မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် အပေါကျေးရွာမှ ကျောင်းအုပ်ဆရာတစ်ဦးအား  အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ကာ ငွေကျပ်သိန်း ၁၀၀ ဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့


 

နေပြည်တော်   ဇန်နဝါရီ   ၁၁
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် အပေါကျေးရွာမှ ကျောင်းအုပ်ဆရာတစ်ဦးအား အကြမ်းဖက် သမားများက ဖမ်းဆီးကာ ငွေကျပ်သိန်း ၁၀၀ ဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ  ၉ ရက် နံနက် ၉ နာရီတွင် စေတုတ္တရာမြို့နယ်  အပေါကျေးရွာ   အထကခွဲ (အပေါ)ကျောင်းမှ   ကျောင်းအုပ်ဆရာဖြစ်သည့် ဦးသက်နောင်ထွန်း(၃၁)နှစ် (ဘ)ဦးဝင်းညွန့်သည် ၎င်းနေထိုင်ရာ    ကျောင်းဝင်းအတွင်းရှိနေအိမ်၌ အဆိုပါ ကျောင်းမှ ကျောင်းသား ကျောင်းသူများအား အချိန်ပိုစာသင်ကြားပေးနေစဉ်    ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ဘက်မှ    လက်နက်များ ကိုင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက် သမားအင်အား  ၄၀ ခန့်က    အပေါကျေးရွာ၏ အနောက်ဘက် တောလမ်းအတိုင်း ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာ ဦးသက်နောင်ထွန်းအား “CDM ပြုလုပ်ခြင်းမရှိဘဲ   ကျောင်းဖွင့်လှစ်ထားသည်” ဟု ဆိုကာ    ကျောင်းသား   ကျောင်းသူများအား ကျောင်းအုပ်ဆရာကြီး မသေစေချင်လျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့်    လာရောက်ရွေးယူရန်  ပြောဆို၍ ကျေးရွာ၏အနောက်ဘက် တောအတွင်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ပြန်လည် ကယ်ဆယ်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများ စုပေါင်း၍   ငွေကောက်ခံခဲ့ရာ  ငွေကျပ်သိန်း ၃၀ ရရှိ ခဲ့သဖြင့် နံနက် ၁၀ နာရီတွင် ကျေးရွာ၏ အနောက် ဘက် တောအတွင်းသို့ သွားရောက်၍ အကြမ်းဖက် သမားများအား ငွေကျပ်သိန်း ၃၀ ပေးအပ်ညှိနှိုင်းခဲ့ရာ မွန်းလွဲ  ၁ နာရီတွင်   ကျောင်းအုပ်ဆရာကြီးအား အကြမ်းဖက်သမားများက ပြန်လည်စေလွှတ်ပေးခဲ့ ကြောင်း သိရှိရသည်။  
အကြမ်းဖက်သမားများသည် ကျောင်းအုပ်ဆရာ ဦးသက်နောင်ထွန်းအား  ဖမ်းဆီးခေါ်ဆောင်ထားစဉ် အတွင်း ကျောင်းဖွင့်လှစ်ခြင်းအား ရပ်နား၍ CDM ပြုလုပ်ရန်ခြိမ်းခြောက်   ဖိအားပေးခြင်း၊  ဦးသက် နောင်ထွန်း၏ ဆံပင်များအား လေးကွက်ကြားညှပ် ခြင်း၊ နားဖောက်ခြင်းများအပြင် ညှဉ်းပန်းနှိပ်စက်ခြင်း များအား လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့စွာ အရှက်ဂုဏ်သိက္ခာ ညှိုးနွမ်းစေရေး ပြုလုပ်ခဲ့သည်။
အဆိုပါကျောင်းအုပ်ဆရာ ဦးသက်နောင်ထွန်း သည် အိမ်ထောင်စု ၆၅ စု၊ အိမ်ခြေ ၆၅ အိမ်၊ လူဦးရေ စုစုပေါင်း ၂၃၂ ဦး(အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၁၂၀)နေထိုင်သည့် အပေါကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း ၌   ပညာသင်ကြားရမည့်အရွယ်   ကလေးသူငယ် ၉၂ ဦးအား ဆရာ လေးဦး၊ ဆရာမ လေးဦး၊ စာရေး နှစ်ဦးတို့အား ဦးစီး၍ နိုင်ငံ့ဝန်ထမ်း ပီသစွာ စာပေသင်ကြားပေးနေသူ တစ်ဦး ဖြစ်သည်။ 
ထိုကဲ့သို့ ကျေးလက်နေပြည်သူများ၏ သားသမီး များ   ပညာတတ်မြောက်စေရေးအတွက်  ပညာ သင်ကြားမှုများ ပေးလျက်ရှိသည့် ဆရာ ဆရာမ များအား  ၎င်းတို့နှင့်  ပူးပေါင်းပါဝင်လာစေရန်နှင့် ပညာသင်ကြားမှုများ ဆက်လက်မလုပ်ဆောင်နိုင်ရေး အတွက်  အကြမ်းဖက်မှုလုပ်ရပ်များ   လုပ်ဆောင်ခဲ့ သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များက   နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ   ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။           သတင်းစဉ်