
ရန်ကုန် ဩဂုတ် ၅
မြန်မာ့အုန်းခွံ လက်မှုထုတ် ကုန် အနုပညာပစ္စည်းများကို အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများ နှင့် ဒူဘိုင်းနိုင်ငံမှ စိတ်ဝင်စားနေ ပြီး ဈေးကွက်ရရှိနေကြောင်း အုန်းလက်မှုထုတ်ကုန်လုပ်ငန်းရှင် ထံမှ သိရသည်။
လက်ရှိအချိန်တွင် မြန်မာ့ အုန်းခွံလက်မှု အနုပညာပစ္စည်း များကို အာရှနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန် စသည့်နိုင်ငံများမှ ဝယ်ယူ အားပေးလျက်ရှိပြီး ဥရောပနိုင်ငံများဖြစ်သည့် UK နှင့် US တို့မှလည်း မှာယူမှုများရှိသည်ဟုဆိုသည်။
“မြန်မာ့အုန်းခွံလက်မှုအနုပညာပစ္စည်းတွေကို စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေက မှာယူကြတယ်။ ဒူဘိုင်းက မှာယူတာ အချို့ရှိလာသလို ဒူဘိုင်းကလည်းဝယ်ယူဖို့ ဈေးညှိနှိုင်းတာ တွေရှိနေပြီး UK နဲ့ US နိုင်ငံတွေကလည်း မှာယူတာတွေရှိနေတယ်။ သီရိလင်္ကာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ကလည်း အုန်းလက်မှုလုပ်ကိုင် နေသူအချင်းချင်း မှာယူနိုင်ဖို့အွန်လိုင်းကနေ မိတ်ဖွဲ့ထားတွေလည်း ရှိပါတယ်”ဟု အုန်းလက်မှုထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုဖိုးဇော်က ပြောသည်။
အုန်းခွံလက်မှုထုတ်ကုန်များအဖြစ် အုန်းခွံဖြင့် ပြုလုပ်ထားသော မီးအိမ်များ၊ အုန်းခွံဖြင့်ပြုလုပ်ထားသော ရေနွေးအိုး၊ ခွက်၊ ဇွန်းများ၊ အုန်းခွံဖြင့်ပြုလုပ်ထားသော ကြယ်သီးများ၊ နားကပ်၊ လည်ဆွဲနှင့် လက်ကိုင်အိတ်အမျိုးမျိုး စသည့်ထွက်ကုန်များကိုထုတ်လုပ်ပြီး အုန်းခွံ ဖြင့်ပြုလုပ်သော ကြယ်သီးများကို ပြည်တွင်း၊ ပြည်ပ အထည်ချုပ်စက်ရုံ များက ကြိုက်နှစ်သက်ပြီး ဝယ်ယူမှု အများဆုံးပစ္စည်းများဖြစ်ကြောင်း သိရသည်။
အုန်းထုတ်ကုန်ပစ္စည်းများ ပြည်ပတွင်ဈေးကွက်ရရှိလာသော်လည်း အခက်အခဲအနေဖြင့် သယ်ယူပို့ဆောင်စရိတ်များကြီးမြင့်ခြင်း၊ ရင်းနှီး မြှုပ်နှံပေးမည့်သူမရှိခြင်းနှင့် လုပ်ငန်းကျွမ်းကျင်ပြီး ပစ္စည်းထုတ်လုပ် နိုင်သည့် လုပ်သားနည်းပါးခြင်းများကို ကြုံတွေ့နေရကြောင်း လုပ်ငန်း ရှင်များထံမှ သိရသည်။
TC