မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

နေပြည်တော်    ဇွန်    ၂၅


တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူ လူထုအချို့အား လူထုအတွင်း အကြောက်တရားများ လွှမ်းမိုးလာစေရန် နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့်   တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏ စွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ် များ၊ တုတ်/ဓားများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဇွန် ၂၄ ရက်က မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ပြည်သူ့ဆေးရုံ၌ ကျောင်းဆရာမတစ်ဦး ဒဏ်ရာများဖြင့် ရောက်ရှိနေကြောင်း     သတင်းအရ     လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ   ညောင်ဦးမြို့နယ်   ပျဉ်းတိုင်းကျေးရွာနေ  ရွှေကဗြူကျေးရွာအခြေခံပညာ  မူလတန်းကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်လွင်လွင်ဖြိုး  (၃၆)  နှစ်အား  လည်ကုပ်၊ ဝဲပခုံး၊ ကျော၊ လက်ပြင်နှင့် ဝမ်းဗိုက်တို့တွင် ထိုးသွင်း၊ ပြတ်ရှဒဏ်ရာများ ရရှိ ထားသည်ကို တွေ့ရှိ ရသည်။


ဖြစ်စဉ်အား မေးမြန်းခဲ့ရာ ဒေါ်လွင်လွင်ဖြိုးသည် ရွှေကဗြူကျောင်းမှ ကျောင်းဆင်းသည့်အချိန် ပျဉ်းတိုင်းကျေးရွာရှိ နေအိမ်သို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့်   ပြန်လာစဉ်  ရွှေကဗြူ-ပျဉ်းတိုင်းကျေးရွာချင်းဆက် လမ်းပေါ် ရွာနှစ်ရွာအကြားအရောက်တွင် အကြမ်းဖက်သူ အမျိုးသား သုံးဦးမောင်းနှင်လာသော  ဆိုင်ကယ်တစ်စီး  ကပ်လာပြီး ၎င်းအား ချွန်ထက်သည့်အရာနှင့်  ထိုးခဲ့သဖြင့်  ဆိုင်ကယ်လဲကျကာ  ထိခိုက် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။


ထို့အတူ  စစ်ကိုင်းတိုင်းဒေသကြီး  ကောလင်းမြို့နယ် အိုင်ကြီး ကျေးရွာနေ ဦးထွန်းတင့်ခိုင် (၅၄) နှစ်၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးအေးဝင်း (၄၀) နှစ်၊ သားဖြစ်သူ ကောင်းမြတ်ခိုင် (၁၁) နှစ်တို့ နေအိမ်၌ အိပ်ပျော် နေစဉ်  မျက်နှာဖုံးများ  စွပ်ထားသည့်  အကြမ်းဖက်သူ  အမျိုးသား ခြောက်ဦးက တူမီးသေနတ်များ ကိုင်ဆောင်ကာ ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး “မြို့နယ်ဥပဒေ အရာရှိ ခဲအိုဆိုတာ ဘယ်သူလဲ”  ဟု   ပြောဆိုကာ  နေအိမ်အတွင်း ဝင်ရောက်လာခဲ့ကြောင်း၊  ဦးထွန်းတင့်ခိုင် အား   နေအိမ်ပေါ်၌   ဝမ်းလျားမှောက်ခိုင်း၍   တူမီးသေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ပြီး အကြမ်းဖက်သူများမှ ပြန်လည်ထွက်ခွာသွားခဲ့ သောကြောင့် ဦးထွန်းတင့်ခိုင်သည် တူမီးကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။


အလားတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်း မြို့နယ် ညောင်လှကျေးရွာနေ ဦးနုတင်သိန်း(၅၂)နှစ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရပ်/ကျေးစည်းရုံးရေးမှူးသည် နေအိမ် ဈေးဆိုင်၌ ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာကာ  ဆိုင်ကယ်အနောက်မှ စီးနင်းလာသူက သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ထွက်ပြေးခဲ့ရာ ဦးနုတင်သိန်း၏ ဝဲရင်အုံ တွင် ထိမှန်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရှိခဲ့ရသည်။


အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များနှင့်     အေးချမ်းစွာနေထိုင်နေကြသော       ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့်   တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ်အခြေခံကာ အကြောင်းမဲ့ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ် မှု  ကျူးလွန်ခဲ့သည့်  အကြမ်းဖက်သူများအား  ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်