
မန္တလေး ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်း တောင်အနီး ရှင်တော်ကုန်းကျေးရွာတွင် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းတည်ဆောက်နေမှု သည် လက်ရှိတွင် ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ လာမည့် ဇွန်လအတွင်း ငှားရမ်းနေထိုင်ခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသ ကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
တိုင်းဒေသကြီးအတွင်းမှ အိမ်ရာဝယ်ယူနိုင်စွမ်း မရှိသည့် ဝင်ငွေနည်းပြည်သူများ၊ အငြိမ်းစားဝန်ထမ်း များ၊ အငြိမ်းစားယူရန်နီးကပ်နေသည့် ဝန်ထမ်းများ၊ ဝင်ငွေနည်းကုမ္ပဏီဝန်ထမ်းများ နေထိုင်ရေးအဆင် ပြေစေရန် ရည်ရွယ်၍ ပြည်သူ့အငှားအိမ်ရာစီမံကိန်း ကို ခန့်မှန်းကုန်ကျငွေကျပ် ၄၁ ဒသမ ၆ ဘီလီယံသုံးစွဲ ကာ ၂၀၂၀ သြဂုတ် ၂၈ ရက်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ပြီးစီးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ၈၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင် ထံမှ သိရသည်။
“ပြည်သူ့အငှားအိမ်ရာမှာ ငှားရမ်းနေထိုင်ခွင့်ကို လျှောက်ထားသူရဲ့ ဝင်ငွေပေါ်မူတည်ပြီး ဝင်ငွေနဲ့ ကိုက်ညီတဲ့ အိမ်ခန်းကို ခွင့်ပြုပေးသွားမှာပါ။ ငှားရမ်း နေထိုင်ခွင့်သက်တမ်းကို တစ်ကြိမ်လျှင် ငါးနှစ်နဲ့ အများဆုံး နှစ်ကြိမ်ခွင့်ပြုမယ်။ နှစ်စဉ် အိမ်ငှား ဦးစီး ကိုယ်တိုင် သက်တမ်းတိုးခြင်းကို ဆောင်ရွက်ရပါ မယ်။ မသန်စွမ်း/သက်ကြီးရွယ်အိုဖြစ်ပြီး မှီခိုဖို့မရှိ သူများကို ဆက်လက်ငှားရမ်းခွင့်ပြုနိုင်ရေးအတွက် အိမ်ခန်းနေရာချထားရေးကော်မတီရဲ့ ထောက်ခံချက် နဲ့ ဆောင်ရွက်နိုင်ပါတယ်။ ဌာနအနေနဲ့ လောလော ဆယ် နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးနိုင်စေဖို့ ဒီစီမံကိန်းကို အမြန်ဆုံး ပြီးစီးအောင် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် ၆၆၆ စတုရန်းပေ အကျယ်အဝန်းရှိ လေးခန်းတွဲ ငါးထပ် အဆောက်အအုံအလုံးရေ ၉၁ လုံး၊ အိမ်ခန်းယူနစ် ပေါင်း ၁၄၅၆ ခန်းကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပြီး အဆိုပါ အိမ်ရာများပြီးစီးပါက အိမ်ခန်းငှားရမ်းနေထိုင်ခွင့်အနေဖြင့် ပျမ်းမျှ တစ်လ ငှားရမ်းခ ငွေကျပ် ၄၀၀၀၀ မှ ၅၀၀၀၀ ကြား၊ အထပ် အနိမ့်အမြင့် အပေါ်မူတည်၍ သတ်မှတ်သွားမည် ဖြစ်ကြောင်းနှင့် အိမ်ခန်းချထားရေးမူဝါဒနှင့် အိမ်ခန်းငှားရမ်းခ ဈေးနှုန်းသတ်မှတ်ချက်ကို ဦးစီးကော်မတီနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူ့အငှားအိမ်ရာစီမံကိန်းများကို ရန်ကုန်မြို့ တွင် အဆောက်အအုံ ၁၉၄ လုံး အိမ်ခန်းယူနစ်ပေါင်း ၃၁၀၄ ခန်း၊ နေပြည်တော်တွင် အဆောက်အအုံ ၂၈ လုံး အိမ်ခန်းယူနစ်ပေါင်း ၄၄၈ ခန်းနှင့် မန္တလေးမြို့ တွင် အဆောက်အအုံ ၉၁ လုံး အိမ်ခန်းယူနစ်ပေါင်း ၁၄၅၆ ခန်းပါသည့် စီမံကိန်းများအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)