မိုင်းဆတ်မြို့နယ်မှ (၁၃) ကြိမ်မြောက် အာခါရိုးရာ ဒန်းစီးပွဲတော်

 

ယဉ်လာဒ်

တစ်နှစ်မှာ တစ်ကြိမ်သာ ကျင်းပလေ့ရှိတဲ့ အာခါ တိုင်းရင်းသားတို့ရဲ့ အထိမ်းအမှတ် ရိုးရာပွဲတော် တစ်ခုဖြစ်တဲ့ အာခါရိုးရာ စုပေါင်းဒန်းစီးပွဲတော်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းဆတ် မြို့နယ်  မိုင်းတွမ်းတောင်ပေါ်အုပ်စု   အူးဖူဒေ့(ခ) ဦးအားဆော်ကျေးရွာမှာ သြဂုတ် ၁၁ ရက်ကနေ  ၁၄ ရက်အထိ တစ်ဖန်ပြန်လည်ကျင်းပနေပါပြီ။


ဒီပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့တာ အခုဆိုရင် (၁၃) ကြိမ်မြောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။ အာခါရိုးရာ စုပေါင်းဒန်းစီးပွဲတော်   သို့မဟုတ်  စည်းလုံးခြင်း ဒန်းစီးပွဲတော်လို့ ခေါ်ဆိုကျင်းပကြပါတယ်။


ထင်ရှားတဲ့ပွဲတော်များ


အာခါလူမျိုးတို့မှာ ရိုးရာပွဲတော် ၁၂ မျိုးခန့် ရှိတဲ့ အနက်   ထင်ရှားတဲ့ပွဲတော်များကတော့   အာခါ ဒန်းစီးပွဲတော်၊ ခါးထောင်းပွဲတော်၊ ကြက်ဥနီပွဲတော် တို့ ဖြစ်ပါတယ်။  ခါးထောင်းပွဲတော်က နှစ်သစ်ကူး ပွဲတော်ဖြစ်ပြီး ကြက်ဥနီပွဲတော်ကတော့  သင်္ကြန် ကာလမှာ အသက်အရွယ်ကြီးသူတွေကို စုပေါင်း ကန်တော့ကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ 


အလေးထားရာပွဲတော်တစ်ခု


အာခါတိုင်းရင်းသားတို့ရဲ့   ရိုးရာမိရိုးဖလာ စုပေါင်းဒန်းစီးပွဲတော်ဟာ  အာခါတိုင်းရင်းသား များအတွက် အထွတ်အမြတ်ထားရာနဲ့ အလေးထား ရာ ပွဲတော်တစ်ခုဖြစ်ပါတယ်။    ဝမ်းစာအတွက် ထွန်ယက်စိုက်ပျိုးထားတဲ့ စပါးအညွန့် စထွက်လာ ချိန် ဝမ်းမြောက်စွာနဲ့ လူကြီး၊ လူငယ်၊  မိတ်သင်္ဂဟ များပါမကျန် ဖိတ်ခေါ်ပြီး ပျော်ပွဲရွှင်ပွဲကျင်းပခြင်းနဲ့အတူ မင်္ဂလာသီချင်းဆိုကာ  ဒန်းကို အမြင့်ဆုံး အထိလွှဲစီးပြီး  မိမိနှစ်သက်သူနဲ့ ညားမယ်ဆိုပါက တောင်ကြီးတစ်ခြမ်းလုံးကို  စပါးခင်းကြီးဖြစ်အောင် လုပ်ဆောင်မယ်လို့      သတ္တိအရာပြောင်မြောက် ကြောင်း  ဒန်းစီးရင်း   သီချင်းသီဆိုကျင်းပကြတဲ့ ပွဲတော်ဖြစ်ပါတယ်။


ညီရင်းအစ်ကိုပမာ စည်းလုံးမှု


အားလုံးအတူတကွပါဝင်တဲ့ ဒန်းကြိုးကို စံထား ပြီး တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုပမာ စည်းလုံးမှုကို အခြေခံကြောင်း ပြသတဲ့ပွဲတော်လည်း ဖြစ်ပါတယ်။ 
တစ်နှစ်မှာတစ်ကြိမ် ကျင်းပကြတဲ့ ပွဲတော်ကို အာခါတိုင်းရင်းသားတွေ    တက်ရောက်ကြလေ့ ရှိသလို အိမ်နီးချင်းနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ အာခါတိုင်းရင်းသားတွေလည်း ဒီရိုးရာဒန်းစီးပွဲတော် ကို နှစ်စဉ်တက်ရောက်လေ့ရှိပါတယ်။ 
‘‘ကျွန်တော်တို့    အာခါတိုင်းရင်းသားတွေမှာ ၈ လပိုင်းမှာကျင်းပတဲ့  အာခါရိုးရာဒန်းစီးပွဲတော် ရှိပါတယ်။ ကျွဲနေ့၊ ကျားနေ့၊  ယုန်နေ့   အဲဒီလို အစ ပြုပြီး ပွဲတော်ကို ကျင်းပပါတယ်။ အခု ကျင်းပတာ  ၁၃ ကြိမ် ရှိပါပြီ။ အခု ဒီတစ်ခေါက်ပွဲတော်ကိုတော့ ဝန်ကြီးဌာနကရော ပြည်နယ်အဆင့်က တာဝန်ရှိသူ တွေပါ လာရောက်ကြပါတယ်’’လို့ အာခါတိုင်းရင်း သား အရပ်အကြီးအကဲတစ်ဦးက ဆိုပါတယ်။


ပြည်တွင်းနှင့်ပြည်ပမှ အာခါတိုင်းရင်းသားများ


ရှမ်းပြည်နယ်တစ်ခုလုံးမှာတော့ အာခါတိုင်းရင်း သားလူမျိုးစု လူဦးရေ နှစ်သိန်းကျော်ရှိပြီး   ထိုင်း၊  ဗီယက်နမ်၊ လာအို၊  တရုတ်တို့မှာ   နေထိုင်ကြတဲ့ အာခါတိုင်းရင်းသားတွေလည်းရှိကြောင်းနဲ့   အခု ကျင်းပနေတဲ့ပွဲတော်ကို  တက်ရောက်လာမယ်လို့  အာခါတိုင်းရင်းသား   အရပ်အကြီးအကဲတစ်ဦးက စာရေးသူကို ပြောပြပါတယ်။


လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ  အာခါတိုင်းရင်း သားလူဦးရေ  နှစ်သိန်း၊  လာအိုနိုင်ငံမှာ   အာခါ တိုင်းရင်းသားလူဦးရေ ရှစ်သောင်း၊  ဗီယက်နမ်နိုင်ငံ မှာ လေးသောင်းနဲ့ တရုတ်နိုင်ငံမှာ အာခါတိုင်းရင်း သား လူဦးရေ နှစ်သန်းခွဲဝန်းကျင်  နေထိုင်ကြတယ် လို့ သိရပါတယ်။ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်ကနေ နှစ်နာရီလောက် ကားစီးလာရင်  မိုင်းဆတ်မြို့နယ်   မိုင်းတွမ်းတောင်ကို ရောက်ရှိပါတယ်လို့ ရှမ်းပြည်နယ် ဟိုတယ်နှင့်     ခရီးသွားညွှန်ကြားမှုဦးစီးဌာနက  ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ​ဆိုပါတယ်။  မိုင်းတွမ်းတောင်ပေါ်အုပ်စုက အူးဖူဒေ့ (ခ) ဦးအား ဆော်ကျေးရွာမှာ အာခါတိုင်းရင်းသားတွေ အများ ဆုံး နေထိုင်ကြပြီး အိမ်ခြေပေါင်း ၂၀၀ နီးပါးလောက် နဲ့  အာခါတိုင်းရင်းသား လူဦးရေ ၅၀၀ နီးပါး နေထိုင် ကြပါတယ်။ 


ရှမ်းပြည်နယ်မှာ အရောင်အသွေးစုံလင်လှပတဲ့ ချစ်စရာတိုင်းရင်းသားပေါင်းစုံ      နေထိုင်ကြပြီး တိုင်းရင်းသားတို့ရဲ့ရိုးရာဓလေ့ ယဉ်ကျေးမှုတွေဟာ လူမျိုးစုတစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။


တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ပွဲတော်တွေဟာ ပြည်တွင်းပြည်ပက ခရီးသွားတွေအတွက် စိတ်ဝင် စားဖွယ်ရာ လေ့လာစရာတွေများစွာနဲ့   ဆွဲဆောင် ထားနိုင်ကြပါတယ်။ ဒီလိုတိုင်းရင်းသားတွေရဲ့ ရိုးရာ ပွဲတော်တွေကို အခါအခွင့်သင့်တဲ့အခါ   သွားရောက် လေ့လာလည်ပတ်နိုင်စေဖို့    မျှဝေဖော်ပြပေးလိုက် ပါတယ်။          ။