
ရန်ကုန် မတ် ၂
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာန ချုပ်အနေဖြင့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးစသည့် ဘေးအန္တရာယ်များအား အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက် နိုင်ရန် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်တွင်ရှိသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ Com-mand and Control Center မှ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နေ ကြောင်း သိရသည်။
Command and Control Center အား ၂၀၁၁ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေ ၅ ရက်တွင် လုပ်ငန်းတာဝန်များကို စတင် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ် အတွင်း ရှိ မြို့နယ်တို့တွင် မီးဘေးနှင့် သဘာဝ ဘေးအန္တရာယ်များကို လျင်မြန်စွာသိရှိနိုင်ရန် e-Wat- ching Tower System ဖြင့် CCTV ကင်မရာ ၁၆ လုံးကို ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများနှင့် Tower များတွင် တပ်ဆင်ထားပြီး ထိုကင်မရာများမှာ ၃၆၀ ဒီဂရီ လှည့်လည် ကြည့်ရှုနိုင်သည့် အပြင် အပေါ်/အောက် ၈၀ ဒီဂရီ နှင့် Zoom ချုံ့/ချဲ့အဆ ၃၀ ပြုလုပ် နိုင်သောကြောင့် Command and Control Center မှ ၂၄ နာရီ စောင့်ကြည့်နိုင်မှုဖြင့် မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ် နိုင်မှုကို အထောက်အကူဖြစ်စေ လျက်ရှိသည်။
ဆောင်းအကုန် နွေအကူး သို့ စတင်ဝင်ရောက်လာချိန်တွင် မီးဘေးအန္တရာယ်ကို အထူးဂရုပြု ရန်လိုအပ်ပြီး မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့အနေဖြင့် မီးလောင်မှု ဖြစ်ပေါ်လာပါက ထိခိုက်နစ်နာ ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တွင် နိုင်ငံတစ်ဝန်း မီးလောင်မှု အကြိမ် ၁၅၀ ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၄၀၀၀ ကျော်၊ ဖေဖော် ဝါရီလတွင် မီးလောင်မှု ၂၅၄ ကြိမ် ဖြစ်ပွား၍ ငွေကျပ်သိန်းပေါင်း ၉၀၀၀ ကျော်ဖြင့် ထိုနှစ်လတွင် မီးလောင်မှုကြောင့် ငွေကျပ်သန်း ၁၄၂၀ ခန့်ဆုံးရှုံးခဲ့ကြောင်း မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်မှုအရ သိရသည်။
“မနှစ်ကထက်ဒီနှစ် ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီမှာ မီးလောင်မှု ကြောင့် ဆုံးရှုံးမှုတန်ဖိုးများလာ တယ်။ မြို့ပြဖွံ့ဖြိုးမှုနဲ့ စက်မှုဇုန်ဖွံ့ဖြိုးမှုများလာမှုဟာ မီးလောင်မှု အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ တယ်။ နှစ်စဉ် မီးလောင်မှုအကြိမ် ၂၀၀၀ ကျော် ဖြစ်လေ့ရှိတာကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံမှာ နှစ်စဉ် ဘီလီယံ နဲ့ချီပြီးဆုံးရှုံးနေတယ်လို့ ဆိုရ မယ်။ ဒါကြောင့် ဆုံးရှုံးမှုတတ်နိုင် သမျှ လျှော့ချဖို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေနဲ့ ကြိုးပမ်း နေပါတယ်။ ပြည်သူလူထုပူးပေါင်း ပါဝင်တဲ့ မီးဘေးလုံခြုံရေးစနစ် လည်းလိုတယ်။ စက်ရုံတွေ မီးဘေးကြုံရင် ပိုပြီးနစ်နာဆုံးရှုံး မှုကို ရင်ဆိုင်ရတာကြောင့် ဆုံးရှုံး ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာန ချုပ်ရဲ့Command and Control Center က အချိန်နဲ့တစ်ပြေးညီ တာဝန်ထမ်းဆောင်နေပါတယ်” ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောသည်။
မီးဘေးအန္တရာယ်တွင် စက်ရုံ များနှင့် အထည်ချုပ်စက်ရုံများ မီးလောင်မှုသည် နိုင်ငံတော်၊ လုပ်ငန်းရှင်နှင့် အလုပ်သမားတို့ အတွက် နစ်နာဆုံးရှုံးမှုများဖြစ်ရာ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီ ၅၄ မိနစ်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန်(၄)ရှိ အထည်ချုပ်စက်ရုံ နှင့် ညနေ ၆ နာရီ ၁၀ မိနစ် တွင် ဒဂုံမြို့သစ်စက်မှုဇုန်(၂)ရှိ လက်အိတ်စက်ရုံ၊ မတ် ၁ ရက် နံနက် ၅နာရီ ၄၅ မိနစ်က လှိုင်သာယာမြိုနယ် ငွေပင်လယ် စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ မီးလောင်မှုတို့သည် အလုပ်ရှင်နှင့် အလုပ်သမားများ နစ်နာဆုံးရှုံး မှုများ ရင်ဆိုင်ခဲ့ရသည့်အပြင် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှု များဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ်ကို စုပေါင်းကာကွယ်ရန် မြန်ဆန် စွာ ၁၉၁ သို့ ဖုန်းဖြင့်အသိပေး ဆက်သွယ်မှုနှင့်အတူ ထိခိုက် နစ်နာမှု အနည်းဆုံးဖြစ်စေရန် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ ဝင်များက တာဝန်ထမ်းဆောင် လျက်ရှိကြောင်း၊ ထိုသို့ တာဝန် ထမ်းဆောင်နိုင်ရန် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Command and Control Center မှ မီးဘေး အန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်များကို ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ ၂၄ နာရီ ကြီးကြပ်ကွပ်ကဲ ထမ်းဆောင်နေ ကြောင်း သိရသည်။
သတင်း-ညိမ်းသူ၊ ဓာတ်ပုံ - ကနူး