
မာန်အောင် ဇန်နဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် မာန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဈေးတန်း)သို့ရောက်ရှိပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
တွေ့ဆုံ
ထို့နောက် အဆိုပါကျောင်းခန်းမ၌ ခရိုင် ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ မာန်အောင်မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ကျောင်းများအလိုက် ပညာတတ် ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဆရာ ဆရာမများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်း သင်ကြားပေးကြစေလိုပါ ကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေး အတွက် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများအား စစ်တွေတက္ကသိုလ်မှ ဘာသာရပ်အလိုက် ရက်တို မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ရေး စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြည်နယ် ပညာ ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးညီညီ ညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဆရာ ဆရာမ များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက ပြန်လည်ဆွေးနွေးဖြေကြား၍ သင်ကြား သင်ယူရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ရေ၊ မီးနှင့် ကျောင်းဆောင်စသည့် လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မာန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောက်တန်းရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၊ သာယာကုန်းရွာ အခြေခံပညာ အထက် တန်းကျောင်း၊ ဆားချက် အခြေခံပညာအထက်တန်း ကျောင်းနှင့် ပလင်ကျေးရွာ အခြေခံပညာ အလယ် တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်