
ရန်ကုန် ဒီဇင်ဘာ ၁၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီး ဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် မြန်မာနိုင်ငံဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ “Unlocking the Power of AI Technology: Empowering Universities and Enterprises for Accelerating Digital Myanmar” URI Collaboration Forum ကို ယနေ့တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ UMFCCI နှင့် ညီနောင်အသင်း များမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင် များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ပူးပေါင်းဆောင်ရွက်မှုလိုအပ်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက Video Conference ဖြင့် အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စွန့်ဦး တီထွင်စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင် နိုင်ရန်အတွက် ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းများအကြား ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း၊ တက္ကသိုလ် - သုတေသနဌာန - စီးပွားရေးလုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် တီထွင်ဖန်တီးမှု၊ နည်းပညာကျွမ်းကျင်မှုများကို စီးပွားဖြစ် ထုတ်လုပ်နိုင်သည်အထိ ဖြန့်ကြက်နိုင်ပြီး ပြည်တွင်း ထုတ်လုပ်မှုစွမ်းအားများနှင့် ကုန်သွယ်မှုလုပ်ငန်းများကို မြှင့်တင်ပေးနိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင် က မြန်မာနိုင်ငံဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်တို့က နုတ်ခွန်းဆက်စကားပြောကြား ကြသည်။
ဆွေးနွေး
ယင်းနောက် Speaker Session နှင့် Panel Discussion တို့တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ Frontier Myanmar ၊ AMI Myanmar ၊ M Boss FinTech ၊ Level One Company စသည့် ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်များမှ Managing Director များနှင့် CEO များက AI နည်းပညာ၊ အသိပညာပေးခြင်း၊ ဆိုင်ဘာလုံခြုံမှုကဏ္ဍနှင့် စွန့်ဦးတီထွင်လုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ်တို့တွင် ဒစ်ဂျစ်တယ်အသုံးပြုမြှင့်တင်ခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
အဆိုပါ “မြန်မာဒစ်ဂျစ်တယ်နည်းပညာအရှိန်မြင့်မားရေးအတွက် တက္ကသိုလ်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ဉာဏ်ရည်တု နည်းပညာစွမ်းအားမြှင့်တင် အားကောင်းစေခြင်းဆိုင်ရာ University-Research -Industry (URI) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်”ကို ဒစ်ဂျစ် တယ် အသွင်ကူးပြောင်းခြင်းခေတ်တွင် ဉာဏ်ရည်တု Artificial Intelli-gence (AI) နည်းပညာကို အသုံးချခြင်းဖြင့် စက်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများတွင် ဆန်းသစ်တီထွင်မှုကို တွန်းအားပေး အရှိန်မြှင့်နိုင်ရန်နှင့် တက္ကသိုလ်များ၊ သုတေသနဌာနများနှင့် စက်မှု လုပ်ငန်းများအကြား AI ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေး နိုင်မည့် ပဏာမခြေလှမ်းကို တွန်းအားပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်