
နေပြည်တော် ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီးတွင် ကောင်းမွန်သော စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) စနစ်ဖြင့် သီးနှံစိုက်ဧကများ နှစ်စဉ်တိုးချဲ့ဆောင်ရွက်လျက်ရှိ ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်တော်တို့ဌာနအနေနဲ့ GAP စနစ်ကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ စတင်ပြီးတော့ နှမ်းသီးနှံနဲ့ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့တယ်။ GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ နည်းပညာကို တောင်သူတွေထံ ကျွန်တော်တို့ဌာနက ပညာပေး အထောက်အကူပြု ရတာ ဖြစ်ပါတယ်။ GAP စနစ်ရဲ့ အကျိုးကျေးဇူးကို တောင်သူတွေကိုယ်တိုင်က သိရှိတဲ့အတွက် လိုလို လားလားနဲ့ စိုက်ပျိုးကြတယ်။ တောင်သူတွေကိုယ်တိုင် တိုးချဲ့စိုက်ပျိုးလိုတဲ့အတွက် GAP စနစ်နဲ့ သီးနှံ စိုက်ဧကတွေ တိုးတက်စိုက်ပျိုးလာနိုင်အောင် ကူညီ ပေးလျက်ရှိပါတယ်” ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးငွေဆန်းက ပြောသည်။
မကွေးတိုင်းဒေသကြီးတွင် GAP စနစ်ဖြင့် ၂၀၁၇ ခုနှစ်တွင် နှမ်းနက် ၃၇၀၆ ဧက ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် စိုက်ပျိုးသီးနှံ ၁၅၆၄၅ ဧကကို လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် စိုက်ပျိုးသီးနှံ ၇၀၄၆၇ ဒသမ ၅ ဧကကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် စိုက်ပျိုးသီးနှံ ၈၈၄၇၉ ဒသမ ၃ ဧကကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးသီးနှံ ၇၁၆၈၉ ဒသမ ၁၅ ဧကကိုလည်းကောင်း စိုက်ပျိုးနိုင်ကြောင်း သိရ သည်။
မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသည် တိုင်းဒေသကြီးအတွင်းမှ တောင်သူများ၏ GAP စနစ် စိုက်ပျိုးသီးနှံများ ဈေးနှုန်း ထိုက်ထိုက်တန်တန် ရရှိရေးနှင့် ဈေးကွက်ရရှိရေးတို့အတွက် GAP စနစ် စိုက်ပျိုးသီးနှံများ ဈေးပြိုင်စနစ်ဖြင့် စုပေါင်းရောင်းချ ပွဲကို အခါအားလျော်စွာ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီတွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံအပါအဝင် အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှုအနေဖြင့် စိုက်ဧက စုစုပေါင်း ၃၇၀၅၃၇၂ ဧက ရှိပြီး ၂၀၀၈၅၆၅ ဧက ရိတ်သိမ်းပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနအနေ ဖြင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးတောင်သူများ အတွက် သီးနှံအလိုက် စိုက်ပျိုးရေးဇုန်များ တည် ဆောက် ဆောင်ရွက်ပေးလျက်ရှိပြီး စပါး၊ မြေပဲ၊ နှမ်း၊ ချည်မျှင်ရှည်ဝါ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ အစေ့ ထုတ်ပြောင်း၊ ကြက်သွန်နီ၊ နေကြာ၊ ငရုတ်၊ ကြံ၊ အာလူး စသည့်သီးနှံများအတွက် သီးနှံအလိုက် ဇုန်ပေါင်း ၁၃၈ ဇုန် တည်ထောင်ကာ ၁၈၃၆၅ ဧက ဆောင်ရွက်ပေးနိုင်သည်။
ထို့ပြင် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးသူ တောင်သူလယ်သမားများ စိုက်ပျိုးမှု ကုန်ကျစရိတ် သက်သာစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ညစ်ညမ်းမှု လျော့နည်းစေရေးအတွက် ဆိုလာ အသုံးပြု၍ ရေသွင်းစိုက်ပျိုးခြင်းစနစ်ကို ပွင့်ဖြူမြို့နယ် နှင့် မင်ဘူးမြို့နယ်တို့တွင် စတင်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအတွင်း ဆက်လက်ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
အောင်မင်းဟန်(သတင်းစဉ်)