မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း ၉၉၉ တွဲ ရောင်းချနိုင်ခဲ့

 

နေပြည်တော်   အောက်တိုဘာ   ၂၇


၂၀၂၃  ခုနှစ်  နှစ်လယ်  မြန်မာ့ကျောက်မျက်ရတနာပြပွဲ  အဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ယနေ့    နံနက်ပိုင်းမှစတင်၍     ပြည်တွင်းရတနာကုန်သည်များက မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့်  ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။


ယနေ့ပြပွဲတွင်    MSME     လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  အုပ်စု (C)  မှ ကျောက်စိမ်းအသားကျောက်   ၁၀၀၀   ကို    မြန်မာကျပ် ငွေဖြင့် ပြည်တွင်းရတနာကုန်သည်များအား   အိတ်ဖွင့်တင်ဒါစနစ်ဖြင့်   ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၉၉၉ တွဲ ရောင်းချရကြောင်း ကြေညာသည်။ 


ထို့နောက်   ပြပွဲနောက်ဆုံးနေ့တွင်   ရောင်းချမည့်  ကျောက်စိမ်း အသားကျောက်   ၇၉၂  တွဲကို   ပြည်တွင်းရတနာ   ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး   ဈေးနှုန်းတင်သွင်းလွှာများကို   သက်ဆိုင်ရာ  တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ယင်းကျောက်စိမ်းအတွဲပေါင်း  ၇၉၂ တွဲ၏ ဈေးနှုန်းတင်သွင်းလွှာ များကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံး များကို ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီ တွင်  ရောင်းချရသည့်  ကျောက်စိမ်းအတွဲများကို   ကြေညာသွားမည် ဖြစ်သည်။ 


၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပုလဲအတွဲ ၃၀၀ နှင့်  ကျောက်မျက်အတွဲ  ၇၃  တွဲကို  ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့်  ရောင်းချနိုင်ခဲ့သည်။ ထို့ပြင် ပြပွဲတွင်   ကျောက်စိမ်းအတွဲပေါင်း  ၄၀၄၅  တွဲကို  နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ   ပြပွဲပဉ္စမနေ့တွင်  ကျောက်စိမ်းအတွဲပေါင်း  ၇၅၀ အနက်  ကျောက်စိမ်းအတွဲ  ၇၀၂ တွဲကို  လည်းကောင်း၊  ပြပွဲဆဋ္ဌမ နေ့တွင် ကျောက်စိမ်းအတွဲပေါင်း  ၇၅၀  အနက် ကျောက်စိမ်းအတွဲ ၆၀၁ တွဲကိုလည်းကောင်း၊  ပြပွဲသတ္တမနေ့တွင်  ကျောက်စိမ်းအတွဲ ပေါင်း  ၇၅၃ အနက်  ကျောက်စိမ်းအတွဲပေါင်း  ၆၂၃  တွဲနှင့် ပြပွဲအဋ္ဌမ နေ့တွင်  ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ အနက်   ကျောက်စိမ်းအတွဲ ပေါင်း ၉၉၉ တွဲကို  ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျောက်စိမ်း အတွဲပေါင်း    ၇၉၂ တွဲကို  ပြပွဲနောက်ဆုံးနေ့ဖြစ်သည့် အောက်တိုဘာ  ၂၈ ရက်တွင်   ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း   သိရ သည်။    

သတင်းစဉ်