
မကွေး ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၅ ရက်က ကျင်းပရာ မကွေးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က Zoom Meeting ဖြင့် တက်ရောက်ပြီး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အစည်းအဝေးကို တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ကဏ္ဍစုံတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးမှုများရရှိနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး တွင် လုပ်ငန်းအသစ်များ ဆောင်ရွက်လာစေရန် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းနှင့် Investment After Care Services တို့ကို ထိရောက်စွာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ Investment After Care Services ကောင်းသည်နှင့်အမျှ လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲလျော့နည်း၍ ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း၊ အဆင် ပြေချောမွေ့သည်နှင့်အမျှ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များ ဆောင်ရွက်လာကြမည်ဖြစ်ပြီး ၎င်းတို့နှင့်ဆက်စပ်သည့် Partner အပေါင်းအဖော် လုပ်ငန်းရှင်များကိုလည်း ကောင်းသတင်းပေးကြမည် ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်နှင့် စက်မှုကဏ္ဍတို့ ဖွံ့ဖြိုးရေးတွင် အလားအလာကောင်းများရှိနေကြောင်း၊ မကွေး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့်အတူ တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများ လွယ်ကူ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများအချင်းချင်း ချိတ်ဆက်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ် သည့် ပံ့ပိုးကူညီမှုများပေးခြင်းနှင့် ပြည်သူ့ဝန်ဆောင် မှုလုပ်ငန်းများကို စိတ်စေတနာအပြည့်ဖြင့် ဆောင် ရွက်သွားကြရန် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ အပေါ် ဆွေးနွေးခြင်းအနေဖြင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းများအပေါ် အတည်ပြုခြင်းတို့ ဆောင်ရွက်သည်။
မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မကွေး မြို့နယ်စုပေါင်းရုံး (ဒုတိယထပ်) ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက် မကွေးမြို့ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်း သိရသည်။
မောင်ညီညာ