မမေ့အပ်သော အာဇာနည်နေ့နှင့် ပြည်သူပြည်သားအားလုံး ဖြည့်ဆည်းရန်တာဝန်ရှိသည့် အာဇာနည်တို့ မျှော်မှန်းသောပန်းတိုင် . . .

Type
5

 

ခင်ရတနာ

 

ဇူလိုင်လ ၁၉ ရက်နေ့သည့်  မိမိတို့နိုင်ငံသားအားလုံးအတွက်  အစဉ်အောက်မေ့ လွမ်းဆွတ်ဖွယ် နေ့တစ်ရက်ဖြစ်ခဲ့သည်မှာ  ၇၇ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ကိုလိုနီတို့လက်အောက်  နှစ်ပေါင်း  ၁၀၀  ကျော်မျှ နေထိုင်ခဲ့ရပြီး လွတ်လပ်ရေး၏ အသီးအပွင့်တို့ ဖူးပွင့်လာဖို့ လက်တစ်ကမ်းအလို၊ တောင်ပေါ်မြေပြန့် အတူအကွ ပေါင်းစည်းကာ လွတ်လပ်သော မြန်မာနိုင်ငံဖြစ်လာစေဖို့  စစ်ရေး၊  နိုင်ငံရေးအရ  ဦးဆောင်ကြိုးပမ်းနေသည့်  ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ဟု သတ်မှတ်ခံထိုက်သည့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသောနေ့၊ ပြည်သူပြည်သားတို့ မျက်ရည်မဆည်နိုင် ငိုပွဲကြုံရသည့်နေ့ တစ်နည်းအား ဖြင့် ယနေ့နှောင်းလူတို့တိုင် ဝမ်းနည်းယူကျုံးမရဖြစ်ရသည့် နေ့တစ်နေ့ပင် မဟုတ်ပါလော။
အာဇာနည်ဆိုသည့် ဝေါဟာရမှာ အာဇာနေယျ ဟူသည့်   ပါဠိမှဆင်းသက်လာပြီး  လျင်မြန်စွာ သိတတ်သူဟု အဓိပ္ပာယ်ရသည်။ ပါဠိသက်ဝေါဟာရ အဘိဓာန်တွင် “သင့်မသင့်ကို ခဏချင်းသိ၍ ရဲဝံ့စွာ ဆောင်ရွက်တတ်သူ”ဟု  ဖွင့်ဆိုထားပြီး  မြန်မာ အဘိဓာန်၌မူ “ အကြောင်းဟုတ်သည်၊ မဟုတ်သည် ကို  ကောင်းစွာသိသူ၊  သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ” ဟု  အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ဓမ္မပဒတွင်မူ “အာဇာနည်တစ်ဦး ပေါ်ပေါက်လာခဲ့ပါက ထိုနေရာသည် ချမ်းသာရန် သေချာသွားပေပြီ”ဟု ညွှန်းဆိုထားသည်။


အာဇာနည်ဟူသည့် ဘွဲ့ထူးသည်ကား အများ အကျိုးအတွက်  ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံ၍ ရဲစွမ်းသတ္တိကို အခြေခံကာ အသက်နှင့်ရင်းပြီး နိုင်ငံ အတွက် စွန့်လွှတ်ကြိုးပမ်းသူများအား ပြည်သူ အများက “အာဇာနည်”ဟု   နှလုံးသားထက်ဝယ် ဦးညွှတ်ချီးကျူးဂုဏ်ပြုရာမှသည်      ကမ္ပည်းတင် ရေးထိုးခြင်းခံရသူများဟု ညွှန်းဆိုလိုပါသည်။
အတိတ်သမိုင်းကို    ပြန်ကြည့်မည်ဆိုလျှင် အင်္ဂလိပ်တို့က ကျူးကျော်စစ်ပွဲ သုံးကြိမ်ကာလတို့ အပြင် ကိုလိုနီခေတ်တစ်လျှောက် သမိုင်းမတင်သော် လည်း  အာဇာနည်စိတ်ဓာတ်ဖြင့်  တိုင်းပြည်နှင့် လူမျိုးအတွက်  သက်စွန့်ကြိုးပမ်းသူ  မျိုးချစ်သူရဲ ကောင်းများမှာ နိုင်ငံတစ်ဝန်း တောင်တန်း၊ ပြည်မ ဒေသစုံတွင်    ရှိနှင့်ခဲ့ပြီးဖြစ်သည်။  တောင်ပေါ်၊  ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးအတွက် အတူတကွ တိုက်ပွဲဝင်ခဲ့ကြချိန် ဗမာ့တပ်မတော်လက်အောက် ဝယ် မြန်မာလူမျိုးများသာမက တိုင်းရင်းသားလူမျိုး ပေါင်းစုံ ပါဝင်ခဲ့သည်။
မိမိတို့နိုင်ငံ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်တို့စတင်တည်ထောင်ခဲ့သည့်   ဗမာ့လွတ်လပ်ရေး တပ်မတော်၏   အောင်မြင်မှုကြောင့်  နယ်ချဲ့တို့ များစွာခေါင်းကိုက်ခဲ့ကြရသည်။ လွတ်လပ်ရေးကို အနုနည်းနှင့်မရလျှင် အကြမ်းနည်းသုံး၍ တိုက်ယူ မည့်   ခေါင်းဆောင်များ၏  သံမဏိခွန်အားသည် ပြည်သူတို့အကြား  အမျိုးသားရေးစိတ်ဓာတ်များ တစ်ခဲနက်       ပိုမိုပွင့်လန်းနိုးကြားလာခဲ့သည်။ ဦးဆောင်သူများ၏   တက်ကြွထက်သန်သော စိတ်စေတနာ၊      အနစ်နာခံမှု၊     တိုင်းရင်းသား ခေါင်းဆောင်များ၏   တစ်ထပ်တည်း  နားလည် ပူးပေါင်းမှုတို့၏ ပြယုဂ်အဖြစ် ဗိုလ်ချုပ်တို့မကျဆုံးမီ နှစ်ဆန်းပိုင်းဖြစ်သည့်  ၁၉၄၇  ခုနှစ် ဇန်နဝါရီ ၂၇ ရက်၌ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုနိုင် ခဲ့ခြင်း၊   စာချုပ်ပါအတိုင်း  ဧပြီလတွင်  တိုင်းပြု ပြည်ပြု  လွှတ်တော်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း   ဦးဆောင်သည့်  ဖဆပလ အဖွဲ့ကြီးက   အနိုင်ရရှိခဲ့ခြင်း၊  ဖဆပလအဖွဲ့၏ ညှိနှိုင်းစည်းရုံးမှုနှင့်အတူ တိုင်းရင်းသားခေါင်းဆောင် ကြီးများပါဝင်လျက် မြေပြန့်တောင်ပေါ် မခွဲခြားဘဲ လွတ်လပ်ရေးကို အတူတကွ အရယူမည်ဟူသည့် တူညီသည့်သဘောထားများ ပါဝင်သော ပင်လုံ စာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ  ၁၂  ရက်တွင် ချုပ်ဆိုနိုင်ခဲ့ခြင်းတို့မှာ လွတ်လပ်ရေး အောင်ပန်း ရရှိရေး၌ ကြီးမားစွာ အထောက်အကူပြုခဲ့သည်။


သမိုင်းဝင်အာဇာနည်နေ့
ယင်းကာလ     ဝန်ကြီးများအစည်းအဝေးကို ပုံမှန်အားဖြင့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပလေ့ရှိသော် လည်း    လွှတ်တော်ကော်မတီအစည်းအဝေးနှင့် တိုက်ဆိုင်နေသဖြင့် ၁၉၄၇ နှစ် ဇူလိုင်လ ၁၉  ရက် (စနေနေ့) သို့ ရွှေ့ဆိုင်းလိုက်ခြင်းသည် နိုင်ငံအတွက် ကြမ္မာငင်ကာ   အကျည်းတန်စေခဲ့ခြင်းပေလား။ နိုင်ငံ့လွတ်လပ်ရေးအတွက်  အခါမလပ်  ကြံစည် တွေးတောနေခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းအတွက် မိမိကိုယ်တိုင်၏ လုံခြုံရေးမှာမူ ကျိုးပေါက်ခဲ့ရသည်။ မသမာသူတို့ စေလွှတ်လိုက်သည့် လက်မရွံ့တစ်စုက ဝန်ကြီးများအစည်းအဝေးကျင်းပရာ   နေရာသို့ ရုတ်တရက် ရောက်ရှိလာခဲ့ကာ ဗိုလ်ချုပ်နှင့် ဝန်ကြီး ခြောက်ဦးတို့     ခန္ဓာကိုယ်အနှံ့သို့      ကျည်များ ဖောက်ထွင်းပစ်သွင်းခဲ့ကြလေတော့သည်။ လူမသမာ တို့ ပစ်ခတ်လိုက်သည့်  ကျည်ဒဏ်ရာ  ၁၃  ချက်ဖြင့် နေရာတွင်ပင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ပြီး သခင်မြ၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊  ဦးရာဇတ်၊ ဦးဘဝင်းတို့ ဝန်ကြီး ခြောက်ဦး၊ အတွင်းဝန် ဦးအုန်းမောင်နှင့် ရဲဘော် ကိုထွေးတို့ ကျဆုံးခဲ့သည်။


မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်း သည့်   ကာလအတွင်း     ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံ့ခေါင်းဆောင်တို့ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဇူလိုင်လ ၁၉ ရက်နေ့ ကို အာဇာနည်နေ့အဖြစ် သတ်မှတ်၍ နိုင်ငံတော် အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ် ရက်တစ်ရက် အဖြစ်  သတ်မှတ်ကျင်းပလာခဲ့သည်မှာ  စိန်ရတု ကျော်၍    ၇၇   နှစ်ပင်    တိုင်ခဲ့ပြီဖြစ်သကဲ့သို့ အာဇာနည်တို့  သွေးနှင့်ရင်း၍  အရယူပေးခဲ့သည့် လွတ်လပ်ရေးရရှိခဲ့သည်မှာလည်း  ၇၆ နှစ်တာခရီး ရှိလာခဲ့ပြီဖြစ်ပါသည်။


သို့သော် အတ္တအရင်းခံသည့် နိုင်ငံရေးအမြတ် ထုတ်သူအချို့နှင့် ဆင်ခြင်တုံတရား အားနည်းသော ဦးဆောင်သူအချို့၊ လူမျိုးရေးလှုံ့ဆော်မှုအမျိုးမျိုး ကြောင့်  မယုံကြည်မှု သံသယများနှင့် မညီညွတ်မှု တို့မှာ လွတ်လပ်ရေး၏ ဖွားဖက်တော်များအဖြစ် ယနေ့တိုင် အမြစ်မပြတ်နိုင်သေး။ လွတ်လပ်ပြီးစတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်အတူ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွား မြှင့်တင်ရမည်ထက်  တောင်တန်း- ပြည်မ အတူတကွ မြန်မာပြည်ကြီး အပေါင်းအစည်း မပျက်စေရန် ရှေးရှု၍ စစ်အင်အား ဖြည့်ဆည်းကာ စစ်မျက်နှာဖွင့်ရသည်။       အဆက်ဆက်သော ဦးဆောင်သူများက တိုင်းပြည်စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအဆင့်အတန်းမြင့်မားအောင်   ကြိုးပမ်း ရသည်နှင့်နည်းတူ ငြိမ်းချမ်းရေးနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ဆောင်ချက်များကို အရှိန်လျှော့၍မရသေး။


ပြတ်သားသည့်စိတ်ဓာတ်
၁၉၄၇ ခုနှစ် မတ်လအတွင်း အသံလွှင့်မိန့်ခွန်း တစ်ရပ်၌ ဗိုလ်ချုပ်အောင်ဆန်းက “လူငယ်နိုင်ငံရေး သမားတွေဟာ    လွတ်လပ်တဲ့    မြန်မာပြည်မှာ သိပ်မမိုက်ကြဘဲ တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ် လုပ်ကြဖို့ လိုတယ်။ ဒီလိုမှမဟုတ်ရင် လွတ်လပ်တဲ့ မြန်မာပြည်ဟာ လွတ်လပ်ရေးအရသာကို ကျပ်ပြည့် တင်းပြည့် ခံစားနိုင်မှာမဟုတ်ဘူး”ဟု ဆိုခဲ့သည်။ ထို့အတူ “လူထုဟာ နေ့တိုက်ခံရမလား၊ ညအတိုက် ခံရမလားဆိုပြီး    မသေချာမရေရာတဲ့အဖြစ်ကို မလိုချင်ဘူး။   လွတ်လွတ်လပ်လပ်  သွားလာရတဲ့ အဖြစ်ကိုသာ   လိုချင်ကြတယ်” ဟု  ၁၉၄၇ ခုနှစ် ဧပြီလ ၅ ရက် ညအသံလွှင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ဖူးသည်။   ဗိုလ်ချုပ်ပေးအပ်လိုသည့် လွတ်လပ်ရေး၏အရသာကို       ပြည်သူများက အမှန်တကယ်ရယူနိုင်ကြဖို့    ညီညွတ်ရေးသည် အလွန်အရေးကြီးလှပါသည်။


အနီးစပ်ဆုံးကာလနှင့်
မျှော်လင့်ခြင်းပန်းတိုင်
ပြည်တွင်းငြိမ်းချမ်းရေး  လုပ်ငန်းစဉ်များကို အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် လွတ်လပ်ရေးရပြီး နှစ်ပေါင်း  ၇၀ ကျော်ကြာသည့် အချိန်တွင်လည်း   တစ်ကျော့ပြန်    ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်သူတို့ကြောင့် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှု ယိမ်းယိုင်ခဲ့ရပြီး ပြည်တွင်း စစ်မီးများ ပြန်လည်တောက်လောင်ခဲ့ရပြန်သည်။ မိမိတို့နိုင်ငံ၏အရေးကို ဝင်ရောက်စွက်ဖက်လိုကြ သည့်   ပြည်ပနိုင်ငံများ၏   ထိုးနှက်မှု၊  မျက်နှာ တစ်ဖက်တည်းသာမူ၍ မိမိတို့နိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်ချက်များအပေါ်          လျစ်လျူရှုကာ တိုင်းပြည်ပျက်စီးမည့်လမ်းကြောင်းကို   ဦးတည် အားပေးနေသည့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အဖျက်အမှောင့် လုပ်ငန်းများ ကို တစိုက်မတ်မတ်ဖြင့် လုပ်ဆောင်ရင်း နိုင်ငံတော် အကျိုး    ဖျက်ဆီးနေကြသည့်    အကြမ်းဖက် သောင်းကျန်းသူများ၏    ဆင်ခြင်မဲ့လုပ်ရပ်များ ကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှု အားနည်းကာ လူမှုစီးပွားဘဝများ   ပြန်လည်ရုန်းထရန်  များစွာ အချိန်ယူရဦးမည်။


သဘာဝရေခံမြေခံကောင်းမွန်၍ ပထဝီနိုင်ငံရေး အချက်အချာဖြစ်ရာ    မိမိတို့နိုင်ငံသည်   ဖွံ့ဖြိုး တိုးတက်ရေးလမ်းစကောင်းများစွာ မြင်တွေ့ရသော် လည်း အဖျက်အမှောင့်လုပ်ငန်းများကြောင့် ရင်းနှီး မြှုပ်နှံမှုများ ပေါပေါများများ  ဝင်လာရမည့်အစား၊ ကောက်ပဲသီးနှံတို့ အလျှံအပယ် စိုက်ပျိုးထုတ်လုပ် ကြရမည့်အစား တလင်းတို့တွင် ကျည်ခွံများ ပြန့်ကျဲ လျက် ပြည်သူတို့ ငြိမ်းချမ်းခြင်းကို ရှာဖွေနေရဆဲ။ သောင်းကျန်းသူများကြောင့်  မဖွင့်ဖြစ်သေးသည့် စာသင်ကျောင်းများ၊ ဒေသမတည်ငြိမ်၍ ဖုန်အလိမ်း လိမ်းဖြင့် ရပ်တန့်ထားရသည့် ခရီးသွားလုပ်ငန်း များ၊   ယခင်က   နေ့ညစက်သံ   မစဲသော်လည်း နိုင်ငံရေးအခြေအနေကြောင့် ရပ်တန့်လိုက်ရသည့် စက်ရုံအလုပ်ရုံများ၊ နိုင်ငံရေးအမြတ်ထုတ်သူများ၏ ပရမ်းပတာ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြမ်းဖက် အဖျက်သမားတို့ကြောင့် အသက်ပေးခဲ့ကြရသည့် အပြစ်မဲ့ပြည်သူများ၊ အနှစ်နှစ်အလလ တည်ဆောက် ခဲ့ရသည့်   နိုင်ငံပိုင်အဆောက်အအုံများ၊   လမ်း၊ တံတားများ  စသည်တို့မှာ ပြန်လည်တည်ဆောက်ရန် ညီညီညွတ်ညွတ် အားသွန်ခွန်စိုက် ရုန်းကန်ကြမည် ဆိုလျှင်ပင် ချက်ချင်းလက်ငင်း ပြန်လည်ပြည့်စုံနိုင် ရန်    အချိန်ပေးတည်ဆောက်ကြရမည်   ဖြစ်ပါ သည်။
လွမ်းဆွတ်ကြေကွဲစွာဖြင့် အလေးအမြတ်ပြုပါသည်
ဇူလိုင်လသည် မိုးတွင်းအခါသမယဖြစ်သည့်အားလျော်စွာ ၁၉ ရက်နေ့ မနက်ခင်းအများစုသည် ကောင်းကင်ဝဠာထက်ဝယ်   တိမ်စိုင်တိမ်ခဲများက ပြိုတော့မလိုရှိနေတတ်သည်။    အချို့နှစ်များတွင် မိုးဖွဲကလေးများ ကျဆင်းနေတတ်ပါသည်။ ရန်ကုန် မြို့ ရွှေတိဂုံဘုရားခြေတော်ရင်းက အာဇာနည်ဗိမာန် ၌   ကျဆုံးလေပြီးသော  အာဇာနည်ခေါင်းဆောင် များကို   နိုင်ငံတော်အဆင့်   အခမ်းအနားဖြင့် အလေးပြုခြင်း၊ မိသားစုဝင်များနှင့်  ပြည်သူတို့က နှစ်စဉ်ဂါရဝပြု၍  မမေ့မလျော့ ဝမ်းနည်းခြင်းအထိမ်း အမှတ်ကို   ပြသကြသည်။  ဗိုလ်ချုပ်တို့ ကျဆုံးသည့် အချိန်သို့ရောက်တိုင်း ဥဩဆွဲသည့်အသံ၊ မော်တော် ကား ဟွန်းရှည်ဆွဲသံတို့ကို ကြားရစမြဲ။
အာဇာနည်နေ့ဟူသည်    အားလပ်ရက်ရခြင်း၊ အလေးပြုခြင်းနှင့်        ဝမ်းနည်းကြေကွဲစွာဖြင့် သွားလေသူတို့ကို   အမှတ်ရတမ်းတခြင်းတို့ထက် ပို၍   အဓိပ္ပာယ်များစွာရှိ၍   လေးနက်လှသည်။ ပြည်သူများအဖို့    အာဇာနည်တို့   အသက်စွန့်၍ ကြိုးပမ်းရယူပေးခဲ့သည့် လွတ်လပ်ရေး၏တန်ဖိုးနှင့် ဒီမိုကရေစီ၏   အနက်အဓိပ္ပာယ်ကို  သိရှိနားလည် သဘောပေါက်ရမည့်နေ့ ဖြစ်ပါသည်။ အာဇာနည်တို့ ၏ တိကျပြတ်သားမှု၊ ရဲရင့်မှု၊ တည်ငြိမ်မှု၊ စွန့်လွှတ် အနစ်နာခံမှုများကို အတုယူရင်း မျိုးဆက်သစ်များ အတွက် မှန်ကန်သော မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် တို့ကို    လက်ဆင့်ကမ်း  သင်ကြားပြသခြင်းဖြင့် အာဇာနည်တို့ မျှော်လင့်သည့် ရည်မှန်းချက်ပန်းတိုင် ကို    လျှောက်လှမ်းကြခြင်းဖြင့်   အရာထင်စွာ လွမ်းဆွတ်ကြနိုင်ပါစေကြောင်း တင်ပြရင်း ယခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် အာဇာနည်နေ့ အား ကြိုဆိုဂုဏ်ပြုလိုက်ရပါတော့သည်။      ။