
နေပြည်တော် အောက်တိုဘာ ၁၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးမြင့်ဦးတို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ယမန် နေ့ နံနက်ပိုင်းတွင် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရုရှားကုမ္ပဏီများမှ ခင်းကျင်းပြသ ထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် JSC "Power Machines" ကုမ္ပဏီမှ အမှုဆောင်အရာရှိ ချုပ် Mr. Alexander KONYUKHOV ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံရာ Mr. Alexander KONYUKHOV က မိမိတို့ကုမ္ပဏီသည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ၌ Hydropower ၊ Atomic power နှင့် Thermal power များနှင့်ပတ်သက်၍ စက်ပစ္စည်းကိရိယာများ ထုတ်လုပ်လျက်ရှိပါကြောင်း၊ အခြားကမ္ဘာ့နိုင်ငံများ နှင့် မြန်မာနိုင်ငံသို့လည်း တင်ပို့ပေးနိုင်ခဲ့ပါကြောင်း ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးက JSC " Power Machi-nes" ကုမ္ပဏီသည် Power Machines များစွာ ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ် စက်ရုံများအတွက်လည်း လိုအပ်သည့် စက်ပစ္စည်း များကို တင်ပို့ရောင်းချနိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် Hydromatrix နှင့်ပတ်သက်ပြီး 6 MW ခန့်နှင့် Low Head နှင့််ပတ်သက်ပြီး 66 MW ခန့် ထွက်ရှိမည့် နေရာများ အသင့်ရှိသည့်အတွက် မြန်မာနိုင်ငံအတွင်း ရှိ ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင် ကြောင်းနှင့် နောင်ခရီးစဉ်များတွင် ရုရှားနိုင်ငံရှိ ရေအားလျှပ်စစ်စက်ရုံများသို့လည်း သွားရောက် လေ့လာလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်၏ Plenary Session တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် မိန့်ခွန်း ပြောကြားသည့် အခမ်းအနားသို့ တက်ရောက် သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ရုရှားနိုင်ငံ GASPROM NEFT ကုမ္ပဏီမှ Deputy CEO For International Business ဖြစ်သူ Mr. Pavel Oderov နှင့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် Mr. Pavel Oderov မှ GASPROM NEFT က ကမ္ဘာအရပ်ရပ်တွင် ဆောင်ရွက် လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ရေနံနှင့်် သဘာဝဓာတ်ငွေ့ လာရောက်ရှာဖွေတူးဖော်ရေးကိစ္စ များ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ ရေနံ လုပ်ငန်းသုံး ပစ္စည်းများအတွက် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သော အခွင့်အလမ်းများ ကို ဖိတ်ခေါ်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး သည် TATNEFT ကုမ္ပဏီလက်အောက်ခံ TANECO ကုမ္ပဏီမှ Department for Oil and Gas Project Ouside Tatarstan ၏ ဌာနအကြီးအကဲ Mr. Alek-sandr Fedorov နှင့်တွေ့ဆုံခဲ့ပြီး ရေနံချက်စက်ရုံ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရေးကိစ္စများကို အသေးစိတ်ဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသောင်း ဟန်၊ ဦးမျိုးမြင့်ဦး၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့ သည် ညနေပိုင်းတွင် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်ရှိ Rosatom ကုမ္ပဏီ၏ ပြခန်းအစည်းအဝေးခန်းမတွင် Rosatom ကုမ္ပဏီ ၏ Deputy Director General of State Atomic Energy Corporation ဖြစ်သူ Mr. Nikolai N. Spasskiy ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး သည်။
Rosatom ကုမ္ပဏီမှ Mr. Nikolai N. Spasskiy က ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား Russia Energy Week တွင် တွေ့ဆုံဆွေးနွေးခွင့်ရသည့် အပေါ် ဝမ်းသာပါ ကြောင်းနှင့် ယခင်ခရီးစဉ်အတွင်း တွေ့ဆုံမှုမှ ပူးပေါင်းဆောင်ရွက်နိုင်မှု အောင်မြင်ခြင်း အနေဖြင့် MOU ရေးထိုးနိုင်ခဲ့ပြီး အရှေ့ဖျားဖိုရမ်တွင် Road Map ကိုလည်း အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် ပထမဆုံးရလဒ်များ ထွက်ပေါ် လာနိုင်မည်ဟု မျှော်မှန်းထားပါကြောင်း၊ နောင် လာရောက်မည့်ခရီးစဉ်တွင်လည်း စိန့်ပီတာစဘတ် မြို့တွင် ဆောင်ရွက်ထားသည့် Generation 3 Plus နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံကိုလည်း လေ့လာနိုင်ရေးနှင့် Information Center ကိုလည်း ပြသနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် က မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်သွားမည့် နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကိစ္စတို့ကို မြန်မာ နိုင်ငံတွင် ဆောလျင်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင် ရေးနှင့် အခြားစက်မှုလက်မှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်