
မြဝတီ ဧပြီ ၃၀
ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ယနေ့ နံနက် ၈ နာရီခွဲက ပြန်လည် ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများ ပုံမှန်လည်ပတ်နေပြီဖြစ် ကြောင်း သိရသည်။
အဆိုပါ မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ဧပြီ ၂၀ ရက် ဖြစ်စဉ်များအရ ကုန်သွယ်မှုဆိုင်ရာ ကုန်တင်ယာဉ်များ ဝင်ထွက်သွားလာ ခွင့် ယာယီရပ်ဆိုင်းထားခဲ့ရပြီး ယနေ့ နံနက်ပိုင်းက တံတား အမှတ်(၂) တွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံ နှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်၍ မြဝတီ ကုန်သွယ်ရေးဇုန် OSS တွင် အကောက်ခွန် ဆိုင်ရာ ကုန်ပစ္စည်းတင်သွင်း၊ တင်ပို့မှု လုပ်ငန်းစဉ်များအား MANUAL စနစ်ဖြင့် ဆောင်ရွက်ခြင်းများကို ယနေ့ နံနက် ၉ နာရီခွဲက စတင်ဆောင်ရွက်သည်။
မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းရာ ဝင်ပေါက်တစ်ခုဖြစ်သည့် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို ပုံမှန် လည်ပတ်နေပြီဖြစ်သော်လည်း MOU စနစ်ဖြင့် တစ်ဖက်နိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသည့် လုပ်သားများအား ပြန်လည်၍ ကြိုဆိုနေရာချထားရေး လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နိုင် ရန် တင်ပြထားပြီးဖြစ်ကြောင်း တာဝန် ရှိသူက ပြောသည်။
မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည် ရေးတံတားမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံတော်အတွက် အခွန်ဝင်ငွေ အားဖြင့် မြန်မာငွေကျပ်သန်း ၄၁၄၆၅ ဒသမ ၆၉၉၊ အခြားအခွန်ရငွေ ကျပ်သန်း ၄၄၈၅ ဒသမ ၂၆၅၊ စုစုပေါင်း အခွန် ငွေကျပ်သန်း ၄၅၉၅၀ ဒသမ ၉၆၄ တိတိ ရှာဖွေပေးနိုင်ကြောင်းနှင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများကို ယခင်နှစ်ထက် ပိုမို ဆောင်ရွက်သွားနိုင်ရန် မျှော်မှန်းထား ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)