
ရန်ကုန် ဒီဇင်ဘာ ၂၃
မီးသွေးဖုတ်လုပ်ငန်းကို အပြောင်းအလဲဖြစ်စေနိုင် မည့် မီးသွေးကို စီးပွားဖြစ်ထုတ်လုပ်နိုင်သော စက်အမျိုးအစားတစ်မျိုးကို ပြည်တွင်းလုပ်ငန်းရှင် တစ်ဦးက တီထွင်ထုတ်လုပ်ကာ ရောင်းချနေကြောင်း စုံစမ်းမေးမြန်းချက်များအရ သိရသည်။
အဆိုပါ စက်ကို ဦးကိုဦးဆိုသည့် လုပ်ငန်းရှင်က တီထွင်ဖန်တီးရောင်းချနေခြင်းဖြစ်ကာ တစ်နိုင် တစ်ပိုင် မီးသွေးဖုတ်လုပ်ငန်းကို လုပ်ကိုင်နိုင်မည် ဖြစ်သည်။ လောင်စရာပစ္စည်း မည်သည့်ပစ္စည်းမဆို မီးသွေးအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သိရကာ ၁ဝ နာရီအတွင်း တစ်တန်ထွက်သော မီးသွေးဖုတ်ဖိုအသေးစားကို မြန်မာငွေကျပ် ၂၅ သိန်း မှစ၍ ဝယ်ယူနိုင်ကြောင်း သိရသည်။
“အလုပ်လုပ်ပုံအနေနဲ့ဒီစက်က ဘယ်နေရာက ပစ္စည်းကိုမဆို မီးသွေးဖြစ်အောင် လုပ်ပေးတယ်။ ထင်းတစ်ခုသာမဟုတ်တော့ဘဲ လောင်စရာပစ္စည်း မှန်သမျှ မီးသွေးဖြစ်တယ်လေ။ မီးရှို့လို့ရတဲ့ ပစ္စည်း မှန်သမျှ သစ်ရွက်ခြောက်ကအစ ရတယ်” ဟု အဆိုပါ စက်ကိုဖန်တီးသူဦးကိုဦးက ပြောပြသည်။
၎င်းအနေဖြင့် စပါးခွံလောင်စာတောင့်သုံး Gasifier အမျိုးအစားကိုလည်း တီထွင်ထားပြီး စိတ်ဝင်စားသူများပြားနေကြောင်း၊ ၎င်းဖန်တီးမှုများ သည် ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် အထက်ပါ မီးသွေးစက်ကို ဝယ်ယူသူများလည်း ရှိနေကြောင်း သိရသည်။
MT