မိုးလေဝသခန့်မှန်းချက်တွေကို မြန်မာဘာသာနဲ့ရရှိနိုင်မယ့် အက်ပလီကေးရှင်း

 

ပြီးခဲ့တဲ့မတ်လ တတိယပတ်အတွင်း မြန်မာနိုင်ငံ ဘက်ကို မုန်တိုင်းဝင်ရောက်ခဲ့ချိန်မှာ မိုးလေဝသ သတင်းတွေကို   ပြည်သူတွေ   စိတ်ဝင်စားခဲ့ကြပြီး လူမှုကွန်ရက်စာမျက်နှာမှာ မိုးလေဝသခန့်မှန်းချက် တွေကို ကြည့်ရှုမျှဝေမှု များခဲ့ပါတယ်။ နောက်ပိုင်း ထွက် မိုဘိုင်းဖုန်းတွေမှာ မိုးလေဝသ ခန့်မှန်းချက် တွေကို အင်တာနက်ဖွင့်လိုက်တာနဲ့ အလွယ်တကူ ကြည့်နိုင်တဲ့   အက်ပလီကေးရှင်းတွေ  ပါဝင်လာ ပေမယ့်  အင်္ဂလိပ်စာနဲ့ပဲ ကြည့်ရှုနိုင်တာဖြစ်ပါတယ်။

 


Weather Myanmar အက်ပလီကေးရှင်းက တော့ မြန်မာနိုင်ငံအတွက်    မိုးလေဝသခန့်မှန်းချက် တွေကို Open Weather Map ကနေ ရယူပြီး မြန်မာ ဘာသာနဲ့ကြည့်နိုင်အောင် ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းမှာ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်ကို တစ်ဆင့်ချင်းရွေးချယ်ပြီးဖြစ်စေ၊ မြေပုံပေါ်ကတစ်ဆင့် ရွေးချယ်ပြီးဖြစ်စေ မိုးရွာနိုင်ခြေ ခန့်မှန်းချက်၊ အပူချိန်ခန့်မှန်းချက်တွေကို ကြည့်ရှုနိုင် မှာဖြစ်ပါတယ်။  သုံးနာရီခြား တစ်ကြိမ်နဲ့ တစ်ရက် အတွက် ရှစ်ကြိမ်ပါဝင်ပြီး ငါးရက်စာအထိ ကြိုတင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။   အက်ပလီကေးရှင်းကို အသုံးပြုဖို့အတွက် အင်တာနက်လိုင်းဖွင့်ပေးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ 

 


ဒီအက်ပလီကေးရှင်းကို ပလေးစတိုးမှာ Weather Myanmar Thein လို့ရှာပြီး အခမဲ့ရယူနိုင်ပါတယ်။ အန်းဒရွိုက်ဗားရှင်း  4.4   နဲ့အထက်   ဖုန်းတိုင်းမှာ အသုံးပြုနိုင်ပြီး ဖိုင်ဆိုက်ကလည်း 10MB လောက်ပဲ ရှိပါတယ်။                                      

ကျော်ဇင်ဦး