
ရန်ကုန် ဇန်နဝါရီ ၁၆
မင်္ဂလာဒုံမြို့နယ် ပြည်တော်သာရပ်ကွက် သမိုင်းဝင်ကျိုက္ကလော့ စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွတ်တင်လှူခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မင်္ဂလာဒုံတပ်နယ်မှူး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ “နမောတဿ” သုံး ကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သမိုင်း ဝင် ကျိုက္ကလော့စေတီတော်ကြီး ၏ သြဝါဒါစရိယ ဆရာတော်ထံမှ ဧည့် ပရိသတ်များက ကိုး ပါး သီလခံယူ ဆောက်တည်၍ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။
ထို့နောက် ဝန်ကြီးချုပ် အမှူးပြုသော ဘုရားဒါယကာ၊ ဒါယိကာမများက စေတီတော် အထွတ်တွင် တင်လှူမည့် စိန်ဖူး တော်၊ ငှက်မြတ်နားတော်များကို သံဃာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ်လှူဒါန်းပြီး စေတီတော်အား လက်ယာရစ်လှည့်၍အပူဇော်ခံ ကာ ရထားပျံမဏ္ဍပ်သို့ ပင့်ဆောင် ကြသည်။
ဆက်လက်၍ သံဃာတော် အရှင်သူမြတ်များနှင့် ဝန်ကြီးချုပ် အမှူးပြုသော ဘုရားဒါယကာ၊ ဒါယိကာမများ၊ ဧည့်ပရိသတ်များ က စိန်ဖူးတော်၊ ငှက်မြတ်နားတော် များကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ မင်္ဂလာရထားပျံ ဖြင့် စေတီတော်ငြမ်းထက်သို့ ပင့်ဆောင် ပူဇော်ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီး၊ တပ်နယ် မှူးနှင့် ဘုရားဒါယကာများသည် မင်္ဂလာအချိန်တွင် ရွှေထီးတော် အထွတ်တွင် စိန်ဖူးတော်မြတ်ကိုတင်လှူပူဇော်ကြပြီး ရတနာရွှေမိုး ငွေမိုး ရွာသွန်းဖြိုးကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)