
မိုးညှင်း ဇူလိုင် ၁၀
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ အုပ်စုတွင် ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီခွဲ ခန့်က မိုးသည်းထန်စွာရွာသွန်း ခဲ့ရာမှ နန့်ခွဲခမ်းချောင်းရေလျှံခဲ့ သဖြင့် မော်ဟန်ရပ်ကွက်၊ ဘူတာစု ရပ်ကွက် စာသင်ကျောင်းနှင့် ကွက်သစ်ရပ်ကွက်တို့တွင် ရေဝင် မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ မိုးရွာသွန်းမှုကြောင့် နန့်ခွဲခမ်းချောင်းရေ လျှံတက်ပြီး ရေကြီးရေလျှံမှုကြောင့် မော်ဟန် ရပ်ကွက်နှင့် ဘူတာစုရပ်ကွက်တို့ ဆက်သွယ်ထားသည့် အလျားပေ ၃၀၊ အကျယ် ၁၈ ပေ၊ ကာလ တန်ဖိုး ငွေကျပ်သိန်း ၅၀ ရှိ အုတ်ခုံခံ ပျဉ်ခင်းတံတား တစ်စင်း ပျက်စီးဆုံးရှုံးခဲ့ရပြီး မြေနိမ့်ပိုင်း နေအိမ်များနှင့် မော်ဟန် အထက် တန်းကျောင်းဝင်းအတွင်း ရေဝင် မှုများ ဖြစ်ပွားခဲ့သည်။
ထိုသို့ ပျက်စီးသွားသော တံတားကို ဒေသခံပြည်သူများ သွားလာမှု အခက်အခဲမဖြစ်စေ ရန်အတွက် မော်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦး နှင့် အဖွဲ့ဝင်များသည် လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။
နီတိုး