
မကွေး ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ် ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်းစုံမှ နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲလူနာများအား ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ရှာဖွေဖော်ထုတ်ပြီး မကွေးမြို့ရှိ တိုင်းပြည်သူ့ဆေးရုံကြီး၌ ဇန်နဝါရီ ၈ ရက်မှ ၁၀ ရက်အထိ အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
လူနာများအား သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများက ဇန်နဝါရီ ၂ ရက်မှ ၅ ရက်အထိ လိုအပ်သော သွေးစစ်ဆေးမှုနှင့် ဓာတ်မှန်ရိုက်ခြင်း များကို ဆောင်ရွက်ပေးခဲ့ရာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၉၃ ဦးအား ကြည့်ရှု စစ်ဆေးပေးနိုင်ခဲ့သည်။ ၎င်းတို့အနက် ကျန်းမာရေးကောင်းမွန်ပြီး ခွဲစိတ်ရန် သင့်တော်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၄၆ ဦး (ကျား ၂၃ ဦး၊ မ ၂၃ ဦး) တို့ အား ကုသရေးဦးစီးဌာနအောက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး၊ လွိုင်လင်ပြည်သူ့ ဆေးရုံကြီးနှင့် မကွေးပြည်သူ့ ဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီး များနှင့် သူနာပြုများက Japan Heart အဖွဲ့မှ သွားဘက်ဆိုင်ရာ အထူးကုဆရာ ဝန်ကြီးများနှင့် ပူးပေါင်း၍ ဇန်နဝါရီ ၈ ရက်မှ ၁၀ ရက်အထိ အခမဲ့ခွဲစိတ်ပေးခဲ့ကြခြင်းဖြစ်သည်။
ခွဲစိတ်ကုသမှုခံယူနေသည့် နှုတ်ခမ်း ကွဲ၊ အာခေါင်ကွဲလူနာများအား မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီး များက ဇန်နဝါရီ ၁၀ ရက်တွင် လာရောက် ကြည့်ရှု၍ အာဟာရနှင့် လက်ဆောင် ပစ္စည်းများ၊ အလှူငွေများ ထောက်ပံ့ ပေးခဲ့ပြီး ခွဲစိတ်ကုသမှု အောင်မြင်စေရန် အတွက် တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တိုင်းပြည်သူ့ဆေးရုံကြီး (မကွေးမြို့)တို့က လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)