
မကွေး ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများအား ကျန်းမာရေးအာမခံစာချုပ်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၃ ရက် မွန်းလွဲ ၃ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများအား ကျန်းမာရေး အာမခံစာချုပ်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က လက်ရှိ ကိုဗစ် -၁၉ ရောဂါသည် သဘာဝဘေးအမျိုး အစားဖြစ်သည့်အတွက် မိမိအသိ စိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင် လာသည့်အတွက် တိုင်းဒေသကြီး အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း၊ လူမှုရေးအသင်း အဖွဲ့များ၏ စိတ်စေတနာကို တုံ့ပြန် ဂုဏ်ပြုသည့်အနေဖြင့် စေတနာ့ဝန်ထမ်းများအား Pre-mium ကျန်းမာရေး အာမခံ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း နှင့် ပတ်သက်ပြီး အသင်းအဖွဲ့ မှတ်ပုံတင်ပြုလုပ်လိုသူများအနေ ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များသို့ လိုအပ်သည့် အချက်အလက်များနှင့် အတူ သွားရောက် လျှောက်ထားနိုင် ကြောင်း၊ လက်ရှိတွင် နေ့စဉ် စေတနာ့ဝန်ထမ်းများ အတွက် စားသောက်စရိတ် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခဲ့ပြီး နောက်ထပ်လည်း ထောက်ပံ့ပေး ရန် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတာဝန်များ အချိန်နှင့် တစ်ပြေးညီ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် စေတနာ့ ဝန်ထမ်း ဗဟိုကွပ်ကဲရေးစင်တာ အား ဖွင့်လှစ်ထားရှိပြီး မြို့နယ် များအလိုက် Call Centre များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ စိန်ခေါ်မှု များ အမျိုးမျိုး ကြုံတွေ့နေရသည့် ကိုဗစ်တတိယလှိုင်းကို တွန်းလှန် ကျော်လွှားနိုင်ရန် ရည်ရွယ်ချက် တူညီစွာဖြင့် ပရဟိတလုပ်ငန်း များကို လုပ်ကိုင်နေကြသည့် NGO အဖွဲ့များ အချင်းချင်း ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ကြောင်းနှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်း လက် ထောက်မန်နေဂျာ ဦးစိုးငြိမ်းက ကျန်းမာရေး အာမခံစာချုပ်များ ပြုလုပ်ခြင်း လုပ်ငန်းစဉ်များနှင့် အာမခံစာချုပ်များ ထားရှိခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ငါးခရိုင်မှ စေတနာ့ဝန်ထမ်း ၅၇၆ ဦးအတွက် ကျန်းမာရေး အာမခံစာချုပ်များ ပေးအပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စေတနာ့ဝန်ထမ်း များအတွက် PPE ဝတ်စုံများ၊ လက်အိတ်များ၊ Mask ဘူးများ၊ Hand Gel များနှင့် Body Bag များ ထောက်ပံ့ပေးအပ်ခဲ့သည်။
မောင်ညီညာ(မကွေး)