မြိတ်မြို့ သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက် သီတဂူဆရာတော်က အလှူတော်ငွေကျပ် သိန်း ၅၀၀ လှူဒါန်း

 

မြိတ်   နိုဝင်ဘာ   ၁၈


တနင်္သာရီတိုင်းဒေသကြီး    မြိတ်မြို့   တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံ ထိန်းသိမ်းဆောင်ရွက်ရေး ရန်ပုံငွေအတွက် သီတဂူ ဆရာတော်မှ အလှူတော်ငွေကျပ်သိန်း ၅၀၀ ကို ယနေ့ နံနက်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ လှူဒါန်း သည်။

 


အဆိုပါဆေးရုံ   ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်ဩဝါဒါစရိယ ကမ္ဘာ့သာသနာပြု ရွှေကျင်နိကာယ    သာသနာပိုင်၊    သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့်  သီတဂူဆေးရုံများ၏  အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု         အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊    အဂ္ဂမဟာပဏ္ဍိတ   မဟာဓမ္မကထိက ဗဟုဇန   ဟိတဓရ   ဒေါက်တာအရှင်ဉာဏိဿရ ကိုယ်စား    တနင်္သာရီတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကိုက    အလှူတော်ငွေကျပ်သိန်း      ၅၀၀ ပေးအပ်ရာ ဆေးရုံတော်စီမံစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လက်ခံရယူသည်။

 


ထို့နောက်   သီတဂူဆရာတော်   ဒေါက်တာ အရှင်ဉာဏိဿရ က မြိတ်မြို့ရှိ ဆရာတော်များနှင့် ဆေးရုံစီမံစောင့်ရှောက်ရေးအဖွဲ့အား ဆေးရုံအလုပ် အမှုဆောင်ကော်မတီကို      စနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်ကြရန် မိန့်ကြားသည်။ မြိတ်မြို့ သီတဂူ ဇီဝိတဒါန, စက္ခုဒါနဆေးရုံကို  ယမန်နေ့က ဖွင့်လှစ် ခဲ့ပြီး  ဆေးရုံအတွင်း ရဟန်း၊  ရှင်၊  လူ ပြည်သူများ အား   အထူးကုဆရာဝန်ကြီးများက  မျက်စိရောဂါ ဝေဒနာများကို    အခမဲ့စမ်းသပ်ခွဲစိတ်    ဆောင်ရွက် ပေးလျက်ရှိသည်။

 


မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါနဆေးရုံကို သီတဂူဆရာတော် ဦးဆောင်မှုဖြင့် (၇)ရက်သားသမီး အလှူရှင်များ စုပေါင်းလှူဒါန်းငွေကျပ် သိန်း ၄၅၀၀ ကျော်နှင့်   ဆေးရုံအတွင်း  တပ်ဆင်အသုံးပြုရန် သီတဂူဆရာတော်ကြီး လှူဒါန်းသည့် စက်ပစ္စည်း တန်ဖိုး   အမေရိကန်ဒေါ်လာ   တစ်သိန်းခွဲတို့ဖြင့် တပ်ဆင်တည်ဆောက်ထားခြင်းဖြစ်ပြီး   ဆေးရုံ ထိန်းသိမ်းဆောင်ရွက်ရန်  ရန်ပုံငွေအတွက်   သီတဂူ ဆရာတော်က အလှူတော်ငွေ ထပ်မံလှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်