မိုးလေဝသခန့်မှန်းချက်များအကြောင်း သိကောင်းစရာ

Type

 

(မိုး/ဇလ)

ယနေ့ကမ္ဘာပေါ်တွင်  သဘာဝဘေးအန္တရာယ်များကျရောက်မှု ကြောင့် နှစ်စဉ် အသက်အိုးအိမ်စည်းစိမ်များစွာ  သေကျေပျက်စီး ဆုံးရှုံးကြလျက်ရှိပါသည်။ 
မြန်မာနိုင်ငံသည်လည်း ရေဘေး၊  ဆိုင်ကလုန်းမုန်တိုင်းဘေး၊ မြေပြိုခြင်းဘေး၊ မုန်တိုင်း ဒီရေမြင့်တက်ခြင်းဘေး၊ မီးဘေး၊ မိုးခေါင် ရေရှားဘေး စသည့် သဘာဝဘေးအန္တရာယ်များ သက်ရောက်လေ့ ရှိသည့်  နိုင်ငံတစ်ခုဖြစ်ပါသည်။   မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ သတင်းအချက်အလက်များအား  လူမှုစီးပွားရေးနယ်ပယ်အသီးသီး တွင် ဘေးအန္တရာယ်လျှော့ချရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးတို့တွင်  အထောက်အကူပြုရန်  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။ 
သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်ပြီးပါက နိုင်ငံများသည် မူလအနေအထားသို့ ပြန်လည်‌ရောက်ရှိရေးအတွက်  လူအင်အား၊ ငွေအင်အားများစွာဖြင့်  အချိန်ယူ၍   ပြန်လည်တည်ဆောက်ကြရ ပါသည်။  ထို့ကြောင့်  အသက်အိုးအိမ်စည်းစိမ်များ   ထိခိုက်ပျက်စီး ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးသည် လွန်စွာအရေးကြီးလှပါသည်။ ယခုအချိန်ကာလသည်  သတင်းအချက်အလက် နည်းပညာများဖွံ့ဖြိုး တိုးတက်လာသည့် ကာလဖြစ်သည့်အတွက် မိုးလေဝသနှင့်ဇလဗေဒ ဆိုင်ရာ သတင်းအချက်အလက်များ၊ ခန့်မှန်းချက်များအား Social Media၊ ဝက်ဘ်ပေ့ချ်(Web Page)များမှတစ်ဆင့် လွယ်ကူစွာရယူပြီး ခိုင်မာမှုမရှိသေးသော  သတင်းအချက်အလက်များကို ကြိုတင်ခန့်မှန်း ရေးသားဖော်ပြလျက်ရှိနေသည်ကို မကြာခဏတွေ့ရှိနေရမည် ဖြစ်ပါ သည်။ 
ခိုင်မာမှန်ကန်သေချာသော ခန့်မှန်းချက်များဖြစ်ပါက ပြည်သူ လူထုအတွက် အကျိုးရှိထိရောက်မည်ဖြစ်သော်လည်း မှန်ကန်သေချာ မှုမရှိသော ခန့်မှန်းချက်များ ပြည်သူလူထုထံ ရောက်ရှိသွားမည်ဆိုပါက မလိုလားအပ်သော စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ကာ အစားအသောက်၊ ဆေးဝါးနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို စိုးရိမ်စိတ်ဖြင့် ကြိုတင် ဝယ်ယူစုဆောင်းကြသည့်အတွက် နောက်ဆက်တွဲအနေဖြင့် မလိုလား အပ်သော ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာပြီး ငွေကုန်ကျမှု များစွာ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့်   ပြည်သူများအနေဖြင့် တိကျမှန်ကန်သေချာစွာ ထုတ်ပြန်ပေးနေသည့် နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်ချက်များကို စောင့်ကြည့်ရယူပြီး လိုက်နာဆောင်ရွက်သင့် လှပါသည်။
ကြိုတင်သတိပေးခန့်မှန်းခြင်းဆိုင်ရာလုပ်ငန်းများ
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကို ၁၉၃၇ ခုနှစ်   ဧပြီလ ၁ ရက်နေ့တွင်     စတင်ဖွဲ့စည်းခဲ့ပြီး   နေ့စဉ် မိုးလေဝသနှင့်   ဇလဗေဒခန့်မှန်းခြင်းများအပြင်    လေမုန်တိုင်း တိုက်ခတ်ခြင်း၊   ရေကြီးခြင်း၊   မြေငလျင်လှုပ်ခြင်း၊   မုန်တိုင်း ဒီရေ ဝင်ရောက်ခြင်း၊  ဆူနာမီရေလှိုင်းဝင်ရောက်ခြင်း စသည့် သဘာဝ ဘေးများအတွက် ကြိုတင်သတိပေးခန့်မှန်းချက်များကို အချိန်မီ ထုတ်ပြန်ပေးနိုင်ရန်အတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနသည်    ဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာနကို နေပြည်တော်တွင် ထူထောင်ထားရှိပါသည်။ 
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုကိုခံယူလျက် မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအမျိုးမျိုးတို့အတွက် ကြိုတင်သတိပေးချက်များ၊ ခန့်မှန်းချက်/ အခြေအနေသတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။ 
ထို့နောက် သက်ဆိုင်ရာလုပ်ငန်း/ဌာနများ၊ ဒေသဆိုင်ရာ အာဏာ ပိုင် အဖွဲ့အစည်းများသို့  အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြခြင်း၊ ပြည်သူလူထုကို  အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရန်   တရားဝင် ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ်များမှ ထုတ်လွှင့်ခြင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့မှတစ်ဆင့် ပြည်သူလူထုထံသို့ အချိန်မီရောက်ရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် သတိပေး ချက်/ ခန့်မှန်းချက်များကို အလိုအလျောက် ဖြေကြားသည့်စနစ်နှင့် လက်ကိုင်ဖုန်းများသို့ သတင်းတိုပေးပို့ခြင်းစနစ် (Short Message Service-SMS)တို့ဖြင့်  ပေးပို့ခြင်းများကို   အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မဖြစ်မနေလိုအပ်သည့် လူသား အရင်းအမြစ်များကို ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့နှင့် ပူးပေါင်း၍ မိုးလေဝသနှင့် ဇလဗေဒဘာသာရပ်များကို ဘွဲ့ဒီဂရီသင်တန်းများ ဖွင့်လှစ် ပို့ချခြင်းဖြင့် လည်းကောင်း၊ ဌာနတွင်း မွမ်းမံသင်တန်းများဖွင့်လှစ်ပို့ချ၍   လည်းကောင်း၊  နိုင်ငံတကာသို့  ပညာတော်သင်များအဖြစ် စေလွှတ်၍ နှစ်ရှည်လများ ပညာဆည်းပူးသင်ယူစေလျက်  မျိုးဆက် သစ်များ မွေးထုတ်ပေးလျက်ရှိသည်။ 
ထိုမျှသာမက   မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းခြင်းလုပ်ငန်း တိကျမှန်ကန်စေရေးသည်  သင်ယူရရှိလာသော စာတွေ့သင်ခန်းစာများ  မဖြစ်မနေလိုအပ်သကဲ့သို့ လုပ်ငန်းခွင်လက်တွေ့ကျွမ်းကျင်မှုများကိုပါ ပေါင်းစပ်ပြီးမှသာ မိုးလေဝသနှင့်  သဘာဝဘေးဆိုင်ရာ ခန့်မှန်းရေး လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်(World Meteorological Organization– WMO) သို့ ၁၉၅၀ ပြည့်နှစ်တွင် တရားဝင်အဖွဲ့ဝင်ဌာနတစ်ခုဖြစ်လာခဲ့ ပြီး အပူပိုင်း မုန်တိုင်းအဖွဲ့၏ တရားဝင်အသိအမှတ်ပြုဌာနတစ်ခုလည်း ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှာ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ် ကွန်ဗင်းရှင်းကို အတည်ပြုခဲ့ပြီးနောက်  ကမ္ဘာ့မိုးလေဝသအဖွဲ့ ချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အထူးပြုအဖွဲ့ကြီးတစ်ခုအဖြစ် စတင်ခဲ့ပြီး ယခုအခါ  အဖွဲ့ဝင်နိုင်ငံပေါင်း  ၁၉၃ နိုင်ငံဖြင့်   တစ်ကမ္ဘာ လုံးဆိုင်ရာ  မိုးလေဝသ၊   ရာသီဥတုလေ့လာရေးနှင့်  စောင့်ကြည့် တိုင်းတာရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ 
သဘာဝဘေးအန္တရာယ်ဆိုင်ရာ   ခန့်မှန်းရေးလုပ်ငန်းများကို   ဆောင်ရွက်ရာတွင်    မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အနေဖြင့်  ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ    အသိအမှတ်ပြုထားသော            မိတ်ဖက်ဒေသတွင်း မိုးလေဝသအထူးပြုစင်တာကြီးများမှ ခန့်မှန်း ချက်များကို   အသုံးပြုလေ့လာဆန်းစစ်မှုများပြုလုပ်သလို   မိမိဌာနပိုင်  သင်္ချာပုံစံပြုမော်ဒယ်များအသုံးပြု၍ မြန်မာ့ကမ်းရိုးတန်းဒေသအပါ အဝင် တစ်နိုင်ငံလုံးဖြန့်ကြက်တည်ထောင်ထားသော  မိုးလေဝသ တိုင်းတာရေးစခန်းများမှ တိုင်းတာရရှိသော အချက်အလက်များကို ထပ်မံပေါင်းစပ်ကာ  ခန့်မှန်းချက်များကို  ထုတ်ပြန်ပေးရပါသည်၊၊ ထို့ပြင် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူတို့၌  မုန်တိုင်းပြရေဒါများ တပ်ဆင်ထားရှိကာ မုန်တိုင်းခန့်မှန်းခြင်း၊  ဂြိုဟ်တုတိမ်ပုံဖမ်းစက် များဖြင့် တိမ်ပုံများဖမ်းယူရရှိပြီး ခေတ်မီနည်းစနစ်များဖြင့် ဘက်ပေါင်း စုံမှ  လေ့လာဆန်းစစ်ခြင်းများပြုလုပ်၍  ခန့်မှန်းချက်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။ 
“မိုခါ” (MOCHA)နှင့်ပတ်သက်၍ ကြိုတင်ခန့်မှန်းခြင်း
ယခုနှစ်မေလအတွင်း   ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ဖြစ်ပေါ်မှုသည် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အဆင့်ထိ အားကောင်းခဲ့ပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ  ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။  အဆိုပါအလွန့် အလွန်အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဖြစ်ပေါ်စဉ် ခန့်မှန်းချက်များထုတ်ပြန်ရာ၌ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ အသိအမှတ် ပြုထားသော ဒေသတွင်း မုန်တိုင်းအထူးပြုစင်တာကြီးများမှ ခန့်မှန်း ချက်များကို အသုံးပြုလေ့လာဆန်းစစ်မှုများ  ပြုလုပ်ခဲ့သည့်အပြင် မြန်မာ့ကမ်းရိုးတန်းဒေသအပါအဝင်    တစ်နိုင်ငံလုံး   ဖြန့်ကြက် တည်ထောင်ထားသော မိုးလေဝသတိုင်းတာရေးစခန်းများမှ တိုင်းတာ  ရရှိသော အချက်အလက်များကို အသုံးပြု၍ မိမိဌာနပိုင်သင်္ချာပုံစံပြု မော်ဒယ်များဖြင့် ခန့်မှန်းတွက်ချက်ခဲ့သည်။    


ထို့ပြင် ဌာနရှိ ရန်ကုန်၊  မန္တလေး၊ ကျောက်ဖြူရေဒါများမှရရှိသည့် မုန်တိုင်းပြရေဒါပုံရိပ်များ၊ ဂြိုဟ်တုတိမ်ပုံဖမ်းစက်များမှ ဖမ်းယူရရှိ သော ဂြိုဟ်တုတိမ်ပုံများကို    အသုံးပြု၍  ခေတ်မီနည်းပညာများဖြင့် ဘက်ပေါင်းစုံမှ    လက်တွေ့လေ့လာဆန်းစစ်ခြင်းများပြုလုပ်ကာ        ခန့်မှန်းချက်များကို ပြည်သူလူထုထံသို့ အချိန်နှင့်တစ်ပြေးညီ သတင်း မီဒီယာများမှတစ်ဆင့် မှန်ကန်စွာထုတ်ပြန်ပေးနိုင်ခဲ့သည်။
ယခုဖြစ်ပေါ်ခဲ့သော “မိုခါ” မုန်တိုင်းနှင့်ပတ်သက်၍ ကမ္ဘာလုံး ဆိုင်ရာ    မိုးလေဝသအချက်အလက်များကို   အသုံးပြုထားသော           သင်္ချာပုံစံပြုမော်ဒယ်များဖြစ်သည့် အင်္ဂလန်နိုင်ငံ European Centre for Medium-Range Weather  Forecasts (ECMWF)မော်ဒယ်၊ အမေရိကန်နိုင်ငံ National Hurricane Center မှ Global Forecasting Model (GFS)များနှင့် မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန Weather Research and Forecasting (WRF)မော်ဒယ် များဖြင့် တွက်ထုတ်ရရှိလာသော မုန်တိုင်းလမ်းကြောင်းအသီးသီးတို့ကို ဆန်းစစ်လေ့လာ၍ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်သည့် လမ်းကြောင်းများကို မုန်တိုင်းစတင်မဖြစ်ပေါ်မီကပင်  အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီ  အရေးပေါ် လုပ်ငန်းညှိ နှိုင်းအစည်းအဝေးတွင်  အသိပေးဆွေးနွေးတင်ပြခဲ့သည်။
ထိုသို့ခန့်မှန်းရာတွင်  တိုင်းထွာသည့်  အချိန်၊   အသုံးပြုသည့် Data တို့အပေါ်မူတည်ပြီး လမ်းကြောင်းအမျိုးမျိုးပြောင်းလဲနေခဲ့ရာ ၅-၅-၂၀၂၃ ရက်နေ့၌ ပုံ(၁)တွင် ဖော်ပြထားသည့်အတိုင်း ECMWF  မော်ဒယ်သည်   ရခိုင်ကမ်းရိုးတန်းကို     ကျောက်ဖြူမြို့အနီးမှ လည်းကောင်း၊ GFS  မော်ဒယ်သည်  ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံ မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တို့အကြား မှ လည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ WRF မော်ဒယ်သည်   ရခိုင်ကမ်းရိုးတန်းကို    စစ်တွေမြို့အနီးမှ လည်းကောင်း အသီးသီးဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း  တွေ့ရှိ ရမည်ဖြစ်ပါသည်။    
၉-၅-၂၀၂၃ ရက်နေ့၌ ပုံ(၂)တွင် ဖော်ပြထားသည့်အတိုင်း မုန်တိုင်း စတင်အစပျိုးချိန်တွင် မော်ဒယ်များအားလုံးမှ  ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ကော့ဘဇားနှင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းရှိ  ကျောက်ဖြူမြို့ အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
မော်ဒယ်(၃)ခု၏ တွက်ထုတ်ရရှိချက်များကို ခြုံငုံသုံးသပ်ရလျှင် မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏  WRF မော်ဒယ်သည် မိမိတို့နိုင်ငံ၏ ရာသီဥတု၊  မြေမျက်နှာသွင်ပြင်အနေအထားတို့နှင့်ကိုက်ညီသည့် မှတ်တမ်းအချက်အလက်များကိုထည့်သွင်းတွက်ထုတ်ထားသည့်အတွက်     မုန်တိုင်းစတင်မဖြစ်ပေါ်မီ ကာလမှသည်  မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ပြီးသည်အထိ  အမှန် တကယ်   ဖြတ်ကျော်ဝင်ရောက်ခဲ့သော    မုန်တိုင်းလမ်းကြောင်း            (ပုံ။ ၃(က)နှင့် (ခ)တို့တွင် ဖော်ပြထားသည့်အတိုင်း)နှင့် အနီးစပ်ဆုံး လမ်းကြောင်းကို  ခန့်မှန်းတွက်ချက်ရရှိခဲ့သည်ကို တွေ့ရှိရသည်။
 ထို့ကြောင့်  မြန်မာနိုင်ငံ  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ WRF မော်ဒယ်သည်     ကမ္ဘာလုံးဆိုင်ရာ   မိုးလေဝသ အချက်အလက်များဖြင့်   တွက်ချက်ရရှိသော    မော်ဒယ်များ၏မုန်တိုင်း လမ်းကြောင်း ခန့်မှန်းချက်များနှင့်နှိုင်းယှဉ်လျှင် မိမိနိုင်ငံနှင့် ကိုက်ညီ သည့်အချက်အလက်များအပေါ် ထည့်သွင်းတွက်ထုတ်ပြီး  ရရှိလာ သည့် မုန်တိုင်းလမ်းကြောင်းဖြစ်သည့်အတွက် အနီးစပ်ဆုံးမှန်ကန်မှု ရှိခဲ့သည်ကို သုံးသပ်တွေ့ရှိရပါသည်။
မုန်တိုင်းကာလများတွင် မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာအချက် အလက်များ၊ ခန့်မှန်းချက်များအား  Social  Media၊   ဝက်ဘ်ပေ့ချ် (Web Page) များမှတစ်ဆင့် လွယ်ကူစွာရယူပြီး  တိကျမှန်ကန်မှု မရှိသော ခန့်မှန်းချက်များကို ပြည်သူများထံသို့ လွယ်ကူစွာရေးသား ဖော်ပြခြင်း၊ လွယ်ကူစွာဖျက်သိမ်းပစ်ခြင်းတို့ကို   တွေ့ရှိခဲ့ရသည်။  ပြည်သူများ  စိုးရိမ်ထိတ်လန့်စေမည့်   ကောလာဟလသတင်းများ၊  နိုင်ငံတကာမှ မုန်တိုင်းနှင့်ပတ်သက်၍ စံသတ်မှတ်ထားသည့် အချက် အလက်များနှင့် ကိုက်ညီမှုမရှိဘဲ မှားယွင်းယူဆချက်များဖြင့် ရေးသား မှုများကိုလည်း တွေ့ရှိခဲ့ရပါသည်။ 
ဥပမာအားဖြင့်ဖော်ပြရလျှင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကာလ၌ မုန်တိုင်းအမြွှာ နောက်ဆက်တွဲတစ်ခု   ထပ်မံဝင်ရောက်မည်ဟူသောကောလာဟလကြောင့် လူအများ ထိတ်လန့်ခဲ့ရဖူးပါသည်။  အလားတူ ၂၀၂၂ ခုနှစ်   မတ်လတွင် ဖြစ်ပေါ်ခဲ့သော  မုန်တိုင်း(02B/2022)သည် အားကောင်းသော မုန်တိုင်းငယ်အဆင့်သို့သာရောက်ရှိခဲ့ပြီး အမည် ပေး မုန်တိုင်းအဆင့်သို့  ရောက်ရှိခြင်းမရှိခဲ့သည့်အတွက် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့်   မုန်တိုင်းအမည်ပေးရန် အလှည့်ကျသည့် သီရိလင်္ကာနိုင်ငံမှ အဆိုပြုထားသော “Asani” အမည် ကို သတ်မှတ်သုံးစွဲခဲ့ခြင်းမရှိသေးသော်လည်း ခန့်မှန်းချက်များကို အလွတ်သဘောထုတ်ပြန်နေသူများက    ဆိုရှယ်မီဒီယာများတွင် “Asani” မုန်တိုင်းဟု ခေါ်ဝေါ်သုံးစွဲခဲ့ခြင်းများကို တွေ့ရှိခဲ့ရသည်။ 
ယခု အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဖြစ်ပေါ်ခဲ့ချိန်တွင်လည်း မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ရန် နီးကပ်ချိန် များတွင် မုန်တိုင်းလမ်းကြောင်း ပြောင်းလဲနိုင်သည်ဆိုသော ကောလာ ဟလများပေါ်ထွက်ခဲ့ခြင်း၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ အသိအမှတ်ပြု ထားခြင်းမရှိသော  လွတ်လပ်စွာဝင်ရောက်ကြည့်ရှုနိုင်သည့်  Social Media ၊ ဝက်ဘ်ပေ့ချ်(Web Page)များမှ အချက်အလက်များဖြင့်သာ အလွတ်သဘောရေးသားဖော်ပြနေခြင်းမှာ   ပြည်သူလူထုအတွက် “ဆေးမဖြစ်စေဘဲ ဘေးဖြစ်စေနိုင်” သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
“မိုခါ” (MOCHA)နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ခဲ့မှု
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” နှင့် ပတ်သက်၍   မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  မိုးလေဝသတိုင်းတာရေး စခန်းများမှ အချိန်နှင့်တစ်ပြေးညီ   တိုင်းထွာရရှိသည့် တိကျသော မြေပြင်မိုးလေဝသအချက်အလက်များ၊ အထက်လေကြောင်းတိုင်းထွာ ချက်များ၊ ဂြိုဟ်တုတိမ်ပုံများ၊  မိုးလေဝသရေဒါမှဖမ်းယူရရှိသည့် ပုံရိပ်များနှင့်  သင်္ချာပုံစံပြုမော်ဒယ်များမှ   တွက်ထုတ်ရရှိသည့် ခန့်မှန်း ချက်များ  စသည့် ခိုင်မာသောအချက်အလက်များအပေါ် အခြေခံ၍  တိကျမှန်ကန်သော  သတိပေးချက်များကို    အချိန်နှင့်တစ်ပြေးညီ ကြိုတင်သတိပေးထုတ်ပြန်နိုင်ခဲ့သလို   နိုင်ငံတော်အစိုးရအနေဖြင့် လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ၏ ဦးဆောင်မှု၊ လုပ်ငန်းကော်မတီများ၏  ကြိုးပမ်းဆောင်ရွက်မှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း များ၏  ပူးပေါင်းပါဝင်မှု၊  သဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန ဖြစ်သည့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ပေးသည့်သတင်းများကို အသံလွှင့်မီဒီယာများမှတစ်ဆင့် သဘာဝ ဘေးဆိုင်ရာ  အသိပညာပေးရေးလုပ်ငန်းများ  ကြိုတင်ဆောင်ရွက် ထားရှိမှု၊ ဒေသခံပြည်သူများ၏ လိုက်နာဆောင်ရွက်မှုများမှာ အချိုး ညီညီ အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် မုန်တိုင်း အန္တရာယ်ကြောင့်   ထိခိုက်သေကျေပျက်စီးမှုများစွာ လျော့ကျခဲ့သည် ကို လက်တွေ့ပြသနိုင်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထုတ်ပြန်ချက်၊ သတိပေးချက်များနှင့် ဆက်စပ်၍ ဆိုရှယ်မီဒီယာများမှ အလွတ်သဘော ထုတ်ပြန်ချက်များကို အပြည့်အဝယုံကြည်မှုမပြု ကြဘဲ နိုင်ငံ၏တရားဝင်ထုတ်ပြန်ခွင့်ရှိသော မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ    ထုတ်ပြန်ချက်များကိုသာ    ယုံကြည်စွာ စောင့်ကြည့်သင့်ပါသည်။ သို့မှသာ တရားမဝင် ကောလာဟလများကို ရှောင်ရှားနိုင်ပြီး     မလိုလားအပ်သော  စိုးရိမ်ထိတ်လန့်မှုများကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။  ထို့ပြင်   အမျိုးသားသဘာဝဘေး         အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏    လမ်းညွှန်မှုနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအလိုက် ဖွဲ့စည်းထား သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၏ ကြီးကြပ် လမ်းညွှန်မှုများကို    လိုက်နာဆောင်ရွက်ခြင်းဖြင့်    သဘာဝဘေး အန္တရာယ်အသွယ်သွယ်မှ ဘေးကင်းနိုင်စေရေး အထူးသတိပြုဂရုစိုက် ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။        ။