မိုင်းဆတ် ဧပြီ ၃၀
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဧပြီ (၂၇)ရက်နေ့ ညနေ (၆)နာရီ (၄၅)မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူ (၇၁)ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်က ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာရွှေက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မြို့နယ်သစ်တောဦးစီးမှူး ဦးသန်းနိုင်က မီးခိုးမြူငွေ့ကင်းစင်စေရန် တောမီးမရှို့ရေးတို့နှင့်ပတ်သက်၍ အသီးသီးဟောပြောသည်။
ထို့နောက် လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွားသော နေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေကျပ်တစ်သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ထောက်ပံ့ရေးပုံး တစ်ပုံးကိုလည်းကောင်း၊ အမိုးလန်ပျက်စီးသွားသော နေအိမ် (၇၀)လုံးအတွက် နေအိမ်တစ်လုံးလျှင် ထောက်ပံ့ငွေကျပ် ငါးသောင်းနှုန်းဖြင့်လည်းကောင်း ပြည်သူများလက်ဝယ်အရောက် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ရာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)



