
ရန်ကုန် ဇွန် ၄
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန် ၃ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ပျံသန်း ဆိုက်ရောက်လာသော AirAsia (Berhad) လေကြောင်းခရီးစဉ် အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့် Yangon Aerodrome Company Limited (YACL) က ဝမ်းမြောက်စွာကြိုဆို ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်က ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်ပသို့ ကုန်စည်စီးဆင်းမှု မြန်ဆန် ချောမွေ့စေရန်၊ လေကြောင်း ခရီးစဉ်များ ပြန်လည်အသက်ဝင် မှုဖြင့် ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့စေရန်နှင့် ပြည်တွင်း ခရီးသွားလာမှုဖြင့် ပြည်သူများ စိတ်အေးချမ်းစွာ အပန်းဖြေ နိုင်ရန် ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းများကို ပြန် လည်ဖွင့်လှစ်ခဲ့ရာ နိုင်ငံတကာ လေကြောင်းလိုင်းများ ဝင်ရောက် လာမှုနှင့်အတူ AirAsia (Berhad) ၏ လေယာဉ်အမှတ်-AK 505 ဖြင့် ပျံသန်း ဆိုက်ရောက်လာခြင်း ဖြစ်ပြီး တစ်ပတ်လျှင် နှစ်ကြိမ်ဖြင့် တနင်္လာနှင့် သောကြာနေ့တို့တွင် ကွာလာလမ်ပူနှင့် ရန်ကုန်မြို့သို့ တိုက်ရိုက် ပျံသန်းပြေးဆွဲမည် ဖြစ်ပြီး ယခုပျံသန်းရောက်ရှိလာ သော AirAsia (Berhad) ၏ လေကြောင်း ခရီးစဉ်အတွက် https://www.facebook.com/airasiasuperapp.mm/ တွင် တိုက်ရိုက် စုံစမ်းနိုင်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာ လေကြောင်းခရီးစဉ်ပြေးဆွဲမှုကို ကမ္ဘာ့ကပ်ရောဂါ အခြေအနေ ကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၉ ရက်မှစတင်၍ ခေတ္တဆိုင်းငံ့ထားခဲ့ ရာ နှစ်နှစ်အကြာ ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်တွင် ပြန်လည်ပျံသန်း ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆိုက်ရောက်၊ ထွက်ခွာခရီးသည် ၇၂၃၅၄၀ နှင့် လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှု အကြိမ်ရေ ၂၀၉၉၁ ကြိမ်အထိ ဝန်ဆောင်မှု ပေးခဲ့ပြီး YACL အနေဖြင့် ယခုနှစ် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသုံးပြုသူခရီး သည်နှင့် လေကြောင်းခရီးစဉ် အရေအတွက် တိုးမြင့်လာမည်ဟုမျှော်မှန်းထားကြောင်း သိရသည်။
ညိမ်းသူ( သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး