
ရန်ကုန် အောက်တိုဘာ ၂၂
မိုးစပါးပေါ်ချိန်သို့ ရောက်ရှိလာပြီး ရောင်းလို အားများပြားလာသည့်အတွက် ရန်ကုန်ဆန် ဈေးကွက်အတွင်း ဆန်ဈေးအနည်းငယ် အေးနေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
“စက်တင်ဘာလကုန်လောက်က စပြီး နယ်စုံကနေ ရန်ကုန်ကို ဆန်အဝင်များလာ တယ်။ ဆန်ဈေးတွေလည်း နည်းနည်းချင်း အကျဘက်ရောက်လာတယ်။ စက်တင်ဘာလ ကုန်က ရန်ကုန်ဈေးကွက်ကို ဆန်အိတ်ရေ ငါးသောင်းလောက် ဝင်ခဲ့တယ်ဆိုရင် အောက်တိုဘာပထမပတ်မှာဆိုရင် ဆန်အိတ် တစ်သိန်းလောက်အထိ ဝင်လာတဲ့အတွက် ဈေးက အတက်ဘက်ကို မသွားတော့တာပါ”ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ကုန်သည် ဦးမြင့်ဌေးက ပြောသည်။
“လက်လီရောင်းတဲ့ ဆိုင်ငယ်လေးတွေ မှာတော့ ဆန်ဈေးက မကျသေးတာမျိုးတွေ တွေ့နေရတယ်။ ဆိုင်လေးတွေအထိလိုက်ပြီး ဈေးကွက်ထိန်းချုပ်ဖို့ကျတော့လည်း မလွယ်ဘူး ဆိုတော့လေ။ တချို့ဒိုင်ကြီးတွေမှာတောင် ဆန်အမျိုးအစားတိုင်း ဈေးကျသွားတာမျိုးတော့ မဟုတ်ပါဘူး။ ဈေးချရောင်းလို့ရတဲ့ ဆန် အမျိုးအစားတချို့ပဲ ဈေးကျသွားတာပါ။ ဈေးအေးသွားတယ်လို့ ပြောရင်တော့ ပိုမှန်တာ ပေါ့။ ဒေါ်လာဈေး ပြန်တက်လာတာကို စောင့်နေသူတွေလည်း ရှိပါတယ်” ဟု ဆန်ကုန်သည်က ဆက်ပြောသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ငါးသိန်းခွဲဝန်းကျင် တင်ပို့ထားပြီး ဆန်ကွဲတန်ချိန် ၄၃၀၀၀၀ ကျော်လည်း တင်ပို့ ထားကြောင်း မြန်မာဆန်စပါးအသင်းချုပ်မှ သိရသည်။
နန်းထက်ထက်ချစ်