
နေပြည်တော် မေ ၂၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန မြန်မာကုန်သွယ် မှု မြှင့်တင်ရေးအဖွဲ့နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ်လင်ချန်းမြို့ ပြည်သူ့ အစိုးရတို့ ပူးပေါင်း၍ မြန်မာ (နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂)၊ နေပြည်တော်တွင် မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါ ကုန်စည်ပြပွဲ၏ အကြိုညစာစားပွဲ ကို ယနေ့ ညနေ ၆ နာရီခွဲတွင် Horizon Lake View Hotel ၌ ကျင်းပသည်။
ညစာစားပွဲသို့ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ မြို့တော်ဝန်နှင့် မြန်မာ - တရုတ် နှစ်နိုင်ငံမှ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင် အသင်း အဖွဲ့များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ က ကုန်စည်ပြပွဲအထိမ်းအမှတ် လက်ဖက်ခြောက် ဘူးပေါ်တွင် အမှတ်တရ လက်မှတ်ရေးထိုး လဲလှယ်ကြသည်။ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး လင်ချန်းမြို့ မြို့တော်ဝန်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ညစာသုံးဆောင် နေချိန်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုအနုပညာ ရှင် များက အကပဒေသာများဖြင့် တင်ဆက်ကပြ ဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် လင်ချန်း မြို့ မြို့တော်ဝန်တို့က အနုပညာ ရှင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်း ရှင် ၃၀၀ ခန့် ပါဝင်တက်ရောက် ခဲ့ပြီး နှစ်နိုင်ငံကုန်သည်လုပ်ငန်း ရှင်များအချင်းချင်း စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မိတ်ဆက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်