
မင်းဘူး မတ် ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကိုင်းမကြီးကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုင်းမကြီးကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ မတ် ၁၂ ရက်က ထောက်ပံ့ပေးအပ်သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးဘေးသင့် အိမ်ထောင်စုများမှ ပြည်သူများနှင့် တွေ့ဆုံကာ မီးလောင်မှုနှင့် ပတ်သက်၍ အားပေးစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တစ်အိမ်ထောင်လျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် မီးဘေးသင့် အိမ်ထောင်စုစုပေါင်း ၇၂ စုအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၁၆ သိန်းကို ထောက်ပံ့ ပေးအပ်ကာ ဝန်ကြီးများနှင့် တာဝန်ရှိသူများကလည်း ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ထောက် ပံ့ပေးအပ်ခဲ့ကြသည်။ မီးဘေးသင့်အိမ်ထောင်စု ဒေသခံများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြမှုကိုလည်း ဝန်ကြီးချုပ်က လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကိုင်းမကြီးကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စု ပေါင်း ၇၂ စု၌ လူဦးရေ ၂၇၀ ခန့် နေထိုင်ကြပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်အိမ်ထောင် လျှင် ငွေကျပ်သုံးသိန်းနှုန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၈၈၆၇၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ၇၂ ပုံး၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ မိသားစုများက ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် နို့ဆီများ၊ အခြေခံပညာဦးစီးဌာနက မီးဘေးသင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်နှင့် စာရေး ကိရိယာများ၊ ကောင်းမွန်မိသားစု (မကွေး) က တစ်အိမ်ထောင်လျှင် ဆန်ခြောက်ပြည်နှင့် ရေသန့် လီတာ ၂၀ တစ်ဘူး၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း (မင်းဘူး)က တစ်အိမ် ထောင်လျှင် ဆန်တစ်ပြည်၊ ရေသန့်တစ်ကတ်နှင့် မုန့်မျိုးစုံတစ်ထုပ်တို့ ထောက်ပံ့သည့်အပြင် အနယ် နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များနှင့် ပရဟိတအဖွဲ့အစည်းများကလည်း အလှူငွေ၊ ဆေးဝါး၊ ရေသန့်၊ အစားအသောက်နှင့် အဝတ် အထည်များ ဝိုင်းဝန်းကူညီလှူဒါန်း ပေးလျက်ရှိသည်။
မီးလောင်မှုမှာ မတ် ၁၁ ရက် ညနေ ၅ နာရီခွဲက အဆိုပါကျေးရွာရှိ ဒေါ်မြင့်မြင့်သန်း၏ နေအိမ် နွားတင်းကုတ်အတွင်း မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု စုပေါင်း ၇၂ စု အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း၊ မီးဘေးသင့် အိမ်ထောင်စုများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်း ပြီး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မီးဘေးသင့် အိမ်ထောင်စုများ လတ်တလော စားဝတ်နေရေး အတွက် သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်ပေးထား ပြီး အိမ်ထောင်စုအလိုက် ဝိုင်းမြေကွက်များ အမြန်ဆုံး ပြန်လည်ချထားပေးနိုင်ရေးအတွက်လည်း ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
မောင်ညီညာ