
နေပြည်တော် ဇန်နဝါရီ ၁၁
ဝါစိုက်တောင်သူများ၏ ဝင်ငွေ တွက်ခြေကိုက်မှုရှိစေရန် တစ်ဧက ပျမ်းမျှဝါပိဿာ ၅၀၀ နှင့်အထက် ထွက်ရှိရေးအတွက် ဒေသရာသီ ဥတုနှင့် ကိုက်ညီသော မျိုးကောင်း မျိုးသန့် ဝါမျိုးများ၊ သွင်းအားစုနှင့် နည်းပညာများ ကူညီပေးရန် လိုအပ်ကြောင်း ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသ ကြီး အောင်လံမြို့နယ် ဝါနှင့် လျှော်မျှင်ထွက် သီးနှံဌာနခွဲ ဝါသီးနှံမျိုးသန့်ခြံ၌ တာဝန်ရှိသူ များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ဆွေးနွေးပြောကြား သည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝါသီးနှံမျိုးသန့်ခြံ ချည်မျှင်ရှည် ဝါကြိတ်ခွဲမှုနှင့် ဝါ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးမှု၊ ဝါစိုက်ပျိုး ထုတ်လုပ်မှု သုတေသန တွေ့ရှိ ချက်များအပေါ် တောင်သူများကို လက်တွေ့ပြသပြီး နည်းပညာပေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံ ကျောင်း တည်ဆောက်ရန်အတွက် မြေနေရာ ရွေးချယ်ထားသည့် အောင်လံမြို့နယ် ဝါနှင့် လျှော်မျှင် ထွက်သီးနှံဌာနခွဲ ဝါသီးနှံမျိုးသန့် ခြံအနောက်ဘက်ရှိ စက်ရုံ ရပ်ကွက်ကို လည်းကောင်း၊ အင်းကုန်းကျေးရွာ မြေလွတ် မြေလပ် နေရာများကိုလည်း ကောင်း၊ ကွမ်းကုန်းကျေးရွာအုပ်စု မြေနေရာများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် အောင်လံမြို့နယ် ဒုရင်္ဂဗိုလ် လျှပ်စစ်မြစ်ရေတင် စီမံကိန်းသို့ ရောက်ရှိကြပြီး ရေတင်လုပ်ငန်းမှ လက်ရှိရေပေး ဝေနေမှု၊ ပင်မရေပေးမြောင်း ပြုပြင်ရှင်းလင်းနေမှုကို ကြည့်ရှု စစ်ဆေးသည်။
ဆောင်ရွက်ပေး
အလားတူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဒုရင်္ဂဗိုလ်သကြား စက်ရုံနှင့် အမှတ်(၁) သံမဏိစက်ရုံ (ကျောက်စွယ်ကျိုး)တို့၌ လုပ်ငန်း များ တိုးချဲ့ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သော မြေယာ အသုံးပြုခွင့်ရရှိရေး၊ စက်ရုံများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင် ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မကွေးတိုင်းဒေသ ကြီး အောင်လံမြို့နယ်ရှိ ကံမလေး လျှပ်စစ်မြစ်ရေတင် စီမံကိန်းသို့ ရောက်ရှိကြပြီး နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ် လျှပ်စစ် မြစ်ရေတင် ဆောင်ရွက်နေမှု နှင့် ရေပေးဝေနေမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်