
ရန်ကုန် စက်တင်ဘာ ၈
မြန်မာ့လက်ရွေးစင် အသင်းနှင့် နီပေါ လက်ရွေးစင်အသင်းတို့၏ ပထမခြေစမ်းပွဲကို စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏ ကွင်း၌ကျင်းပရာ ဂိုးမရှိသရေကျခဲ့ သည်။
မြန်မာအသင်းအနေဖြင့် နှစ် အနည်းငယ်အကြာ အိမ်ကွင်း၌ ပြန်လည်ကစားသည့် ပထမ ခြေစမ်းပွဲတွင် ဂိုးမရှိသရေရလဒ် ဖြင့်သာကျေနပ်ခဲ့ရသည်။ မြန်မာ အသင်းအနေဖြင့် မတ်လနှင့် ဇွန် လ နိုင်ငံတကာရက်သတ္တပတ်များ တွင် ကစားခဲ့သည့် ခြေစမ်းပွဲများ မှ ခြေစွမ်းကိုမမီသလို အဆုံးသတ် ပိုင်းလည်း အားနည်းခဲ့သဖြင့် ဂိုးပေါက် ပျောက်ဆုံးခဲ့ရခြင်းဖြစ် သည်။ နီပေါအသင်းသည် ဒုတိယ ပိုင်းတွင် ပြန်လည်ဖိအားပေး နိုင်ခဲ့ပြီး ပယ်နယ်တီအပါအဝင် ဂိုးသွင်းခွင့် အချို့ အသုံးမချနိုင်ခဲ့သဖြင့် မြန်မာအသင်း ရှုံးပွဲမကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာ သည် ကျော်ဇင်ဖြိုး (ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ရဲမင်း သူ၊ ဟိန်းဇေယျာလင်း၊ နန္ဒကျော်၊ ဝေလင်း အောင်၊ ရန်နိုင်ဦး၊ လွင်မိုးအောင်၊ မောင်မောင် လွင်၊ သန်းပိုင်၊ အောင်သူတို့ကို ပွဲထွက်လူ စာရင်းတွင် အသုံးပြုခဲ့ပြီး ဒုတိယပိုင်းတွင် အောင်ကောင်းမာန်၊ ဆွမ်လမန်၊ စည်သူအောင်၊ စိုးမိုးကျော်၊ ကျော်ဇင်လွင်၊ အောင်လှိုင်ဝင်းတို့ကို လဲလှယ်အသုံးပြုခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်းက ပိုဖိကစားနိုင်သော်လည်း မြန်မာအသင်း၏ တိုက်စစ်တွဲလုံးများမှာ ထိရောက်မှုမရှိသဖြင့် ဂိုးရရန် ရုန်းကန်ခဲ့ရ သည်။ သို့သော် ပထမပိုင်းတွင် မြန်မာအသင်း ဂိုးရနိုင်သည့် အပိုင်အခွင့်အရေးများရခဲ့သော်လည်း သန်းပိုင်နှင့် အောင်သူတို့ အသုံးမချနိုင် ခဲ့သဖြင့် နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် နီပေါ အသင်းကလည်း ပြန်လည်ဖိအားပေးလာရာ ဂိုးသွင်းခွင့်များ အပြန်အလှန်ရရှိခဲ့သည်။ ၅၈ မိနစ်တွင် နီပေါအသင်း ပယ်နယ်တီကန်ခွင့် ရသော်လည်း ဘစ်စတာ၏ကန်ချက်ကို မြန်မာ ဂိုးသမား ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့သည်။ မိနစ် ၆၀ နောက်ပိုင်းတွင် မြန်မာအသင်းကစား အားကျသွားပြီး နည်းပြချုပ် ဖိုက်အွန်ဘိုင်နာ အနေဖြင့် လူစားလဲသင့်သည့်ကစားသမားများ ကို မလဲလှယ်ခဲ့သဖြင့် တိုက်စစ်ပိုင်းတွင် ထင် သလောက် အလုပ်မဖြစ်ခဲ့ပေ။ မြန်မာအသင်း၏ ယခုပွဲကစားသွားသည့်ခြေစွမ်းအရ အောက်တို ဘာတွင် ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားပထမ အဆင့်ခြေစစ်ပွဲတွင် ရုန်းကန်ရမည်ဖြစ် သည်။
မြန်မာအသင်းနှင့် နီပေါအသင်းတို့၏ ဒုတိယခြေစမ်းပွဲကို စက်တင်ဘာ ၁၁ ရက်တွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ် သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး