မြန်မာ့မြေ၊ မြန်မာ့အမွေ

Type

 

မြန်မာလူမျိုးတို့သည်   ရှေးပဝေသဏီ ကပင် တိုင်းရင်းသားလူမျိုးပေါင်း ၁ဝဝ ကျော်တို့    မှီတင်းနေထိုင်ကြလျက် နယ်နိမိတ်ရှိသော ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင် အုပ်ချုပ်မှု၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ဘာသာစကားတို့ဖြင့် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့်   နေထိုင်လာခဲ့ကြပါ သည်။   ကုန်းဘောင်ခေတ်   (၁၇၅၂-၁၈၈၅)    ဘကြီးတော်မင်းတရားကြီး (၁၈၁၉-၁၈၃၇) လက်ထက် ၁၈၂၄ ခုနှစ် တွင်    အင်္ဂလိပ်-မြန်မာ    ပထမစစ်ပွဲ ဖြစ်ပွားပြီး အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံ ၏   ရခိုင်ဒေသနှင့်   တနင်္သာရီဒေသကို   သိမ်းပိုက်ခဲ့သည်။ ဤသည်မှာ မြန်မာနိုင်ငံ ၏     အချုပ်အခြာအာဏာကို   ထိပါး စော်ကားခြင်းနှင့်      မြန်မာ့မြေကို  ကျူးကျော်ခြင်းဖြစ်ပေသည်။ 
အင်္ဂလိပ်တို့သည် ပထမစစ်ပွဲနှင့်ပင် ရပ်မနေဘဲ ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ဆက်လက်ဖြစ်ပွား ပြီး အောက်မြန်မာနိုင်ငံကို ကျူးကျော် သိမ်းပိုက်ခဲ့ပြန်သည်။     ထို့နောက် သီပေါမင်းလက်ထက် (၁၈၇၈-၁၈၈၅) ၁၈၈၅    ခုနှစ်တွင်   အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ   ဆက်လက်ဖြစ်ပွားခဲ့ပြီး မြန်မာ့သမိုင်းတွင်   ထီးသုဉ်း  နန်းသုဉ်း ကြငှန်းသုဉ်းလျက် နိုင်ငံတော်နှင့်လူမျိုးအင်္ဂလိပ်လက်အောက်သို့ လုံးဝကျရောက် ခဲ့ရသည်။     ရှေးမြန်မာ့အစဉ်အလာ အုပ်ချုပ်ရေးစနစ်၊    လူမှုရေးစနစ်၊ စီးပွားရေးစနစ်နှင့် စီးပွားရေးအခြေအနေ တို့ပါ အသွင်ပုံစံများ ပြောင်းလဲခဲ့ရသည်။ ၂၉-၁၁-၁၈၈၅ ရက်နေ့တွင် မြန်မာနိုင်ငံ ၏ အချုပ်အခြာအာဏာ လုံးဝလက်လွှတ် ဆုံးရှုံးသွားခဲ့ရသည်။ 
အချုပ်အခြာအာဏာ လက်လွှတ် ဆုံးရှုံးသွားရပြီး သူ့ကျွန်ဘဝကို မနေလို သည့် တိုင်းရင်းသားများ၏ ရင်တွင်းခံစား ချက်ကို ဆီးဘန်နီဆရာတော်က-
    “ကုန်းဘောင်နေမီး၊ မထိန်ညီး၍၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊        သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊       ဖြစ်လာရချေ၊ တို့တတွေသည်၊ သေသော်မှတည့်၊ သြော်ကောင်း၏။”ဟူ၍ ဧကပိုဒ်ရတု တွင် စပ်ဆိုခဲ့လေသည်။
ဤဧကပိုဒ်ရတုကို ဖတ်ကြည့်ခံစား ကြည့်ပါက အချုပ်အခြာအာဏာ ဆုံးရှုံးရ ခြင်းသည် မည်မျှကြေကွဲဝမ်းနည်းဖွယ် ကောင်းကာ     အလွန်တရာခံပြင်းပြီး ယူကျုံးမရဖြစ်ခဲ့သည်ကို မြန်မာသမိုင်း တွင် အတိအလင်း မြင်နိုင်ပေသည်။
မြန်မာ့မြေကို ကျူးကျော်သိမ်းပိုက် ပြီး မြန်မာ့အစဉ်အလာဓလေ့မှ သွေဖည် ကာ   နိုင်ငံရေးစနစ်၊   စီးပွားရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊   လူမှုရေးစနစ်များ အစစအရာရာ    ပြောင်းလဲသွားရုံမက မြန်မာလူမျိုးတို့၏ ရတနာအမွေအနှစ် ပစ္စည်းများသည်လည်း   တစ်ပါတည်း သိမ်းယူသွားခဲ့ကြပြီး အချို့ကို ပြန်လည် ရရှိသော်လည်း   ပြန်လည်ရရှိသေးခြင်း မရှိသေးသည့် ရတနာပစ္စည်းများလည်း ကျန်ရှိနေပါသည်။ 
ပါရှိသွားသော    မြန်မာ့နန်းတော်မှ ရတနာပစ္စည်းများကို     ကြည့်ပါက အောက်ပါအတိုင်း ပစ္စည်းလေးမျိုး ခွဲခြား တွေ့ရှိနိုင်ပါသည်-
(က)    သီပေါမင်း    ပါတော်မူပြီး နောက် အင်္ဂလိပ်တို့ ဖွဲ့စည်းခဲ့ သော စစ်သိမ်းပစ္စည်းထုခွဲရေး ကော်မတီ၏   ထိန်းချုပ်မှု အောက်တွင်ရှိသော ရတနာ များ၊  တန်ဖိုးမကြီးမားသော ပစ္စည်း၊ 
(ခ)     မင်းမြောက်တန်ဆာများ၊
(ဂ)     ဘုရင်နှင့်မိဖုရားကြီး ပိုင်ဆိုင် သောငွေနှင့် ရတနာများ၊
(ဃ)     ဆင်ဖြူမရှင်    မိဖုရားကြီး ပိုင်ဆိုင်သောငွေနှင့် ရတနာများ
ယင်းပစ္စည်း        လေးမျိုးအနက် အောက်ဆုံးသုံးမျိုးသည်     ကာနယ် စလေဒင်အား ထိန်းသိမ်းစောင့်ရှောက် ရန်  ပိုင်ရှင်များက  ပေးအပ်ခဲ့ခြင်းဖြစ် သည်။
ဤသို့ဖြင့် ၁၈၈၅ ခုနှစ်မှစ၍ အင်္ဂလိပ် လက်အောက်သို့ မြန်မာ့မြေနှင့် မြန်မာ့ အမွေပစ္စည်းများဖြစ်သော    နန်းတွင်း ပစ္စည်းများ   ရောက်ရှိသွားရလေတော့ သည်။
၁၈၈၅ ခုနှစ်တွင် လက်လွှတ်လိုက် ရသည့် လွတ်လပ်ရေးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး   တိုင်းရင်းသား စည်းလုံးညီညွတ်မှုအားဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကိုပြသနိုင်ခဲ့၍ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ လုံးဝလွတ်လပ် သော      အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ကြီးနှင့်         မြန်မာ့မြေကို ပြန်လည်ရယူနိုင်ခဲ့ပေသည်။ ဤသည်မှာ တိုင်းရင်းသားအားလုံး၏   စည်းလုံး ညီညွတ်မှုကြောင့်ဟုဆိုပါက မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကြောင့် ပြည်ထောင်စု ကြီး တည်တံ့ခဲ့ရသည်မှာလည်း သမိုင်း သက်သေပင်ဖြစ်သည်။ 
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် အခါ         အိန္ဒိယနိုင်ငံဘုရင်ခံချုပ် လော့ဒ်မောင့်ဘက်တန်က   သီဟာသန ပလ္လင်ကို   မြန်မာနိုင်ငံသို့   ပြန်လည် ပေးအပ်ခဲ့ရာ ယနေ့အမျိုးသားပြတိုက် တွင်      တွေ့ရှိလေ့လာနိုင်ပေသည်။ ဤပလ္လင်တော်၏ အကြောင်းကို ၁၉၆၃ ခုနှစ်    ရှေးဟောင်းသုတေသနဌာနမှ အင်္ဂလိပ်ဘာသာဖြင့်   ထုတ်ဝေသော “မန္တလေးနန်းတော်”    စာအုပ်တွင် “လှပသော   လက်ရန်းလေးခုပါလျက် ခြင်္သေ့ပလ္လင်     (သီဟာသန)သည် လွှတ်တော်ထဲတွင် သီးသန့်တည်ရှိသည်။ ထိုပလ္လင်သည် ညီလာခံရာခန်းမကြီးရှိ သီဟာသနပလ္လင်၏ ပုံတူပွားဖြစ်သည်။ လွှတ်တော်မှ ပလ္လင်ကို ကာလကတ္တားရှိ အိန္ဒိယပြတိုက်သို့ ပို့ခဲ့သည်”ဟု ဖော်ပြ ထားသည်ကို တွေ့ရသည်။ ထိုဖော်ပြ ချက်နှင့် မောင့်ဘက်တန်သည် အိန္ဒိယရှိ  သီဟာသနပလ္လင်ကို    ပြန်ပို့ပေးသည် ဟူသော အချက်နှင့် ဆက်စပ်လိုက်လျှင် အမျိုးသားပြတိုက်ရှိ   ပြသထားသော ပလ္လင်သည်     မြန်မာမင်းလက်ထက် လွှတ်တော်၌ ထားရှိသော သီဟာသန ပလ္လင်ဖြစ်ကြောင်း ထင်ရှားသည်။ 
ထို့နောက်    ၁၉၆၄   ခုနှစ်တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်း၏ မေတ္တာရပ်ခံချက်အရ အင်္ဂလန် နိုင်ငံ ဒုတိယမြောက် အဲလီဇဘက်ဘုရင်မ ကြီးက       အောက်ပါမြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက်များ၏ မင်းခမ်း တော်ပစ္စည်းများ အပါအဝင် ပစ္စည်းအရေ အတွက် ၁၄၁ ခုကို မြန်မာနိုင်ငံအစိုးရ ထံသို့ ပြန်လည်ပေးအပ်ခဲ့သည်။ မင်းခမ်း တော်ပစ္စည်းဆိုသည်မှာ ထီးနန်းစဉ်ဆက် လက်ခံလိုက်နာသုံးစွဲရိုးရှိသော အဆောင် အယောင်ဖြစ်သည်။ တစ်နည်းဆိုရသော် မင်းခမ်းမင်းနားဆိုင်ရာ လက်ဝဲလက်ယာ အခင်းအကျင်း၌ သုံးစွဲသည့်ပစ္စည်းများပင်ဖြစ်သည်။ မင်းခမ်းတော်ပစ္စည်းများ သည် တစ်နည်းအားဖြင့် ဘုရင်မင်းမြတ် များအား ဘုန်းကျက်သရေ တိုးတက်စေ ရန်    ချီးမြှောက်ဂုဏ်ပြုသော    အသုံး အဆောင်ပစ္စည်းများ        ဖြစ်သည်။ မင်းအဆက်ဆက်တို့သည် မင်းခမ်းတော် ပစ္စည်းများကို  အဖိုးတန်ကျောက်မျက် ရတနာများစီခြယ်ပြီး ရွှေစင်အတိဖြင့် ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ရွှေသားစစ်စစ် ဖြင့် ပြုလုပ်ထားသည့် မင်းခမ်းတော် ပစ္စည်းများကြောင့်    ရွှေနန်းတော် ညီလာခံဆောင်သည်    ရွှေသားရောင် ရတနာခုနစ်ပါးအရောင်တို့ဖြင့် တဝင်းဝင်း တောက်ပြောင်လျက်ရှိသည်။ 

 

၎င်းနောက် ၁၈၉ဝ ပြည့်နှစ်ကစပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဝိတိုရိယနှင့် အဲလ်ဘတ်ပြတိုက်ကြီးတွင် ထိန်းသိမ်း ထားခဲ့သော   မင်းမြောက်တန်ဆာနှင့် ထီးသုံးနန်းသုံးပစ္စည်းများကို ၁၉၆၄ ခုနှစ် နှင့် ၁၉၆၅ ခုနှစ်တို့၌ အသီးသီး ပြန်လည် ပေးအပ်ခဲ့သည်။
ထိုသို့ အချို့မြန်မာ့အမွေပစ္စည်းများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ သော်လည်း အောက်ပါတို့မှာ ယနေ့တိုင် ကျန်နေဆဲပင်ဖြစ်သည်-
(၁)    ပတ္တမြား ငမောက်ကျောက်
(၂)    လှော်ကားတင်လေးကျောက်၊ ရတီ ၂ဝ
(၃)    လှော်ကားတင်ကြီးကျောက်၊ ရတီ 
    ၄ဝ ကျော်
(၄)    ဆက်မတော်ကျောက်၊ ရတီ ၄ဝ ကျော်
(၅)    စံကျောက်တော်၊ ရတီ ၆
(၆)    အခြား နဂါးဗိုလ်စသောကျောက်များ 
    သာမက
(က)    ဘုရင်နှင့် မိဖုရားပိုင်ပစ္စည်းအချို့ နှင့်    နန်းစဉ်ပစ္စည်းများကို သေတ္တာကြီးငယ်တွင်  ထည့်၍ ကာနယ်စလေဒင်အား   အပ်ရ သည်။
( ခ )    အလယ်နန်းမတော်  မိဖုရား ဆင်ဖြူမရှင်၏    ကိုယ်ပိုင်ရွှေ၊ ဒင်္ဂါးများနှင့် ရှစ်သိန်းကျော်တန် (ယင်းခေတ်ကာလက တွက်ချက် သောတန်ဖိုး)ပစ္စည်းများ၊
( ဂ )    ဘုရင်နှင့်   မိဖုရားနှစ်ပါးတို့၏ ကိုယ်ပိုင်ပစ္စည်းများ၊ ကနုကမာ သေတ္တာတွင် ထည့်သွင်း၍အပ်ရ သည်။ ယင်းတို့မှာ-
      ၁။     စိန်၊ မြ၊ ပတ္တမြား 
        နားတောင်းတော်    ၁၂  ရန်
      ၂။    ပတ္တမြားစလွယ်    ၁
      ၃။    ဓာတ်တော်ကြီးငယ်    ၂
      ၄။    စိန်ခါးစည်း    ၁
      ၅။ စိန်ပန်းခွေ    ၁
      ၆။ စိန်ပန်းခိုင်    ၃
      ၇။ စိန်လက်ကောက်    ၁ ရန်
      ၈။ စိန်လည်ကပ်    ၂၄
      ၉။ စိန်ကြိုး (ကုံးရေ)    ၁ဝ
    ၁ဝ။ စိန်လက်စွပ်    ၂ဝ
    ၁၁။ ပတ္တမြားလက်စွပ်
    (လှော်ကားတင်ကျောက်)    ၁
    ၁၂။ ကြိုးကျောက်    ၂
    ၁၃။ မောက်ကြီး    ၁
    စုစုပေါင်း     ၇၉ တို့ဖြစ်သည်။
ယင်းပစ္စည်းများအပြင် ကုန်းဘောင် မင်းဆက်တို့၏ ရွှေကိုယ်လေးရုပ်တုများ သည်လည်း အပါအဝင်ဖြစ်ပြီး ယနေ့တိုင် ပြန်လည်မရရှိသေးပေ။
ထို့ကြောင့် အင်္ဂလိပ်တို့၏ ကျူးကျော် စစ်ကြောင့် ဆုံးရှုံးသွားခဲ့ရသော မြန်မာ့ အချုပ်အခြာ အာဏာ၊ မြန်မာ့မြေ၊ မြန်မာ့ အမွေများသည်   တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကြောင့် လွတ်လပ်ရေး ကို ရရှိလာပြီး မြန်မာ့အချုပ်အခြာအာဏာ နှင့် မြန်မာ့မြေဟူ၍ တည်ရှိလာပြီး ယနေ့ အချိန်အခါတွင်         ကမ္ဘာ့အလယ်၌ ရပ်တည်နေနိုင်ပြီဖြစ်သည်။     သို့သော် ဆုံးရှုံးသွားပြီး ပြန်လည်ရရှိရန် ကျန်ရှိနေ သေးသည့်    စာရင်းဝင်/စာရင်းမဝင် မြန်မာ့အမွေ  နန်းစဉ်ပစ္စည်းများကိုမူ ပြန်လည်ရရှိရန် ကြိုးစားကြရမည်ဖြစ်ပေ သည်။  မြန်မာ့အမွေအနှစ်ပစ္စည်းများ သည်  အင်္ဂလန်နိုင်ငံ၌သာမက  အခြား သော  နိုင်ငံများတွင်ပါ  ရှိနေဦးမည်ဟု ထင်မြင်ယူဆရပါသည်။      ။

သမိုင်းသုတေသနနှင့်
အမျိုးသားစာကြည့်တိုက်ဦးစီးဌာန