
နေပြည်တော် ဇွန် ၁
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ များအကြား ဒေသကွပ်ကဲရေးမှူး အဆင့်အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် မောင်တောမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် ထက်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှုဌာနချုပ်(ကော့စ်ဘဇ္ဇား)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် Najm-Us-Sakib ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။
ဆွေးနွေး
အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များအနီး အဆောက်အဦ ဆောက်လုပ်မှုများဖျက်သိမ်းရေး၊ နယ်စပ်ဒေသ အတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ လှုပ်ရှားနေမှု၊ ပစ်ခတ်မှုဖြစ်စဉ်များ စသည့်သတင်း များနှင့်စပ်လျဉ်း၍ အပြန်အလှန်သတင်းဖလှယ် ပေးရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်များ အတွင်းနှင့် နယ်စပ်တစ်လျှောက် နတ်မြစ်ဖြတ်ကျော် သွားလာလှုပ်ရှား၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကျူးလွန်မှုများနှင့်ပတ်သက်၍ မြေပြင်သတင်းစုံစမ်း ဖော်ထုတ်ရေးနှင့်တားဆီးနှိမ်နင်းရေး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ခြံစည်းရိုး အား တရားမဝင်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိရောက်စွာတားဆီးပေးနိုင်ရေး၊ နှစ်နိုင်ငံနယ်ခြား စောင့်တပ်ဖွဲ့များအကြား ပူးတွဲကင်းလှည့်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ သတင်းအချက်အလက်ဖလှယ်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရေး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး (မောင်တော-တက္ကနာ့ဖ်) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်လေးစားမှုတို့ ပိုမို ဖြစ်ထွန်းနိုင်ရေးအတွက် ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများ၊ ယဉ်ကျေးမှုဖလှယ်မည့်ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ ပြုလုပ်နိုင်ရေး နှစ်ဖက် ညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နှစ်ဖက်နယ်ခြားစောင့်တပ်ဖွဲ့ ကိုယ်စားလှယ်များအကြား လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်