
မြန်မာကြက်/ဒေသကြက်မျိုးများကို မွေးမြူသူများအနေဖြင့် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်မွေးခြံများတွင် အစာစရိတ် လျှော့ချနိုင်ခြင်းဖြင့် အမြတ်ပိုမိုရရှိနိုင်စေပါသည်။ ပြည်ပမှတင်သွင်းသော အသင့်သုံးအစာများကို ဝယ်ကျွေးပြီး မွေးမြူသောစနစ်မှာ ရေရှည်တွင် ကုန်ကျ စရိတ်များပြားပြီး အဆင်မပြေလှပါ။ စိုက်မွေးလုပ်ငန်းများမှာ အခက်အခဲများကြားမှ စွန့်စားလုပ်ကိုင်နေရသည့် အလုပ်ဖြစ်ရာ ခိုင်မာတိကျ သောစနစ်များကို လေ့လာလုပ်ဆောင်ကြရန် အထူးအရေးကြီးပြီး သုံးစွဲသောစနစ်တစ်ခုသည် ကုန်ကျစရိတ်နည်းသော်လည်း အမြတ်ရရှိမှု ပိုများမှ အောင်မြင်သောစနစ်တစ်ခုဟု သတ်မှတ်နိုင်ပါသည်။
ထို့ကြောင့် ဒေသကြက်၊ ဘဲ မွေးမြူသူများအနေဖြင့် အစာအစိမ်း ကျွေးမွေးသောစနစ်ကို ထည့်သွင်းလုပ်ဆောင်သင့်ပါကြောင်း အောက်ပါ အချက်များဖြင့် တိုက်တွန်းအပ်ပါသည်။
(၁) အစာစိမ်းသည် ကြက်များကို ခံတွင်းကောင်းစေပြီး ဥနှုန်း တိုးတက်စေပါမည်။ ရောဂါဒဏ်/အပူဒဏ်ကို ခံနိုင်စေပါမည်။
(၂) ရေသန့်သန့်ဖြင့် စင်ကြယ်အောင်ဆေးပြီး ခုတ်စဉ်းကျွေးပါ။ လူစားသည့် အစာစိမ်းမှန်သမျှ ကျွေးလို့ရပါသည်။
(၃) သန်ချဆေးမှန်မှန်တိုက်ကျွေးပါ။
(၄) စတင်ကျွေးစဉ်တွင် များများကျွေးပါက ဝမ်းပျော့တတ်ပါသည်။ နည်းနည်းစီ တိုး၍ကျွေးပါ။
(၅) အစာတစ်မျိုးနှင့်တစ်မျိုး ပြောင်းလဲကျွေးလျှင်လည်း နည်းနည်း စီ တိုးပြီးကျွေးပါ။
(၆) တစ်ပတ်ခန့်ကျွေးပြီးလျှင် ဝမ်းပျော့မှု အစာမကြေမှုကို ကာကွယ်နိုင်ပါသည်။
(၇) သန့်ပြန့်အောင်လုပ်ထားပါလျက်နှင့် ဝမ်းပျော့ခြင်း ဖြစ်နေ သေးလျှင် ကိုယ်ခံအားနည်းပါးမှုကြောင့်ဖြစ်သဖြင့် အာဟာရ လုံလောက်အောင်ကျွေးပြီး ခုခံအားကောင်းလာစေရန် ဆေးတိုက်ကျွေးရပါမည်။ အစာစိမ်းအတွင်းတွင် ကြက်၏ ကြီးထွားမှုအတွက် ဗီတာမင်ဓာတ်များ ပါရှိရမည်။ အရည် ရွှမ်းသော အစာစိမ်းသည် ခန္ဓာကိုယ်ကျန်းမာရေး အစာအိမ် လမ်းကြောင်း ပုံမှန်လုပ်ဆောင်ရေးတွင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။
(၉) အစာစိမ်းတွင် ရေ ၈၀-၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေပေရာ အစာအိမ်ပြည့်ဝစေရေး အထောက်အကူဖြစ်ပါသည်။ အားဆေး/ခံတွင်းကောင်းစေသောဆေးသဖွယ် ဖြစ်ပါမည်။
(၁၀) အစာစိမ်းကို ကျွေးမွေးခြင်းအားဖြင့် တစ်ကောင်နှင့်တစ်ကောင် ဆိတ်ခြင်း၊ အသားစားခြင်း၊ အမွှေးဆိတ်ခြင်း အကျင့်ဆိုးများ ပျောက်ကင်းစေနိုင်ပါမည်။
(၁၁) အခြားနိုင်ငံများမှ စမ်းသပ်ချက်များအရ ကွင်းပြင်များတွင် လွှတ်ကျောင်းမွေးရာ မြက်ပေါသော နွေဦးကာလတွင် ဥနှုန်း ကောင်းမွန်ပြီး မြက်ခြောက်ချိန် နွေကာလတွင် ဥနှုန်းကျဆင်း ကြောင်း သိရှိရပါသည်။
(၁၂) အစာကြေလွယ်သော အစာစိမ်းများတွင် ဗီတာမင်အေကို ဖြစ်ပေါ်စေမည့် ကယ်ရိုတင်းများ၊ ဗီတာမင် အီး၊ ဘီ၊ စီတို့ကို ဖြစ်ပေါ်စေမည့် ဓာတ်များပါဝင်ပါသည်။
(၁၃) အစာစိမ်းကို စနစ်တကျလုံလောက်အောင် ကျွေးမည်ဆိုလျှင် ဗီတာမင်ဖြည့်စွက်ဆေးများ ထပ်ဆောင်းရန်ပင် မလိုပါ။
(၁၄) စားသုံးနိုင်သည့် အစာစိမ်းများမှာ မြက်နုများ၊ ဂေါ်ဖီရွက်၊ ပဲပင်/ပဲနွယ်များ၊ ကန်စွန်းရွက်၊ ရေမှော်များလည်း ပါဝင်သည်။
(၁၅) အစာစိမ်းကို (နှစ်လ-သုံးလ)သားအရွယ်မှ စတင်ကျွေးနိုင်ပြီး ရေသန့်သန့်နှင့် စင်အောင်ဆေးပြီး ဗန်းထဲထည့်ကျွေးခြင်း၊ အစာခွက်ထဲထည့်ကျွေးခြင်း၊ ကြမ်းခင်းပေါ်ကြဲပက်ကျွေးခြင်း၊ ခြင်းကြားတွင်ထည့်သွင်းကျွေးခြင်းတို့ကို လုပ်ဆောင်နိုင် သည်။
(၁၆) နှစ်လသားမှ လေးလသားအထိ တစ်နေ့လျှင် အစာစိမ်း တစ်ကျပ်သားဝန်းကျင်။ (ငါး-ခြောက်) လသားအရွယ်တွင် ၁ ဒသမ ၅ ကျပ်သား။ ခုနစ်လသားအထက် ၂ ဒသမ ၅ ကျပ်သားအထိ ကျွေးမွေးနိုင်သည်။
(၁၇) အစာစိမ်းများသည် မြက်များကဲ့သို့ပင် ကစီဓာတ်၊ ပရိုတင်း ဓာတ်များ ရရှိ၍ အနုအရင့်ပေါ် မူတည်ပြီး အမျှင်ဓာတ် အနည်း အများ ကွာခြားပါသည်။ အစာနုများသည် အစာပိုကြေလွယ်ပြီး အာဟာရတန်ဖိုးမြင့်မားသည်။
(၁၈) ကန်စွန်းရွက်တွင် အာဟာရဓာတ်များအပြင် သတ္တုဓာတ် များလည်း ပါရှိသည်။ အလားတူ ရေမှော်များတွင်လည်း ပါရှိ သည်။
(၁၉) သောက်ရေအတွင်း အီးအမ်နှင့် ငါးအမိုင်နိုအက်စစ်တို့ကို ဖျော်စပ်တိုက်ကျွေးခြင်းအားဖြင့် ရောဂါဒဏ်ခံနိုင်ရည်ရှိစေပြီး အသားတိုးနှုန်း/ဥနှုန်း ကောင်းမွန်စေပါမည်။
သို့ဖြစ်ပါ၍ မိမိအနားတွင် အလွယ်တကူရရှိသော အစာစိမ်းများကို ကျွေးမွေးခြင်းဖြင့် အမြတ်ပိုမိုရရှိစေနိုင်မည့် စနစ်တစ်ခုဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
နန်းထက်ထက်ချစ်