် ပြသ ဈေးကွက်ရှာဖွေခြင်း၊ ပုဂ္ဂလိက ကုန်သည်အသင်းအဖွဲ့များကလည်း အင်တိုက်အားတိုက် ဈေးကွက်ရှာဖွေ ကြသကဲ့သို့ ကုန်သွယ်ဖက်နိုင်ငံများ နှင့် ချိတ်ဆက်ဆွေးနွေး ညှိနှိုင်း၍ ဈေးကွက်တိုးချဲ့ ရှာဖွေလျက်ရှိရာ ဆန်စပါးကဲ့သို့သော သမားရိုးကျ တင်ပို့နေသည့် လယ်ယာထွက်ကုန် သီးနှံများအပြင် သီးနှံပို့ကုန်အမယ် သစ် များ၊ ဈေးကွက်အသစ်များရရှိခြင်း အစရှိသည့် အောင်မြင်မှုများရလျက် ရှိပါကြောင်း။

ဆန်စပါးကဏ္ဍ ဦးစားပေး

အမျိုးသားပို့ကုန် မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ တွင်လည်း ဆန်စပါးကဏ္ဍကို ဦးစားပေးအနေဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကုမ္ပဏီ ၄၃ ခုနှင့် ဆန်စက်ပေါင်း ၇၉ စက်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင် ရေးအတွက် GACC တွင် မှတ်ပုံတင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွား ချိန်တွင် မြန်မာနိုင်ငံအစိုးရမှ တရုတ် နိုင်ငံ ဝူဟန်မြို့သို့ ဆန်တန်ချိန် ၂၀၀ လှူဒါန်းခဲ့ပြီး ဘမ်ကိုမုန်တိုင်းဒဏ် ခံရသည့် ဖိလစ်ပိုင်နိုင်ငံသို့လည်း ဆန်တန်ချိန် ၂၀၀ လှူဒါန်းနိုင်ရန် ပူးပေါင်းစီစဉ်လျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ များ ရိက္ခာပြတ်လပ်မှု မဖြစ်ပေါ် စေရေးအတွက် နိုင်ငံတော်အနေဖြင့် အရန်ဆန်ဝယ်ယူခဲ့ရာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့မှု၊ ပြည်သူများ သို့ သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့မှု၊ ဆန်နှင့် အခြေခံ စားကုန်များ လှူဒါန်းသည့် လုပ်ငန်း များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့မှုများကို မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါကြောင်း။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် နိုင်ငံ့အကျိုး၊ တောင်သူ လယ်သမားများအကျိုးကို ယခုထက် ပို၍ ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် ဆန်စပါးကဏ္ဍနှင့် သက်ဆိုင်သော သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာပေးရေးလုပ်ငန်းများ၊ သတင်း အချက်အလက်နှင့် နည်းပညာ စုဆောင်း ဖြန့်ဝေရေးလုပ်ငန်းများကို ဆန်စပါးဆိုင်ရာ အသင်းများ၊ တောင်သူလယ်သမားများနှင့် နီးနီး ကပ်ကပ်ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ဆန်စပါးလုပ်ငန်းကဏ္ဍ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်း ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။

လုပ်ငန်းစဉ်များ ရှင်းလင်း

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က Video ဖြင့် အမှာစကားများပြောကြားခဲ့ကြ ပြီး အခမ်းအနား၏ သဘာပတိနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်း တင်ပြခြင်းများ ဆောင်ရွက်ကြသည်။

အစည်းအဝေးသို့ အသင်းချုပ် နာယကကြီးများ၊ ဗဟိုအလုပ်အမှု ဆောင်များ၊ ဆန်စပါးဆိုင်ရာပညာရှင် များ၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည် များအသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင် များအသင်းမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်