
ရန်ကုန် ဇန်နဝါရီ ၂၆
၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် လယ်သမားကြီးများအား စိုက်ပျိုး စရိတ် ၂၅ ဧကအထိ ပေးနိုင်ရန် ဆွေးနွေးနေကြောင်း ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်သည့် ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ယွန်းလျှံ လယ်ယာအထောက် အကူပြုစခန်းတွင် ကျင်းပသည့် နွေစပါးရာသီ ကန်ထရိုက် လယ်ယာတောင်သူများသို့ ပုလဲ ဓာတ်မြေဩဇာ ထောက်ပံ့ခြင်း နှင့် သဘာဝသစ်စိမ်းမြေဩဇာ စနစ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြား သည်။
“ကျွန်တော်တို့ လယ်သမား ကြီးတွေကို စိုက်ပျိုးစရိတ်ချေးငွေ ရရှိဖို့ စိုက်/ဘဏ်က ၁၀ ဧကအထိ ထုတ်ပေးတာရှိတယ်။ ၁၀ ဧက အထက် လယ်သမားများက မိသားစုတွေနဲ့ခွဲပြီး လုပ်တာလည်း ရှိပါတယ်။ ဒါ့ကြောင့် လယ်သမား ကြီးတွေကို စိုက်ပျိုးစရိတ် ၂၅ ဧက အထိ လာမယ့်မိုးစပါးရာသီမှာ စတင်ပြီးပေးဖို့ ဆွေးနွေးနေတဲ့ အနေအထားရှိပါတယ်။ တစ်နိုင်ငံ လုံး အတိုင်းအတာ မပေးနိုင်ရင် တောင်မှ ဧရာ၀တီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် ကို စပြီးပေးဖို့ နိုင်ငံတော်အစိုးရ ကလည်း သဘောတူထားတာရှိ ပါတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
“သဘာဝသစ်စိမ်းမြေဩဇာ ဘာကြောင့်ဆောင်ရွက်ဖို့ လိုအပ် လာပြီလဲဆိုတော့ ကမ္ဘာလုံး ဆိုင်ရာ ဓာတ်မြေဩဇာရဲ့ဈေးနှုန်း ဟာ လက်ရှိရော အနာဂတ်မှာပါ တက်ရိပ်ပဲရှိတယ်။ ဒါ့ကြောင့် မလွဲမသွေ ဓာတ်မြေဩဇာသုံးစွဲမှု ကို လျှော့ချနိုင်ဖို့၊ ဓာတ်မြေဩဇာ ကို မှီခိုပြီးတော့ စိုက်ပျိုးရတာကို လျှော့ချနိုင်ဖို့အတွက် သဘာ၀ သစ်စိမ်းဓာတ်မြေဩဇာ ပိုက်ဆံ လျှော်ကို စိုက်ပျိုးခြင်း ဆောင် ရွက်ဖို့ စတင်အားထုတ်ရခြင်း ဖြစ်ပါတယ်။ သဘာ၀သစ်စိမ်း မြေဩဇာကို သုံးစွဲခြင်းအားဖြင့် ဓာတ်မြေဩဇာ သုံးစွဲရမှုထက်ဝက် ဒါမှမဟုတ် ထက်ဝက်မက လျှော့ချနိုင်တဲ့ အခြေအနေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝသစ်စိမ်း မြေဩဇာကနေ ရရှိမယ့် နိုက်ထရိုဂျင်ဓာတ်သည် Chemical ဖြစ်တဲ့ ပုလဲဓာတ်မြေ ဩဇာကနေရရှိတဲ့ နိုက်ထရိုဂျင် ဓာတ်ထက် သဘာဝက ရတာဖြစ် တဲ့အတွက်ကြောင့်မို့ ထွက်ရှိလာ တဲ့ သီးနှံတွေအပေါ်မှာ အာဟာရ အရည်အသွေးဟာ ပိုပြီးတော့ မြင့်မားလာမှာ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ စိုက်ပျိုးစရိတ် မြင့်တက်မှုကို ဒီနည်းလမ်းနဲ့ ကုစားဖို့ တောင်သူတွေနဲ့ ပူးပေါင်း လက်တွဲပြီးတော့ ကြိုးပမ်းတာဖြစ် ပါတယ်” ဟု လယ်ယာအထောက် အကူပြုစခန်း ရှေ့ပြေးစီမံကိန်း ဥက္ကဋ္ဌ ဦးအောင်မျိုးဦးက ပြောသည်။
လက်ရှိတွင် သဘာဝသစ်စိမ်း မြေသြဇာစနစ် ဆောင်ရွက်လျက် ရှိသည့် လယ်ယာအထောက်အကူ ပြုစခန်း ရှေ့ပြေးစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင် ခဲ့ပြီး စီမံကိန်းဧရိယာ (၁)အနေဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ရေတာရှည်မြို့နယ် သပြေ တန်းကျေးရွာတွင် လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဧရိယာ (၂) အား ဒိုက်ဦးမြို့နယ်တွင် လည်းကောင်း၊ ဧရိယာ (၃) အနေဖြင့် သာယာဝတီ ခရိုင် သာယာဝတီမြို့နယ် ရှမ်းစု ကျေးရွာတွင် လည်းကောင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တင်စိုး