မက္ကဆီကိုသိပ္ပံပညာရှင်များ ပင်လယ်အတွင်း ဆီယိုဖိတ်မှုကို သန့်စင်သည့် နည်းပညာသစ်တွေ့ရှိ

 

မက္ကဆီကိုစီးတီး   မေ   ၂၂


မက္ကဆီကို အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်မှ သိပ္ပံပညာရှင်များက သမုဒ္ဒရာကို ညစ်ညမ်းစေသည့် ရေနံလောင်စာဆီများ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ၊ ဓာတ်မြေဩဇာများ၊ ဆေးဝါးများနှင့် သမုဒ္ဒရာအတွင်းရှိ အခြားသောညစ်ညမ်းပစ္စည်းများကို သန့်စင်ပေးနိုင်သည့်နည်းပညာသစ်တစ်ခုကို တီထွင်ခဲ့သည်။   
 

အဆိုပါ ဆန်းသစ်တီထွင်သော နည်းပညာသစ် သည် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ရွှံ့စေး သတ္တုဓာတ်နှင့် သံလိုက်ဓာတ်မြင့်မားသော သတ္တု ဓာတ်ဖြစ်သည့်    ဟာလွိုင်ဆိုက်မှပြုလုပ်သော သေးငယ်သည့် နာနိုပြွန်များဖြင့် စုပ်ယူဖယ်ရှားသည့် နည်းပညာဖြစ်သည်။ 

 


“သမုဒ္ဒရာထဲမှာရှိတဲ့    အညစ်အကြေးတွေကို ငါးဖမ်းကွန်ပစ်လိုက်သလိုပဲ သံလိုက်စက်ကွင်းနဲ့ စုပ်ယူဖယ်ရှားတဲ့နည်းလမ်းပါပဲ။   ဒီနည်းနဲ့ပဲ ရေနံ တွေကို စုပ်ယူစုဆောင်းပြီးတော့   ပြန်လည်သန့်စင် အသုံးပြုနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ ဒီနည်း ပညာကို    ဆီအမျိုးအစားအမျိုးမျိုးနဲ့ စမ်းသပ်ပြီး ပါပြီ” ဟု ပရောဂျက်ခေါင်းဆောင်ဖြစ်သူ မရီနာဘာ ဂတ်စ် ရိုဒရီဂွတ်ဇ်က ပြောသည်။
သမုဒ္ဒရာအတွင်း   ညစ်ညမ်းရေနံများကြောင့် အဏ္ဏဝါဂေဟစက်ကွင်းကို  ထိခိုက်စေရုံသာမက ဒေသတွင်း ငါးဖမ်းလုပ်ငန်းများကိုပါ ထိခိုက်စေပြီး ညစ်ညမ်းသည့် ပင်လယ်အတွင်းမှငါးများကို ဖမ်းဆီး စားသုံးရာမှတစ်ဆင့် လူတို့အတွက်  ကင်ဆာကဲ့သို့ သောရောဂါများ  ဖြစ်ပွားစေလျက်ရှိသည်။ ထို့ကြောင့်  ယင်းနည်းပညာသည်   အလွန်စေးပျစ်နေသည့် ဟိုက်ဒရိုကာဗွန်များကိုပင်   ပြန်လည်သန့်စင်နိုင် သည့်အတွက် ပင်လယ်အတွင်း ယိုဖိတ်သည့် ရေနံ များကို  မီးရှို့ဖျက်ဆီးပြီးနောက်   လေထုအတွင်း သို့    ကာဗွန်ထုတ်လုပ်မှုမြင့်တက်စေမည့်အစား ပြန်လည်သန့်စင်အသုံးပြုနိုင်သည့်  နည်းပညာ ဖြစ်သည့်အတွက်   သဘာဝဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေးအတွက်ကိုလည်း    များစွာအထောက် အကူ ဖြစ်စေသည်ဟု သိရသည်။

 


ယခုတီထွင်ဆန်းသစ်သည့် နည်းပညာသည် ပင်လယ်သမုဒ္ဒရာညစ်ညမ်းသည့်   ဆိုးရွားသော လောင်စာဆီယိုဖိတ်မှုများကို သန့်စင်စေသည့်အပြင် မြစ်၊ ချောင်း၊ ရေကန်များတွင်ပါ အသုံးပြုနိုင်သည့်   နည်းပညာသစ်ဖြစ်သည်။   အဆိုပါ နည်းပညာသည် ကုန်ကျစရိတ် အလွန်နည်းပါးပြီး ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှု  ပြဿနာရှိသည့် နည်းပညာလိုအပ်သော မည်သည့်နိုင်ငံမဆို အသုံးပြုနိုင်ကြောင်း   မရီနာ ဘာဂတ်စ်က ပြောသည်။  

 


ရေနံယိုဖိတ်မှုသည် ကမ္ဘာတစ်ဝန်းရှိ  ဇီဝမျိုးစုံ မျိုးကွဲများကို   ခြိမ်းခြောက်မှုအဆိုးရွားဆုံးသော သဘာဝပတ်ဝန်းကျင်   ညစ်ညမ်းမှုဘေးအန္တရာယ် များအနက် တစ်ခုအပါအဝင်ဖြစ်သည်။   


 ဆင်ဟွာ