မီဒီယာအဆိပ်သင့်တဲ့ပြည်

Type
44


 

 

ပြည်ထောင်စုသားတစ်ဦး
 

မဟုတ်မမှန်လုပ်ကြံသတင်းတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်ချိမှုတွေနဲ့  မီဒီယာအဆိပ်သင့်မှု  အများဆုံးခံနေရတဲ့ တိုင်းပြည်ကို   ပြပါဆိုရင်   အရှေ့တောင် အာရှက မြန်မာပြည်ကို ညွှန်ပြရမလိုပါပဲ။ အခြားနိုင်ငံတွေလည်း မီဒီယာအဆိပ်သင့်မှု အနည်းနဲ့အများတော့ ခံနေရတာပါပဲ။  
ကျွန်တော်တို့နိုင်ငံမှာ  တိတိကျကျဆိုရရင်တော့ ၁၉၈၈  ခုနှစ်  အရေးအခင်းကာလမှာ BBC ၊ VOA၊  All India ရေဒီယိုအသံလွှင့်ဌာနတို့က မြန်မာပြည်ကို မီဒီယာ အဆိပ်ခတ်ခဲ့ရာကစပြီး အဆိပ်သင့်ခဲ့ရတာ ယခုဆို နှစ်ပေါင်း ၃၀ ကျော်လာခဲ့ပြီလို့ ဆိုရမှာပါ။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ  အစိုးရခေတ် မှာ နှစ်ပေါင်းများစွာ  ရိုးအီနေတဲ့  သတင်းတင်ဆက်မှု တွေ၊ စိုးရိမ်လွန်ကဲမှုကြောင့် အရေးမပါတဲ့  သတင်း ကအစ  သတင်းအမှောင်ချခဲ့မှုတွေ၊   တုံ့ပြန်ချက် ဖင့်နွှဲ့နှောင့်နှေးမှုတွေ၊    ဗဟိုဦးစီးစနစ်ချုပ်ကိုင်မှု ကြောင့်  သတင်းစီးဆင်းမှု လေးလံနှေးကွေးမှုတွေ ကြောင့် နိုးကြားတက်ကြွတဲ့ ပြည်သူအများစုဟာ ပြည်ပအသံလွှင့်ဌာနတွေကိုပဲ အားကိုးလာခဲ့ကြ တယ်။ ရိုးသားတဲ့မြန်မာပြည်သူ အများစုဟာလည်း ပြည်ပသတင်းဌာနတွေရဲ့  ထုတ်လွှင့်ချက်မှန်သမျှ ဟာ အမှန်ပဲလို့ တစ်ထစ်ချပုံသေကားချပ် ယုံကြည်  ယူဆခဲ့ကြပါတယ်။
သို့မို့ကြောင့် ပြည်ပသတင်းဌာနအချို့ရဲ့ အမှန် ထက်ဝက်၊  မမှန်ထက်ဝက်၊ ဖုံးတစ်ဝက်၊  ဖော်တစ် ဝက်ဆိုတဲ့ “Card Stacking” ဆိုတဲ့ ပဉ္စလက်သတင်း ဖော်ပြနည်းတွေ၊ နှတ်ကြောင်းပေးသွေးထိုးလှုံ့ဆော် မှုတွေ၊ “Name Calling”ဆိုတဲ့ တည်ဆဲအစိုးရတစ်ရပ် အပေါ်      အများပြည်သူက     အမုန်းကြီးမုန်း၊ အကြောက်ကြီးကြောက်ပြီး    ရွံကြောက်ကြီးဖြစ် လာစေရန်  ပြစ်တင်ရှုတ်ချ  အပုပ်ချနည်းတွေစတဲ့ နည်းလမ်းပေါင်းစုံကို မြန်မာပြည်သူ အများစုဟာ သတိမမူနိုင်ခဲ့ကြဘူး။
မီဒီယာကျင့်ဝတ်နဲ့မညီတဲ့    မီဒီယာအချို့ရဲ့ အဆိပ်ခတ်မှုတွေဟာ  တဖြည်းဖြည်းစုပြုံ များပြား လာတာနဲ့အမျှ  ၁၉၈၈ ခုနှစ် အရေးအခင်းကာလ အတွင်း  အစိုးရရဲ့  အစွမ်းကုန်လိုက်လျောပေးမှု တွေဟာလည်း  ရေပေါ်အရုပ်ရေးသလို အရာမထင် ဖြစ်ခဲ့ရတယ်။
ကလောင်ပေါင်းစုံနဲ့ဝိုင်းပြီးထိုးဆွ
မြွေပူရာကင်းမှောက်၊    ဘူးလေးရာဖရုံဆင့်ဆို သလို အရေးအခင်းကာလမှာ ခါတော်မီ  သတင်းစာ တွေ၊ သတင်းလွှာတွေကလည်း  ပလူပျံအောင်ထွက်ရှိ လာခဲ့ပြီး  အများစုက  အင်အားချည့်နဲ့ပြီး မလှုပ် နိုင်တော့တဲ့   မဆလအစိုးရကို    အညှာအတာကင်းမဲ့ စွာ    ကလောင်ပေါင်းစုံနဲ့   တစ်ဖက်သတ်  ဝိုင်းပြီး ထိုးဆွခဲ့ကြပြန်ပါတယ်။
နိုင်ငံ့အရေးအတွက်   ပူပန်မှုရှိတဲ့   “ဆရာဝန် တစ်ဦး”ဆိုတဲ့   ကလောင်ရှင်တစ်ဦးက “မီးဟုန်း ဟုန်းတောက်တော့မည့်  မြန်မာပြည်”  ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်ရှိအခြေအနေအပေါ်  စဉ်းစား ဆင်ခြင်နိုင်ဖို့      ဆောင်းပါးတစ်ပုဒ်    ရေးသားပြီး    သူ့ဆောင်းပါးကို   သတင်းစာတိုက်တွေက    အသုံး ပြုဖော်ပြပေးဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်အယ်ဒီတာ ကမှ လက်မခံခဲ့ကြပါဘူး။ သို့မို့ကြောင့်   ထိုဆောင်း ပါးရှင်ဟာ သူ့စရိတ်နဲ့သူ   အစောင်သုံးလေးရာခန့်ကို  ဖြစ်တဲ့နည်းနဲ့    ထုတ်ဝေဖြန့်ချိခဲ့ရပါတယ်။    အရေး အခင်း နောက်ပိုင်းမှာ   သူသတိပေး   ရေးသားခဲ့သလို ပါပဲ။   မြန်မာပြည်ဟာ    ဆူပူအကြမ်းဖက်မှုတွေ၊ လုယက်မှုတွေ၊     ခေါင်းဖြတ်သတ်ဖြတ်မှုတွေနဲ့  မီးဟုန်းဟုန်းတောက်လောင်ခဲ့ရပါတယ်။  
၁၉၈၈   အရေးအခင်းနောက်ပိုင်း တပ်မတော် အစိုးရလက်ထက်မှာတော့  ပြည်ပ  သတင်းမီဒီယာ များရဲ့ မီဒီယာအဆိပ်ခတ်မှုတွေကို  တုံ့ ပြန်ချေဖျက် တဲ့အနေနဲ့ “မီဒီယာကို မီဒီယာနဲ့တိုက်”ဆိုပြီး တုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။ ပြည်ပအသံလွှင့်ဌာန အချို့ရဲ့ မဟုတ်မမှန် လုပ်ကြံသတင်းတွေအပေါ်ကို လည်း တုံ့ဆိုင်းတွေဝေမှုမရှိဘဲ နိုင်ငံပိုင်မီဒီယာက တစ်ဆင့်   သတင်းစာရှင်းလင်းပွဲတွေ၊   ပညာပေး ရေးသားမှုတွေနဲ့ ချက်ချင်းလက်ငင်း  တုံ့ပြန်ဆောင် ရွက်ခဲ့ပါတယ်။      ပြည်တွင်းမျက်နှာစာမှာလည်း စာပေစိစစ်ရေးနဲ့  မှတ်ပုံတင်ဌာနကို   ပြည်ထဲရေး ဝန်ကြီးဌာနအောက်မှာထားရှိပြီး   ပုံနှိပ်မီဒီယာကို တင်းကျပ်စွာ ထိန်းချုပ်ထားခဲ့တယ်။  သို့ပေမယ့် ပြည်ပမီဒီယာများရဲ့ ထိုးဖောက်မှုကို အလုံးစုံလွှမ်းခြုံ မကာကွယ်နိုင်ခဲ့ပါဘူး။
မီဒီယာလွတ်လပ်ခွင့်ဆောင်ရွက်ပေး
သမ္မတဦးသိန်းစိန်  အစိုးရခေတ် ၂၀၁၀-၂၀၁၅ မှာတော့  မြန်မာ့မီဒီယာ တစ်ခေတ်ပြန်လည်ဆန်း သစ်လာခဲ့ပါတယ်။  သမ္မတဦးသိန်းစိန်ဟာ  ပြောင်း လဲလာတဲ့ခေတ်စနစ်နဲ့အညီ     ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက်    မီဒီယာပြုပြင်ပြောင်းလဲ ရေးနဲ့ မီဒီယာလွတ်လပ်ခွင့်ကိုပါ  ပြင်ဆင်ဆောင်ရွက် ပေးခဲ့ပါတယ်။  ကနဦးမှာ စာပေစိစစ်ရေးလုပ်ထုံး လုပ်နည်းများကို ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်းမှာ ဖျက်သိမ်းခဲ့တဲ့အထိ      ဆောင်ရွက်ပေးခဲ့သလို နှစ်ပေါင်းများစွာ ပိတ်ပင်ခံခဲ့ရတဲ့  ပုဂ္ဂလိက သတင်း စာတွေကိုလည်း    ပြန်လည်ထုတ်ဝေခွင့်ပြုပေးခဲ့ ပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရခေတ် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို     အကဲဖြတ်ကြည့်ရင်   တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူနိုင်ငံတို့ထက် သာလွန်တဲ့    အနေအထားတစ်ခုရောက်အောင် ကာလတိုအတွင်း  ဆောင်ရွက်နိုင်ခဲ့တာကို တွေ့မြင် ရပါလိမ့်မယ်။
တစ်ဖက်မှာလည်း ပြည်သူသန်းပေါင်းများစွာကို မိုဘိုင်းလ်ဖုန်းများ ကိုင်ဆောင်သုံးစွဲခွင့်ရအောင်ဆောင်ရွက်ပေးခဲ့တဲ့အတွက်  လူမှုကွန်ရက်စာမျက် နှာပေါ်မှာ  လူတိုင်းလွတ်လပ်စွာ ရေးသားဖော်ပြခွင့် တွေ ရရှိလာခဲ့ကြတယ်။
သို့ပေမယ့်  မြန်မာ့မီဒီယာ လောကအတွင်းမှာ အခွင့်အရေးနဲ့တာဝန်ခံမှု၊ တာဝန်ယူမှု  ချိန်ဆကျင့် သုံးမှုအပိုင်းမှာ   အားနည်းခဲ့ပါတယ်။  သတင်းမီဒီယာ သမားအချို့ဟာ  သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အသုံးချပြီး   ပုဂ္ဂိုလ်ရေး   ထိုးနှက်တိုက်ခိုက်မှု၊ ဘက်လိုက်မှုတွေကို  လုပ်ဆောင်ခဲ့ကြသလို  ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ        အစွန်းရောက်နေသူများကလည်း  ကျင့်ဝတ်၊   သိက္ခာပိုင်းကိုနားမလည်ဘဲ   ဖေ့စ်ဘွတ် လူမှုကွန်ရက်   စာမျက်နှာပေါ်ကတစ်ဆင့် သမ္မတ ဦးသိန်းစိန်နဲ့အစိုးရအဖွဲ့ကို  ပုဂ္ဂိုလ်ရေးထိုးနှက်ချက် တွေ၊ ရိုင်းစိုင်းစော်ကားစွာ ရေးသားမှုတွေ၊ တစ်ဖက် သတ်ဝါဒဖြန့်ချိမှုတွေနဲ့  ဘက်ပေါင်းစုံက ထိုးနှက် တိုက်ခိုက်ခဲ့ကြပြန်ပါတယ်။  
တကယ်တော့  ဦးသိန်းစိန်အစိုးရရဲ့  ပြုပြင် ပြောင်းလဲရေး   လုပ်ငန်းစဉ်အချို့ဟာ အမျိုးသား နိုင်ငံရေးမှာတော့    သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူ နိုင်ခဲ့ပါသော်လည်း  ပါတီနိုင်ငံရေးမှာတော့  ကိုယ့် တုတ်နဲ့ကိုယ်  ပြန်အရိုက်ခံခဲ့ရရှာတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
NLD    အစိုးရလက်ထက်မှာတော့   ပြည်တွင်း သတင်းမီဒီယာအများစုဟာ     ဦးသိန်းစိန်    အစိုးရ လက်ထက်ကလို   လက်စောင်းသိပ်မထက်ကြတော့ ပါဘူး။  “ပြည်သူ့ အစိုးရ” ဆိုတဲ့  နာမဝိသေသန အောက်က  ရုန်းထွက်ဖို့   ခက်ခဲနေကြပုံရပါတယ်။ သို့ကြောင့်မို့  သူတို့ရဲ့ပစ်ကွင်းဟာ  တပ်မတော်ဘက် ကို ဦးတည်လာခဲ့ပါတယ်။ ယခင်က အတိတ်‌ဇာတ် ကြောင်း တချို့ကို ဇာတ်ကြောင်းပြန်လှန်ဖော်ပြပြီး လက်ရှိတပ်မတော်အဖွဲ့အစည်းကို       ထိုးနှက် တိုက်ခိုက်လာကြပြန်ပါတယ်။
NLD   အစိုးရဟာ  ပြည်တွင်းသတင်းမီဒီယာ အချို့ရဲ့    ထိုးနှက်တိုက်ခိုက်မှုအချို့ကို   ပြင်းပြင်း ထန်ထန်   တုံ့ပြန်အရေးယူမှုလုပ်ပြခဲ့သလို  လူမှု ကွန်ရက်စာမျက်နှာထက်က    ထိုးနှက်မှုတွေကို တားဆီးနိုင်ဖို့ ဘီလီယံပေါင်းများစွာ အကုန်အကျခံ ပြီး   ပိတ်ဆို့ကာကွယ်   တားဆီးမှုတွေကိုလည်း ဆောင်ရွက်ခဲ့ပါသေးတယ်။ 
လူ့အခွင့်အရေးကိစ္စထိုးနှက်
သို့ပေမယ့် ပြည်ပမီဒီယာတွေရဲ့အဆိပ်ခတ်မှုနဲ့ ထိုးနှက်မှုတွေကိုတော့      မတားဆီးနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက် ပြီး   အများဆုံးထိုးနှက် တိုက်ခိုက်ခံခဲ့ရပြန်ပါတယ်။ လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး ထိုးနှက်တိုက် ခိုက်ခံရမှုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပြယုဂ် အဖြစ်   အများကထင်မှတ်ယူဆထားခဲ့တဲ့  NLD အစိုးရအဖို့   ခံရခက်စရာ  ဒဏ်ရာဒဏ်ချက်တစ်ခုလို့ဆိုရမှာပါပဲ။ 
လက်ရှိ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရခေတ်မှာတော့  ပြည်တွင်း ပြည်ပ မီဒီယာအချို့သာမက     လူမှုကွန်ရက်စာမျက်နှာ ထက်က   မီဒီယာအဆိပ်ခတ်မှုတွေဟာ   ပိုမိုပြင်း ထန်လာခဲ့ပါတယ်။
မဟုတ်မမှန်လုပ်ကြံသတင်းတွေ၊    တစ်ဖက် သတ်ဖော်ပြထားတဲ့ သတင်းတွေ၊  အမှန်ထက်ဝက်၊ မမှန်ထက်ဝက်၊ ဖုံးထက်ဝက်၊  ဖော်ထက်ဝက် စတဲ့ ပုံဖျက်သတင်းတွေ၊  ဝါဒဖြန့်ချိမှုတွေ၊ သွေးထိုး လှုံ့ဆော်မှုတွေဟာ တစ်နေ့တစ်နေ့မရိုးနိုင်အောင် အရှိန်အဟုန် မြင့်တက်လာခဲ့ကြောင်းပါ။
အထူးသဖြင့် ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက် နှာပေါ်ကတစ်ဆင့်  အကြမ်းဖက် အဖွဲ့အစည်းများ နဲ့ အစွန်းရောက်သူများရဲ့ ဝါဒဖြန့်ချိမှုများဟာ ရိုးသားတဲ့    ပြည်သူအများစုနဲ့     ဘဝအတွေ့အကြုံ နုနယ်သေးတဲ့     လူငယ်အချို့ကို လမ်းမှားတွန်းပို့နေသလိုဖြစ်နေခဲ့ပါတယ်။
လူမှုကွန်ရက်စာမျက်နှာထက်မှာ  သူတို့အများ ဆုံးအသုံးပြုနေတဲ့ ဝါဒဖြန့်ချိရေး နည်းလမ်းတစ်ခု ကတော့   “Bandwagon”ဆိုတဲ့   ဘေးတီးပေး တဲ့နည်းပါပဲ။  သဘောကတော့  “လူတိုင်းလိုက်လုပ် နေကြပြီ”ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်အောင်ဖြန့် ချိပေးတဲ့   နည်းလမ်းဖြစ်ပါတယ်။ လူတစ်ဦးချင်း စီရဲ့စိတ်ထဲမှာ  သူတကာတွေတောင်လုပ်နေကြပြီ၊  ငါလည်းလုပ်မှပဲဆိုတဲ့  စိတ်ဓာတ်မျိုးဖြစ်ပေါ်လာ အောင်  ဘေးတီးပေးခြင်းပဲဖြစ်ပါတယ်။ သံပုံးတီး ကြတဲ့ဖြစ်စဉ်တွေ၊ “Silent Strike”ဆိုတဲ့ တိတ်ဆိတ် ငြိမ်သက်ခြင်းသပိတ်ဖြစ်စဉ်တွေဟာ    ဘေးတီး ပေးတဲ့   ဝါဒဖြန့်ချိမှုရဲ့     အကျိုးဆက်တွေသာဖြစ် ကြောင်းပါ။ 
နောက်ထပ် ဝါဒဖြန့်ချိမှုနည်းလမ်းတစ်သွယ် ကတော့ “Transfer”ဆိုတဲ့  တံဆိပ်အငှားသုံးနည်း တစ်ရပ်ပါပဲ။                        
အများပြည်သူ    ကြည်ညိုလေးစားတဲ့   ပုဂ္ဂိုလ်၊   သို့မဟုတ်   အဖွဲ့အစည်းကို   ရှေ့တန်းတင်  အသုံး ချပြီး   ထိုပုဂ္ဂိုလ်၊  ထိုအဖွဲ့အစည်းကပဲ   မိမိတို့အား  ထောက်ခံအားပေးနေပြီဆိုတဲ့    သဘောသက် ရောက်အောင် ကြော်ငြာတဲ့ ဝါဒဖြန့်ချိရေးနည်းလမ်း ပဲ ဖြစ်ပါတယ်။  အချို့စာရေးဆရာ၊ သတင်းစာဆရာ နဲ့ အနုပညာရှင်များဟာ အများပြည်သူရဲ့ စိတ်အာရုံ ကို  အဆွဲဆောင်နိုင်ဆုံး    ပုဂ္ဂိုလ်များဖြစ်ကြတဲ့အတွက် ဝါဒဖြန့်ချိသူတွေဟာ     မြန်မာပြည်မှာ    ဖြစ်ခဲ့သမျှ အရေးအခင်းတိုင်းလိုလိုမှာ      သူတို့တစ်တွေကို ကိုယ့်ဘက်ပါအောင်      စည်းရုံးဆွဲဆောင်ပြီး  ကြော်ငြာတံဆိပ်ကပ်လေ့ရှိပါတယ်။
တကယ်တော့ အဆိပ်ဆိုတာ သက်ရှိသတ္တဝါ တွေရဲ့  အရေးကြီး  အင်္ဂါအစိတ်အပိုင်းတွေကို ဖျက်ဆီးတတ်သလို     မီဒီယာအဆိပ်အတောက် ဟာလည်း  တိုင်းပြည်တစ်ပြည်ရဲ့   အသက်သွေး ကြောတစ်ခုဖြစ်တဲ့       အမျိုးသားသွေးစည်း ညီညွတ်ရေးကို ဖြိုခွဲဖျက်ဆီးစေနိုင်ပါတယ်။  အဆိပ် မိနေတဲ့    သက်ရှိသတ္တဝါများဟာ  မလှုပ်နိုင်၊  မရှား နိုင်၊    အားနည်းချည့်နဲ့ပြီး   နောက်ဆုံးလုံးပါးပါး   သေဆုံးရတတ်သလို     မီဒီယာအဆိပ်သင့်နေတဲ့     တိုင်းပြည်တစ်ပြည်ဟာလည်း    အမျိုးသားရေး အားမာန်တွေ၊   စည်းလုံးညီညွတ်မှုတွေ  တဖြည်း ဖြည်း    လုံးပါးပါးချည့်နဲ့လာပြီး      အဆုံးတစ်နေ့မှာ ကျရှုံးနိုင်ငံအဖြစ်  ဆိုက်ရောက်သွားတတ်ပါတယ်။
မြန်မာပြည်သူတွေ  အသိတရား၊ သတိတရားကို လက်ကိုင်ထားပြီး မျက်စိကိုဖွင့် နားကိုစွင့်ထားကြဖို့ လိုပါပြီ။ မီဒီယာအဆိပ်သင့်မှုကို ကာကွယ်တားဆီး နိုင်တဲ့    တစ်ခုတည်းသောအရာကတော့  နိုင်ငံချစ် စိတ်၊ မျိုးချစ်စိတ်ဆိုတဲ့  အမျိုးသားရေး  ကိုယ်ခံအား ကောင်းမွန်ဖို့သာ လိုရင်းဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။      ။