
နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ဝန်ထမ်းများ၊ အနုပညာရှင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး နိုင်ငံတစ်ဝန်းရှိ ထပ်ဆင့်လွှင့်စက်ရုံများမှ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
သီဆိုကပြဖျော်ဖြေ
ရှေးဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ (၇၆) နှစ် သမိုင်းမှတ်တိုင် မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်ရေဒီယိုအမည်မှ စတင်ခဲ့ပြီး ယခုဆိုလျှင် (၇၆)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထည်ထည်ဝါဝါ ရပ်တည်နိုင်ခြင်းသည် တာဝန် ထမ်းဆောင်ခဲ့သူအားလုံး၏ ကြိုးပမ်းမှုကြောင့် ဖြစ်ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြန်ကြားပေး ရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုသည့် အဓိကလုပ်ငန်းရပ်များအပြင် နိုင်ငံတော်က အလေး ထားရသော၊ ပြည်သူများအားကိုးရသော ဝန်ကြီးဌာန ဖြစ်အောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်နှင့်ညီသော၊ နုပျိုသစ်လွင်သော အစီအစဉ် ကောင်းများ တင်ဆက်နိုင်ရန်လည်း စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေ ဖြင့် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေ အနုပညာရှင်များနှင့် လည်း လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ MRTV News Channel အသစ်တစ်ခုကို ဖေဖော်ဝါရီ ၁ ရက် တွင် ထပ်မံထုတ်လွှင့်နိုင်ခဲ့ပြီး နောက်ပိုင်းတွင်လည်း အစီအစဉ်အသစ်များ၊ ရုပ်သံလိုင်းအသစ်များ ထပ်မံ ထုတ်လွှင့်၍ ပြည်သူများအတွက် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လာမည့်ကာလတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မီဒီယာစွမ်းအားဖြင့် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ရာ ဝန်ထမ်းများ၊ အနုပညာရှင်များကလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ဆုများပေးအပ်ချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း ၊ ဦးအောင်နိုင်ဦးနှင့် ဒေါက်တာပွင့်ဆန်းတို့က ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြ သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများအတွက် ငွေကျပ် ၁၆၆၀၇၀၀၀ တန်ဖိုးရှိ တူညီဝတ်စုံများကို ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ ပေးအပ်သည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “ရှင်သန်နေမည် MRTV” တေးသီချင်း ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် စန္ဒရားကွန်းဇော် တေးဂီတအဖွဲ့နှင့် အနုပညာရှင်များက တေးသီချင်းများ သီဆိုဖျော်ဖြေ ကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက အဉ္ဇလီအငြိမ့်အဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်ကြ သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက အနုပညာရှင်များနှင့် ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြု ပန်းခြင်းပေးအပ်ပြီး (အပေါ်ပုံ) အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံ ၏ ပထမဦးဆုံးသော ရေဒီယိုနှင့် ရုပ်သံလွှင့်လုပ်ငန်း တစ်ခုဖြစ်ပြီး ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် ရည်မှန်းချက်များနှင့်အညီ ထုတ်လွှင့် တင်ဆက်လျက်ရှိသည်။
၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန် ရေဒီယို (Rangoon Radio)မှ ဗမာ့အသံ ( Burma Broadcasting Service-BBS ) အမည်ဖြင့် စတင် အသုံးပြုခဲ့ပြီး ၁၉၈၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်တွင် ရောင်စုံရုပ်မြင်သံကြားအဖြစ် စတင်ပုံမှန်ထုတ်လွှင့် ခဲ့သည်။
ယခုအခါ MRTV HD ၊ MRTV News ၊ MRTV NRC ၊ MRTV Farmers’ ၊ MRTV Parliament ၊ MRTV Sports ရုပ်သံလိုင်းများနှင့် ဆက်စပ်ရုပ်သံလိုင်းအဖြစ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် MITV ရုပ်သံ လိုင်းများ ထုတ်လွှင့်လျက်ရှိပြီး မြန်မာ့အသံရေဒီယို၊ သပြေရေဒီယို၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် Myanma Radio၊ တိုင်းရင်းသားဘာသာ ၁၇ မျိုး ပါဝင်သည့် တိုင်းရင်းသားဘာသာ အစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိသည်။
FM ရေဒီယိုလွှင့်စက်များ တိုးချဲ့တပ်ဆင်
မြန်မာနိုင်ငံအရပ်ရပ်မှ အများပြည်သူများ အရုပ်၊ အသံအရည်အသွေးကောင်းမွန်သည့် အစီအစဉ်များ ကို ဖမ်းယူကြည့်ရှုနားဆင်နိုင်ရန် မြန်မာနိုင်ငံတစ်ဝန်း ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံပေါင်း ၂၅၈ ရုံ ဖွင့်လှစ်ထားရှိပြီး မြန်မာ့အသံ FM ရေဒီယိုလွှင့်စက် များ တိုးချဲ့တပ်ဆင်ထားသည့် စက်ရုံ ၈၅ ရုံ၊ Digital စနစ်ဖြင့် ထုတ်လွှင့်သည့် DVB T2 လွှင့်စက် တပ်ဆင် ထားသည့် စက်ရုံပေါင်း ၁၅၃ ရုံ ဖြင့် ထုတ်လွှင့်လျက် ရှိသည်။
သတင်းစဉ်