
မိတ္ထီလာ အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ် ဆင်စလွယ် - ဥယျာဉ် ကျေးရွာချင်းဆက် လမ်းပေါ်၌ အရှည် ပေ ၁၄၀ ၊ အကျယ် ၁၈ ပေရှိ သံကူကွန်ကရစ်၊ သံပေါင် အမျိုးအစား ရတနာမဉ္ဇူတံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
မိတ္ထီလာမြို့နယ် မွေကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများနှင့် အနီးပတ်ဝန်းကျင် ကျေးရွာမှ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အတွက် အသုံးပြုလျက်ရှိသော ရတနာမဉ္ဇူတံတားမှာ မိုးသည်း ထန်စွာ ရွာသွန်းပြီး ချောင်းရေ တိုက်စား၍ ကျိုးကျပျက်စီးခဲ့ သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် အရှည် ပေ ၁၄၀၊ အကျယ် ၁၈ ပေ ရှိ တံတားသစ်ကို စက်တင်ဘာ ၁ ရက်မှစတင်၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန(တံတား တည် ဆောက်ရေးအဖွဲ့) နေပြည်တော် က တာဝန်ယူ တည်ဆောက်နေ ခြင်းဖြစ်ကာ ဒီဇင်ဘာလကုန်တွင် အပြီးတည်ဆောက်မည် ဖြစ် ကြောင်း တံတားတည် ဆောက် ရေး တာဝန်ခံထံမှ သိရသည်။
အဆိုပါ ရတနာမဉ္ဇူတံတား သည် ၂၀၁၉ ခုနှစ်က တစ်ကြိမ် ပြိုကျခဲ့၍ ရတနာမဉ္ဇူကျောင်း ဆရာတော် ဦးစီးပြီး ရတနာထွန်း သီးနှံမျိုးစုံ ရောင်းဝယ်ရေးနှင့် စေတနာရှင် အလှူရှင်များ စုပေါင်းကာ အရှည် ပေ ၁၈၀ ၊ အကျယ် ၁၂ ပေရှိ သံကူကွန်ကရစ် တံတားအဖြစ် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရာမှ ယခုနှစ် ဇူလိုင် ၁၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တံတား၏ ဘိုးပိုင်တစ်လုံးပြိုကျကာ တံတား ကျိုးကျပျက်စီးခဲ့ကြောင်း၊ ယင်း တံတားသည် ကျေးရွာ ၂၂ ရွာမှ ပြည်သူများ မြို့ပေါ်သို့ဆက်သွယ် သွားလာနေရသည့် မြို့တက်လမ်း ပေါ်မှ တံတားဖြစ်၍ တံတား ကျိုးကျ ပျက်စီးနေချိန်တွင် ပြည်သူများအနေဖြင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း မွေကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော် ဇောထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)