
မိုးနဲ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန် ခရိုင် မိုးနဲမြို့နယ် ကျက်သရေ ဆောင် ဆင်တောင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်နယ်မြေ သည် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသရှိ စေတီပုထိုးများနှင့်ပုံစံတူ ရှေးဟောင်း စေတီပုထိုးပေါင်း မြောက်မြားစွာ တည်ရှိသည့် အတွက် ရှမ်းပုဂံဒေသဟုပင် တင်စားခေါ်ဝေါ်ကြသည်။
ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့တွင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသော စေတီတော်ပေါင်း ၄၀၀ ကျော်ရှိရာ အစားထိုးမရ သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက် ထိန်းသိမ်းရန် လိုအပ်လျက်ရှိ သည်။ ထိုကြောင့် ဆင်တောင်ဒေသ ရှိ ရှေးဟောင်းအမွေအနှစ်များ အား ထိန်းသိမ်းနိုင်ရေးအတွက် ဆင်တောင်စေတီ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် နယ်မြေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် မိုးနဲမြို့နယ် ဆင်တောင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နယ်မြေ ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆင်တောင်ဘုရားသမိုင်းကြောင်း၊ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်လိုအပ်သော နေရာများ၊ ထိန်းသိမ်း ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သုံးစွဲရမည့် ကုန်ကျ စရိတ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဆင်တောင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် နယ်မြေထိန်းသိမ်းရေးဘဏ္ဍာငွေရှာဖွေ ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းမောင်ကြီးက စေတနာ ရှင်၊ အလှူရှင်များထံမှ အလှူငွေလက်ခံရရှိမှု၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်နိုင် ရေးနှင့် ဆင်တောင်ဘုရား ရှေ့ဆက်ပြုပြင်ထိန်းသိမ်း ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင် အင်ဂျင် နီယာများနှင့် အဖွဲ့ဝင်များက အပိုင်းလိုက်တာဝန်ယူ ကြီးကြပ်သွားနိုင်မည့် ရှေ့လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေး ကြသည်။
ဆင်တောင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စေတီကို ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရန် ယနေ့အထိ လှူဒါန်းငွေကျပ် ၂၂၆ သိန်း ရရှိထားပြီး မကြာမီလုပ်ငန်းများ အပိုင်းလိုက် စတင် ဆောင်ရွက် သွားမည်ဖြစ်သောကြောင့် စေတနာရှင် အလှူရှင်များအနေဖြင့် ကုသိုလ်ပြု ပါဝင်လှူဒါန်းနိုင် ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)